ဘင်္ဂလားဒေ့ရှ် လက်ယာစွန်းယိမ်း အစွန်းရောက် ရာနဲ့ချီတို့ဟာ ဒီကနေ့မှာ လက်နက်ချကြပါမယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၉၇ နောက်ပိုင်း အကြီးကျယ်ဆုံး လက်နက်ချမှုလည်း ဖြစ်ပါတယ်။
စစ်သွေးကြွ အယောက် ၆၀၀ ကျော်ဟာ သူတို့ရဲ့ လက်လုပ် သေနတ်တွေနဲ့ လက်နက်တွေကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲအရာရှိတွေဆီ တရားဝင် ပေးအပ်မယ့် အခမ်းအနားကို အားကစားကွင်းတခုမှာ ကျင်းပမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်သွေးကြွတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆံ့နိုင်ဖို့ အစိုးရအနေနဲ့ ကူညီပေးသွားမယ့်အကြောင်း မတည်ငြိမ်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်း Pabna ပြည်နယ် ရဲမှူး Sheikh Rafiqul Islam က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အနောက်ပိုင်းဒေသတွေမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာ ၁၉၇၀ ပြည့်နှစ်တွေကတည်းကပါ။ ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက အစိုးရကို ဆန့်ကျင်မှုလို လက်ယာစွန်းယိန်း လှုပ်ရှားမှုတွေလည်း လက်တလော ဖြစ်ပွားခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒီလူတွေကို အစွန်းရောက်တွေလို့ သတ်မှတ်ထားပြီး နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေကို ကြံစည် သတ်ဖြတ်မှုအတွက် အပြစ်တင်ထားသလို လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရဲတွေကို သေစေအောင် တိုက်ခိုက်မှုတွေဟာလည်း သူတို့ လက်ချက်လို့ သတ်မှတ်ထားပါတယ်။
၁၉၉၇ ခုနှစ်တုန်းကတော့ မြန်မာနယ်စပ် စစ်တကောင်းတောင်ပေါ်က ထောင်နဲ့ချီတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့တာ ဖြစ်ပါတယ်။