မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ဖိနှိပ်တဲ့ဥပဒေတွေ ပြင်ဆင်ဖို့လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီတွေဟာ ဆက်စပ်နေတယ်လို့ HRW ကပြောဆိုတဲ့အပေါ် မြန်မာ့ အရေး လေ့လာသုံးသပ်သူတွေကြား ကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
အရပ်သားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေကိုအသုံးပြုပြီး ဖမ်းဆီးထောင်ချနေတာကို ရပ်ပစ်ဖို့နဲ့ အဲဒီဥပဒေတွေကို ဖြည့်စွက် ပြင်ဆင်ဖို့လိုကြောင်း ဖေဖော်ဝါရီ ၁ ရက် နေ့မှာ ထုတ်ပြန်လိုက်တဲ့ HRW ရဲ့အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။
“ဖျက်ဆီးခံလိုက်ရသည့် မျှော်လင့်ချက်များ” ဆိုတဲ့ HRW ရဲ့ အစီရင်ခံစာထဲမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်ကို ပြန်ကြည့်ရင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် စုဝေးသူတွေကို ရာဇဝတ်ကြောင်းဆိုင်ရာ ပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူနေတာတွေ ရှိနေဆဲပဲလို့ ထောက်ပြထားပါတယ်။ HRW ရဲ့အစီရင်ခံစာဟာ လက်တွေ့အခြေအနေ တွေနဲ့ ကိုက်ညီတယ်လို့ သုံးသပ်သူက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုလို့၊ အဲလိုပဲ ငြိမ်းချမ်းစွာစုဝေးတဲ့အတွက်လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေကတော့ လွှတ်တော်အနေနဲ့ ဥပဒေပြင်ဖို့လိုတယ်။ ဒီလိုမျိုး လွတ်လပ်စွာ ပြောဆိုတာ၊ လွတ်လပ်စွာ စည်းရုံးတာ၊ စုဝေးတာက ရာဇဝတ်မှု မဟုတ်ဘူး။ အခုဟာက မြန်မာနိုင်ငံမှာ ဥပဒေတွေနဲ့ တက်ကြွလှုပ်ရှားနေတဲ့သူတွေကို အသံတိတ်သွားအောင် လုပ်နေတဲ့အရာလိုမျိုး ဖြစ်နေတယ်။ …ဆိုတော့ ဒီလိုဟာမျိုးက ရပ်တန်းက ရပ်ဖို့လိုတယ်ပေါ့။ မဟုတ်ဘူး ဆိုလို့ရှိရင်တော့ နိုင်ငံတကာမျက်နှာစာမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံအဖြစ်နဲ့ ဆက်ပြီး ရှိနေအုံးမှာပါပဲ။”
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားသူတွေကို ပုဒ်မ (၁၈)၊ (၁၉) ငြိမ်းစုစီဥပဒေနဲ့ ၆၆(ဃ) ဆက်သွယ် ရေး ပုဒ်မတွေ၊ ၅၀၅(ခ) အကြည်ငြို ပျက်မှုပုဒ်မလို ဟာမျိုးတွေ၊ ၁၇ (၁/၂) မတရားအသင်း ဆက်သွယ်မှု ပုဒ်မ တွေ၊ လယ်သမားတွေဆိုရင် ပုဒ်မ ၄၄၃/ ၄၂၇ နဲ့ အရေးယူခံနေရပြီး စတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ NLD အစိုးရဟာ နိုင်ငံ့အာဏာကို အပြည့်အဝ အသုံးချပိုင်ခွင့် မရှိတာကြောင့် အစိုးရအပေါ်မှာသာ အပြစ်ပုံချလို့ မရဘူးလို့ အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။
“ကျနော်တို့ ဒီမိုကရေစီအစိုးရတက်လာတော့လည်းပဲ လူ့အခွင့်အရေးကို ထောက်ပြတာ ကိုတော့ ကျနော်တို့က ကြိုဆိုရမှာ။ သို့သော်လည်း အဲဒီထောက်ပြချက်တွေနဲ့ ပတ်သက် ရင်တော့ မေးခွန်းထုတ်စရာတွေရှိတာ အမှန်ပါပဲ။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကိစ္စတွေ အတော်များများ NLD အစိုးရက သူလုပ်ချင်သလို လုပ်နိုင်တာ မရှိပါဘူး။ နောက်တခုက NLD က အစိုးရဖြစ် လာတော့ အစိုးရတရပ်နဲ့တူအောင်လုပ်ရတာတွေ ရှိတော့ကာ ပြောစရာတွေ၊ ထောက်ပြ စရာတွေ ရှိကောင်းရှိမယ်။ ဒါကတချက်ပေါ့နော်။ နောက်တချက်က နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ဘာသာရပ်ထောင့်က တခုတည်းကြည့်ကြ တာကိုး။ ဒါ့ကြောင့် အမြဲတမ်း သူတို့က မှန်နေတယ်လို့တော့ ကျနော်ကတော့ သိပ်မယုံကြည်ဘူးခင်ဗျ။”
