သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန်ပို့မယ့် အလားအလာ အိန္ဒိယကို HRW ဝေဖန်


အိန္ဒိယ နိုင်ငံ Jammu အပြင်က ယာယီစခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို UNHCR ဝန်ထမ်းတဦး မှတ်တမ်းပြုစု။ ဇွန်လ ၂၀ ၂၀၁၇။
အိန္ဒိယ နိုင်ငံ Jammu အပြင်က ယာယီစခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို UNHCR ဝန်ထမ်းတဦး မှတ်တမ်းပြုစု။ ဇွန်လ ၂၀ ၂၀၁၇။

မြန်မာနိုင်ငံက ရောက်လာတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ အပါအဝင် အိန္ဒိယ နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်ကြသူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး Human Rights Watch - လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ပြန်ပို့မယ့် အစီအစဉ်ဟာ နိုင်ငံတကာ ဥပေဒနဲ့ မကိုက်ညီကြောင်းလည်း HRW အာရှရေးရာ တာဝန်ခံက ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄ သောင်း အပါအဝင် အိန္ဒိယနိုင်ငံ အတွင်း တရားမဝင် နေထိုင်ကြသူတွေကို ဌာနေပြန်ပို့ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယ ဒုတိယ ပြည်ထဲရေး ဝန်ကြီး Kiren Jijiju က ပြီးခဲ့တဲ့ သတင်းပတ်တုန်းက လွှတ်တော်မှာ ပြောကြားခဲ့တာပါ။ အိန္ဒိယ နိုင်ငံအနေနဲ့ အခုလိုစီစဉ်တာဟာ သိပ်ကိုဆိုးဝါးပြီး လက်ခံနိုင်စရာကိစ္စ မဟုတ်ဘူးလို့ Human Rights Watch - လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွ့ဲ အာရှရေးရာ တာဝန်ခံ John Sifton က အခုလို ပြောပါတယ်။

“ အိန္ဒိယက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောတာဟာ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ အိန္ဒိယက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင် နိုင်ငံဖြစ်ပါတယ်။ ဒီကောင်စီက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှုနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက်မှုတွေကို စုံစမ်း စစ်ဆေးတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွှတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာ မူဆလင်တွေကို ပြန်ပို့နိုင်ဖို့ မြန်မာနိုင်ငံဟာ သူတို့အတွက် လုံခြုံတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါကြောင့် အိန္ဒိယက အခုလို စီစဉ်တာဟာ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။”

လူ့အခွင့်အရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ အိန္ဒိယနိုင်ငံက လူ့အခွင့်အရေး ရှေ့နေ မစ္စ Indira Jaising ဦးဆောင်တဲ့ အဖွဲ့ဝင် သုံးဦးပါ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မေလတုန်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ မှာတော့ ဒီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာမှာ အိန္ဒိယက လူ့အခွင့်အရေး ရှေ့နေအစား အင်ဒိုနီးရှား လူ့အခွင့်အရေး ရှေ့နေလည်းဖြစ်၊ မြောက်ကိုရီးယားဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူးလည်း ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားက မာဆူကီ ဒါရူစမန် (Marzuki Darusman) ကို အစားထိုး လိုက်ပါတယ်။

အိန္ဒိယ နိုင်ငံတွင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR ကနေ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ မူဆလင် ဦးရေ ၁ သောင်း ၆ ထောင် ၅ ရာလောက် ရှိပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ဒုက္ခသည်တွေကို ပြန်ပို့မှာဖြစ်ကြောင်း အိန္ဒိယ ဒုတိယ ပြည်ထဲရေး ဝန်ကြီး Kiren Jijiju က သတင်းဌာတွေကို ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ John Sifton ကတော့ အခုလို ပြောပါတယ်။

“ နိုင်ငံတကာမှာ အခိုင်အမာ ချမှတ်ထားပြီးသား ဥပေဒဖြစ်တဲ့ ဒုက္ခသည်များဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားသည် ဖြစ်စေ၊ မရေးထိုးထားသည် ဖြစ်စေ၊ ဖိနှိပ်ခံရဖို့ သေချာတဲ့ နိုင်ငံကို အတင်းပြန်ပို့မယ်ဆိုတာ တရားမဝင်ပါဘူး။ ဒါကြောင့် အိန္ဒိယက လက်မှတ် မရေးထိုးထားရသေးဘူး ဆိုပြီး ထောက်ပြတဲ့ အချက် နောက်ကွယ်မှာ ပုန်းနေလို့ မရပါဘူး။ ဥပဒေအရ ပြန်ပို့နိုင်တယ် ဆိုဦး တောင်မှ ဒါဟာ လုပ်သင့်တာ မဟုတ်တဲ့ အတွက် လူတွေရဲ့အသက်အန္တရာယ်ကို ကျရောက်စေမှာမို့ အိန္ဒိယအတွက် ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်ကြီးပါ။ အဲဒီဒေသမှာ ရခိုင်နဲ့ ရိုဟင်ဂျာကြား တင်းမာမှုတွေရှိနေပြီး မတည်ငြိမ်သေးတဲ့ အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။”

အလားတူ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်မထိုးထားပေမယ့်လည်း တရားဝင် မှတ်ပုံမတင်ထားတဲ့ ဒုက္ခသည်တွေကို မိမိတို့ အရေးယူ အပြစ်ပေးခံရနိုင်တဲ့ နိုင်ငံတွေဆီကို ပြန်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မနေ့တုန်းက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့နဲ့ စကားပြောဆိုထားပြီး ဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်ပို့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို အိန္ဒိယအစိုးရက အကြောင်းကြားတာပဲ ရှိပြီး နှစ်ဖက်အစိုးရကြား ပြောဆိုတာတွေ မရှိသေးဘူးလို့ မြန်မာ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ သတင်းတွေမှာ တွေ့တော့ မေးကြည့်တော့ သူတို့ဘက်ကနေပြီးတော့ အိန္ဒိယမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကို ပြောတာလို့ သိရတာပေါ့နော်။ အဲဒီအပေါ်မှာတော့ ကျနော်တို့ ထပ်ပြီးတော့ ပြောရမယ့် ကိစ္စတွေ အများကြီး ရှိပါသေးတယ်။ လောလောဆယ်တော့ ဒီလောက်ဘဲ ပြောနိုင်တယ်။ သို့သော် ကျနော်တို့ နှစ်နိုင်ငံကြားမှာ တရားဝင် ဆွေးနွေးညှိနှိုင်းတာ မရှိသေးပါဘူး။ ”

HRW- လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွ့ဲ အာရှရေးရာ တာဝန်ခံ John Sifton ကတော့ အိန္ဒိယနိုင်ငံနဲ့ အလားတူပဲ ဒုက္ခသည်တွေ ရှိနေတဲ့ နိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တွေမှာလည်း ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ဖို့ စီစဉ်နေကြတာ ဖြစ်တဲ့အတွက် ဒီနိုင်ငံတွေ အားလုံးဟာ ဒုက္ခသည် ပြဿနာနဲ့ ပတ်သက်ပြီး တွေ့ဆုံ စကားပြောဆို ညှိနှိုင်းကြဖို့နဲ့ ပြဿနာ အကြောင်းရင်းခံကို ရှာဖွေကြဖို့ လိုကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG