မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ အလုပ်သမားရေးရာ အခြေအနေတွေ တိုးတက်မှုရှိမရှိ အကဲဖြတ်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကား (Luis CdeBaca) ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံ ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာတော့ လူကုန်ကူးမှု ပြဿနာတွေဟာ အရင်ကထက် ကြီးထွားလာနေတယ်လို့ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ကလည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆိုးရွားနေဆဲဖြစ်တဲ့ လူကုန်ကူးမှုပြဿနာကို ကိုယ်တိုင် သွားရောက် လေ့လာနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကား ဟာ မြန်မာနိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ခရီးစဉ်အတွင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နဲ့အတူ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်မှာလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့တွေအပြင် နိုင်ငံတကာအဖွဲ့တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ပါ တွေ့ဆုံသွားမှာဖြစ်ပြီး အမေရိကန် အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေမှာ ဘယ်လို ကူညီသွားနိုင်မလဲ ဆိုတဲ့အပေါ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ သံအမတ်ကြီး လူးဝစ် ဒီဘာကား တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂစီမံချက် (UNIAP) ကတော့ သံအမတ်ကြီး လူးဝစ် ဒီဘာကား ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်တဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။
“Ambassador လည်း ရောက်နေတယ်၊ ဒါ ကျမတို့ မြန်မာနိုင်ငံကိုလည်း TIER rating တွေ စပေးကတည်းကလည်း လူကိုယ်တိုင် ဒီလိုမျိုး လာပြီး visit လုပ်တာမရှိဘူး။ နောက်တစ်ခါကျတော့ civil society organization (လူထုအခြေပြု လူမှုအဖွဲ့အစည်း) တွေနဲ့ရော၊ victim (တွေ့ကြုံခံစားရသူ) တွေ၊ လုပ်နေတဲ့အဖွဲ့တွေနဲ့ရော၊ အစိုးရနဲ့ရော တွေ့ဆုံနိုင်တဲ့ အခွင့်အရေးက အရင်တုန်းက တစ်ခါမှမရခဲ့ဘဲနဲ့ အစီရင်ခံစာတွေ အပေါ်မှာပဲ အမှီပြုနေခဲ့ရတာပေါ့နော်။ ဒါပေမဲ့ အခုကျတော့ သူကိုယ်တိုင် လာပြီးတော့ တွေ့မယ်ဆိုတဲ့ အခါကျတော့ အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီးကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောပြီးတော့မှ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း ယူသွားမယ်လို့တော့ ကျမတို့ မျှော်လင့်ပါတယ်။”
UNIAP ရဲ့ စီမံချက်ညှိနှိုင်းရေးမှူး မဥမ္မာအိအိချော ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကနေ နှစ်စဉ်ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို သတ်မှတ်တဲ့ TIER အဆင့် ၃ ဆင့်ရှိပြီး အဆင့် (၁) ကတော့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတဲ့အဆင့်၊ (၂) ကတော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေမဲ့ စောင့်ကြည့်ရတဲ့အဆင့်နဲ့ (၃) ကတော့ - လုံးဝကို ကိုင်တွယ် ဖြေရှင်းခြင်းမရှိတဲ့ အဆင့်ဆိုပြီး သတ်မှတ်ထားတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ TIER (၃) အဆင့်မှာ ၁၀ နှစ်ဆက်တိုက် ထည့်သွင်းခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။
