အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက်အခြမ်းမှာ ပြင်းအား အဆင့် ၄ ရှိတဲ့ Florence ဟာရီကိန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ပြည်နယ် ၃ ခုဖြစ်တဲ့ Virginia၊ တောင်နဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်တွေမှာ အရေးပေါ် အခြေနေတွေ ထုတ်ပြန်ထားပါတယ်။ အားပြင်းမုန်တိုင်း သက်ရောက်နိုင်တဲ့ နေရာတွေရဲ့ အခြေနေကို သိရအောင် အဲဒီဒေသတွေမှာနေထိုင်တဲ့ မြန်မာတွေကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်အခြမ်းမှာ Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေပြီး ဟာရီကိန်းမုန်တိုင်း အဆင့်က ၄ ဖြစ်ပါတယ်။ လက်ရှိမှာ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ ရွေ့လျားနေတဲ့ မုန်တိုင်းရဲ့ လမ်းကြောင်းဟာ အနောက်- အနောက်မြောက် အရပ်ဖြစ်တဲ့ အမေရိကန် အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိရာ ဦးတည်လာနေပြီး လေတိုက်နှုန်းက တနာရီကို မိုင် ၁၃၀ နှုန်း လောက် ရှိနေပါတယ်။
ဒါ့ကြောင့် အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Virginia ပြည်နယ်၊ တောင်နဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေမှာ အရေးပေါ်အခြေအနေတွေ ထုတ်ပြန်ထားပြီး ဒေသခံ တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဆော်သြထားပါတယ်။
မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper က အခုလို Florence ဟာရီကိန်းမုန်တိုင်းဟာ နှစ်ပေါင်း ၆၀ အတွင်း အကြီးမားဆုံး ဖြစ်ပြီး ဒီမုန်တိုင်းရဲ့ အန္တရာယ်ဟာ သိပ်ကို ကြီးမားတဲ့ အတွက် ဘေးကင်းရာ ခိုလုံကြဖို့ သတင်းစာရှင်းလင်းပွဲမှာ အခုလို သတိပေးခဲ့တာပါ။
"ဒီမုန်တိုင်းက ပါလာမယ့်မိုးက သိပ်ပြီးတော့ပြင်းထန်မှာဖြစ်ပါတယ်။ အဲဒါကြောင့်လူတွေဘေးကင်းရာကို ရွေ့ပြောင်းနေထိုင်ကြဖို့ လိုပါတယ်။ ဘေးကင်းရာရောက်သွားနိုင်ဖို့အချိန်မှီဆောင်ရွက်သွားဖို့လိုပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်သားတွေအနေနဲ့ အချင်းချင်းကူညီနေကြပါတယ်။ မိသားစုတွေ ၊ မိတ်ဆွေတွေက ထွက်ပြေးခိုလုံကြသူတွေကို ကြိုဆိုလက်ခံနေပါတယ်။ တချို့က ဟိုတယ်တွေမှာ နေထိုင်ကြပါတယ်။ မုန်တိုင်းကနီးသထက်နီးလာနေပါပြီ။ အဲဒါကြောင့် အချိန်ရှိတုန်း ဘေးကင်းရာရောက်အောင်ခိုလုံကြပါ။ အပူပိုင်းမုန်တိုင်းလေပြင်းတွေ တိုက်ခိုက်လာတော့မှာမို့ လူတွေအခု ထွက်ပြေးခိုလုံကြဖို့ လိုပါတယ်။"
ဟာရီကိန်းမုန်တိုင်း Florence ဟာ တနာရီကို မိုင် ၁၃၀ ကျော် နှုန်းနဲ့ တိုက်ခတ်နေပြီး အားပိုပြင်းလာနိုင်တယ်လို့ NHC အမျိုးသား ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။ ဒီမုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ သီတင်းပတ် အတော်ကြာဖြစ်နိုင်သလို မိုးရေချိန်က ၁၁ လက်မကနေ လက်မ ၂၀ လောက်အထိ ရွာသွန်းနိုင်တယ်လို့လည်း ကြေညာထားတာပါ။ ဒါ့ကြောင့် ဒေသခံတွေ ရေ နဲ့ စားနပ်ရိက္ခာတွေ စုဆောင်းနေကြတာ ဖြစ်ပါတယ်။
Viginia ပြည်နယ် တောင်ဘက် မြောက်ကာရိုလိုင်းနား ပြည်နယ်ထဲက Chalotte မြို့မှာ နေထိုင်တဲ့ ကိုဇေယျာကတော့ သူတို့နေတဲ့နေရာဟာ ကမ်းရိုးတန်းနဲ့ သိပ်မနီးပေမယ့် ကုန်းတွင်းပိုင်းကို သောကြာနေ့လောက် ရောက်လာနိုင်တာမို့ အာဏာပိုင်တွေက သတိပေးချက်တွေ မပြတ်ပို့ပေးနေတယ်လို့ ပြောပါတယ်။