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာကပေးတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ လူ့အခွင့် အရေးနဲ့ သီးခြားစီ ခွဲထားလို့ မရဘူးလို့လည်း HRW က ထောက်ပြပါတယ်။ ရခိုင်မြောက် ပိုင်းအရေးမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားအောင် မြန်မာစစ်တပ်က ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် နိုင်ငံတကာက မြင်နေကြတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ သိပ်ဝင် မလာဘူးလို့ ဝေဖန်နေကြပါတယ်။ လူ့အခွင့်အရေးကို လေးစားမှသာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာ မှာဖြစ်တယ်လို့ မြင်သူက ဦးဘိုကြည် ဖြစ်ပါတယ်။
“လူ့အခွင့်အရေးသာမရှိဘူးဆိုရင် လူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာမှာ မဟုတ် ပါဘူး။ လူ့အခွင့်အရေးမှာ တန်းတူညီမျှမှုဆိုတာတွေကလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုမရှိလို့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာတွေရှိတယ်။ အဲဒီ ပြည်တွင်း စစ် ကြောင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြား ဖြစ်ပေါ်နေတာတွေ ရှိပါ တယ်။ ဒါတွေက ကျနော်တို့လူ့အခွင့်အရေး ကင်းမဲ့နေတယ်ဆိုတာကို ပြသနေတာဖြစ်ပါ တယ်။ ဒါတွေကို တိုးတက်အောင်လုပ်ဖို့ လိုတယ်။ အဲဒါတွေကိုတိုးတက်အောင် လုပ်မယ် ဆိုလို့ရှိရင် အဲဒီတော့မှပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးရောက်လာမှာပါ။ အခုရှိနေတဲ့ တရုတ်နဲ့ရင်းနှီးမြှုပ်နှံမှုတို့ တခြား အာရှရဲ့ ရင်းနှီးမြှုပ်နှံမှုတို့က သူတို့ကိုယ်တိုင်က လူ့အခွင့် အရေးကို လေးစားလိုက်နာတဲ့နိုင်ငံတွေ မဟုတ်တဲ့အတွက် သူတို့က အကျိုး အမြတ် တခုတည်းကိုပဲ အဓိကထားတယ်၊ လူကိုလူလိုဆက်ဆံတဲ့အနေအထားမျိုးတွေ လျော့ပါးနေတာမျိုးတွေ ရှိပါတယ်။ နောက် သူတို့တွေဆီမှာ ဒီလို တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စတွေမှာ နည်းနည်းလေး လျော့ပါးနေတာ တွေ့ရပါတယ်။ ”
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ပြဿနာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာသေးတာဟာ လူ့အခွင့်အရေး ချိုး ဖောက်မှု တခုတည်းပေါ်မှာ မူတည်နေတာမျိုး မဟုတ်ဘူးလို့ ဒေါက်တာတင့်ဆွေက ထောက်ပြပါတယ်။
“ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုပါစို့၊ ဒါကလည်း တိုင်းပြည်အတွက် အရေးကြီးပါတယ်။ သို့သော် လူ့အခွင့်အရေး တခု ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းတာ ဟုတ်ကောင်းမှ ဟုတ် ပါလိမ့် မယ်လေ။ တစိတ်တပိုင်းတော့ ရှိလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့ နိုင်ငံလိုပဲ အရှေ့တောင်အာရှ နိုင်ငံတွေကိုကြည့်လိုက်ရင် လူ့အခွင့်အရေး စံနဲ့ ပတ်သက် ရင် မပြည့်ဝတဲ့နိုင်ငံတွေချည့်ပဲလို့ ပြောရမှာပါ။ တိုးတက်ဖွံ့ဖြိုးဆုံးလို့ ပြောရမယ့် စင်္ကာပူနိုင်ငံ မှာလည်း ဒီမိုကရေစီပြောပြော၊ လူ့အခွင့်အရေးပြောပြော အပြည့်အဝ ရှိတာ မဟုတ်ပါဘူး။ အဲဒီတော့ အဲဒီ နိုင်ငံတွေကြားထဲမှာ မြန်မာနိုင်ငံကလည်း ပါတော့ ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေး ကိစ္စနဲ့ ဆက်စပ်နေရတာတော့ သိပ်ပြီးတော့ တော့ မဆီလျှော်လှဘူးလို့ ကျနော် မြင်တယ်ခင်ဗျ။”
နိုင်ငံခြားကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ ချက်ချင်းလည်ပတ်နိုင်မယ့် လူသားအရင်းအမြစ် ရှားပါးတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းနေသေးတာ၊ အစိုးရရုံးတွေမှာ ကြိုးနီစနစ်တွေ ဆက်ရှိနေ တာတွေက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေ မလာရဲသေးအောင် ဟန့်တားသလိုဖြစ်နေ တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။