လူကုန်ကူးခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေအပြင် မလေးရှားနိုင်ငံတွေမှာ အဓမ္မအလုပ်ခိုင်းစေမှုနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာ လူကုန်ကူးခံနေကြရတာ ဖြစ်ပါတယ်။ UNIAP ရဲ့ စာရင်းအရကတော့ ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးခံရမှု အခြေအနေဟာ အနည်းငယ် လျော့ကျသွားခဲ့တယ်လို့ မဥမ္မာအိအိချော က အခုလို ပြောပါတယ်။
“ကျမတို့ကတော့ forced marriage (အတင်းအဓမ္မ အိမ်ထောင်ချပေးမှု) နဲ့ပတ်သက်လို့ ဖမ်းဆီးရမိတဲ့ဟာနဲ့ ကယ်တင်လိုက်နိုင်တဲ့သူတွေရဲ့ အရေအတွက်တော့ ကျသွားပါတယ်။ ထိုင်းနဲ့ပတ်သက်လို့ကလည်း ပြောင်းရွှေ့ လုပ်ကိုင်တာတွေကတော့ အရင်တုန်းကလိုပဲ ရှိနေတာပေါ့နော်။ ဒါပေမဲ့လို့ အဲဒါတွေက နည်းကျသွားတယ် လို့တော့ ကျမတို့ ပြောလို့မရဘူး။ အရေအတွက်အားဖြင့်တော့ cross-border case (နယ်စပ်ဖြတ်ကျော် ဖြစ်ပွားမှု) က ၁၃၃ ခုရှိတယ်။ ပြီးတော့မှ ဘယ်သူဘယ်ဝါဆိုပြီး ပြောနိုင်တဲ့ လူကုန်ကူးသူက ၃၅၁ ယောက်၊ ဖမ်းမိတဲ့ လူကုန်ကူးသူက ၂၃၁ ယောက်၊ လွတ်မြောက်နေသေးတဲ့ လူကုန်ကူးသူက ၁၂၀ နဲ့ ပြန်ပြီးတော့ ကူညီပေးတဲ့သူက ၁၇၇ ယောက်ဆိုတော့၊ ခံရတဲ့သူ အရေအတွက် ကလည်း နည်းနည်းတော့ ကျသွားတာတွေ့ရတယ်။ လူကုန်ကူးတဲ့ဖြစ်ရပ်တွေကလည်း ဒီနှစ်ထဲမှာတော့ မနှစ်ကထက်စာရင်တော့ လျော့နည်းသွားတာကို တွေ့ရတယ်။ ဒီလိုမျိုး အရေးယူနိုင်တဲ့ဖြစ်ရပ်တွေ လျော့နည်းသွားတာကိုပဲ သုံးသပ်လို့ရတာပေါ့နော်။ ဆိုတော့ ဒီဘက်က တကယ်ပဲ နည်းသွားလား၊ လျော့သွားလား၊ အရင်အတိုင်းပဲ ဆက်ရှိနေသေးတာလား ဆိုတာကတော့ သူ့ရဲ့ လူကုန်ကူးမှုရဲ့ သဘောတရား အရကတော့ ကျမတို့ဆီမှာ အချက်အလက်နဲ့တကွ စုဆောင်းနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ဖော်ထုတ်နိုင်တဲ့ဖြစ်ရပ်တွေကိုတော့ သုံးသပ်လို့ရတာပေါ့နော်။ ဒါပေမဲ့ အကြမ်းဖျင်းကတော့ အရင်ကထက် ပိုပြီးတော့ တိုးတက်လာတယ်။”
ဒါပေမဲ့လည်း စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ စဖြစ်ကတည်းက လူကုန်ကူးမှုပြဿနာဟာ အရင်ကထက် ပိုဆိုးရွားလာခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) က ပြောခွင့်ရသူ ဒေါ်ရှယ်လီဆိုင်း က ပြောပါတယ်။
“စစ်ဖြစ်နေတယ်ဆိုတော့ ဒုက္ခသည်စခန်းတွေမှာက တိုင်းပြည်အခြေအနေ မငြိမ်တော့ အလုပ်တွေရှာရင်းနဲ့ တရုတ်နယ်စပ်တွေမှာ အလုပ်ရှာပြီး လူကုန်ကူးခံရတဲ့ကိစ္စတွေ ဖြစ်နေတဲ့ဟာတွေ ရှိနေတယ်။ လူကုန်ကူးမှု ဖြစ်နေတာများနေတယ်။ အန်တီတို့ ဒီနှစ်ဆိုရင် ကလေး ၁၀ ယောက်တောင် ကယ်လိုက်ရတယ်လေ။”
ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောခွင့်ရသူ ဒေါ်ရှယ်လီဆိုင်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒီဘာကား ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံကနေ မထွက်ခွာခင်မှာ ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့လည်းရှိပါတယ်။