“ကျနေ်ာတို့နေတဲ့ ဒီ Chalotte ကတော့ တကယ့်ကို Direct Hit area ထဲမှာတော့မပါဘူးလို့ထင်တာပေါ့နော်။ အဓိက သူတို့ထင်တဲ့နေရာတွေကတော့ east Cost Line တွေပေါ့ ဒါတွေကတော့ သူတို့ အခုတော့ Evacuation area လို့ သတ်မှတ်ပြီးတော့ လူတွေအကုန်လုံးကိုစပြီးတော့ ရုံးတွေ၊ ကျောင်းတွေ အကုန်ပိတ်တယ်။ သူတို့ Evacuate လုပ်ပြီးတော့ ကျန်တဲ့မြို့တွေကို ရွေ့ခိုင်းတာပေါ့နော်။ ကျနော်သိသလောက်ကတော့ ဒီနေ့ကတည်းက စပြီးပိတ်လိုက်ပြီ charleston တို့ Coastal lineတို့ဘာတွေအကုန်လုံးကိုပိတ်လိုက်ပြီ သူတို့ဒီ Highway တွေဆိုရင်လည်း One way လုပ်လိုက်ပြီ ။ အထွက်ပဲရှိတော့တာပေါ့နော်။ ကုန်းတွင်းပိုင်းကို အကုန်လုံးရွေ့ခိုင်းတာပေါ့နော် လူတွေအကုန်လုံးကို ကမ်းခြေမှာရှိတဲ့ တော်တော်များများကိုတော့ Evacuation လုပ်ထားခိုင်းပြီ။ Warning တွေလာပြီး ဘာတွေလုပ်ထားသင့်သလဲဆိုတာတွေကို သက်ဆိုင်ရာဌာနတွေကနေ Email တွေလာတယ်။”
ဒီလိုအရေးပေါ်အခြေနေထုတ်ပြန်ထားတဲ့ Virginia ပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းက Viginia Beach မြို့ကလေးမှာ နေထိုင်သူ မရွှေရည်ဝင်းကတော့ ဒေသတွင်းကျောင်းတွေ ပိတ်ထားလိုက်ပြီး ဒေသခံတွေဟာ စားနပ်ရိက္ခာတွေ စုဆောင်းနေကြသလို အတော်လည်း စိတ်ပူနေကြတယ်လို့ ပြောပါတယ်။
“ ရေတော့ တက်နေတာပေါ့နော် ဒါပေမယ့် လူတွေကတော့ အခု Norfolk ဘက်ကလူတွေကတော့ နည်းနည်းစိုးရိမ်နေတာပေါ့။ ကျောင်းတွေကတော့ ပိတ်လိုက်ပြီ။ ဒီနေ့ မနက်ကစပြီးတော့ University တွေရော Public School တွေရောအကုန်လုံး ပိတ်လိုက်ပြီ။ ပိတ်ပြီးတော့ University က ကျောင်းသူကျောင်းသားတွေကိုတော့ ထွက်ခိုင်းလိုက်ပြီပေါ့နော်။ ပြီးတော့ ဓါတ်ဆီဆိုင်တွေဆိုရင် အရမ်းကို ကျပ်တာမှ ဓါတ်ဆီဆိုင်တိုင်းမှာ အပြည့်အကျပ်ဖြစ်နေတယ်ပေါ့နော်။ ကျောင်းတွေဘာတွေရော အကုန်ပိတ်တော့ အကုန်လုံးက အိမ်မှာပဲ ရှိနေတဲ့သဘောမှာရှိတာပေါ့နော်။ ကလေးတွေအကုန်ကျောင်းပိတ်ထားတော့ တော်တော်များများက ရုံးတွေကလည်း စောဆင်းပေးလိုက်တာဖြစ်နေပြီ။ Beach မှာက ကားတွေက အရမ်းကျပ်နေတယ် local မှာလည်းကျပ်တယ်၊ Highway မှာလည်း အရမ်းကျပ်နေတယ်။"
Florence မုန်တိုင်းဟာ တနင်္ဂနွေနေ့ မတိုင်ခင်အထိ အပူပိုင်းမုန်းတိုင်းတခုအသွင် အားပျော့နေပေမယ့် အတ္တလန်တိတ်သမုဒ္ဒရာ တောင်ပိုင်းက ပူနွေးတဲ့ရေပြင်မှာ ရွေ့လျားသွားရင် အားပြင်းတဲ့ ဟာရီကိန်းအသွင် ဆောင်လာတာဖြစ်ပါတယ်။ အခုအခါမှာ ဒီမုန်တိုင်းဟာ Bermuda နဲ့ Bahamas ကြားကိုရောက်လာခဲ့ပြီး အမေရိကန်အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို ကြာသပတေးနေ့လောက်မှာ ဝင်ရောက်နိုင်သလို ဒါဟာသိပ်ကို အန္တရာယ်ကြီးတဲ့ ဟာရီကိန်းမုန်တိုင်းကြီးတခုဖြစ်ကြောင်း မိုင်ယာမီမှာရှိတဲ့ NHC အမျိုးသား ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။
လက်ရှိမှာ Virginia ပြည်နယ်၊ တောင်နဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေအတွက် ပြည်နယ်အုပ်ချုပ်ရေးမှုးတွေက အရေးပေါ်အခြေအနေတွေ ထုတ်ပြန်ထားပြီးဖြစ်သလို မြောက်ဖက် New Jersey ပြည်နယ်အထိ အရှေ့ပိုင်းကမ်းရိုးတန်းတလျှောက် ပြည်နယ်တွေမှာ နေထိုင်သူတွေအတွက်လည်း မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ တောင်နဲ့ မြောက် ကာရိုလိုင်းနားပြည်နယ်တွေအတွက် ထုတ်ပြန်တဲ့အရေးပေါ်အခြေနေ ကြေညာချက်ကို အင်္ဂါနေ့မှာပဲ လက်မှတ်ရေးထိုး ပေးခဲ့တာပါ။
အမေရိကန် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းနဲ့ ဝန်းကျင် ဒေသတချို့မှာ Florence မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသည့်တိုင် မိုးအကြီးအကျယ် ရွာသွန်းနိုင်တဲ့ အန္တရာယ်ရှိကြောင်းလည်း ကြေညာထားပါတယ်။