(Zawgyi / Unicode)
ဟောင်ကောင်မှာ ဒီနေ့ တနင်္ဂနွေနေ့ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအတွက် မဲပေးနေကြပါပြီ။ ဟောင်ကောင်မှာ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုတွေလုပ်ပြီး အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
တရုတ်အစိုးရကနေ မျိုးချစ်စိတ်ရှိသူတွေလို့ ဆုံးဖြတ်သတ်မှတ်ပေးသူတွေသာ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတာကြောင့် တက်ကြွလှုပ်ရှားသူတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာ အစိုးရတွေက ဒါကို ဝေဖန်ထားပါတယ်။
ဟောင်ကောင်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကတော့ ဒါဟာ ကိုယ်စားပြုမှု ဖြစ်တာကြောင့်ဆိုပြီး လူထုကို မဲပေးဖို့ တိုက်တွန်းထားပါတယ်။ မနှစ်က ပြဋ္ဌာန်းထားတဲ့ လုံခြုံရေးဥပဒေလိုမျိုး ဒါဟာ တည်ငြိမ်မှုအတွက် လိုအပ်လို့ လုပ်တာလို့လည်း ခုခံပြောဆိုပါတယ်။
မဲပေးသူအရေအတွက်ဟာ ရွေးကောက်ပွဲတွေအတွက် အဓိကကျတာမို့ အစိုးရကတော့ လူထုကို မဲပေးကြဖို့အတွက် တယ်လီဖုန်း Text Message စာတွေ ပေးပို့နေသလို ဆန္ဒပြပွဲတွေနဲ့ ကင်းကင်းနေကြဖို့လည်း တိုက်တွန်း ဝေဖန်ထားပါတယ်။
ဟောင်ကောင်မှာ တစုံတယောက်ကို မဲမပေးဖို့ လှုံ့ဆော်ရင် ဒါမှမဟုတ် ပယ်မဲပေးဖို့ လှုံ့ဆော်ခဲ့ရင် ရာဇဝတ်မှုမြောက်ပါတယ်။
အခုရွေးကောက်ပွဲမှာတော့ မဲပေးပြီး ငါးနာရီကြာပြီးနောက် ဆန္ဒမဲပေးသူ ၁၄ ဒသမ ၃ ရာခိုင်နှုန်း မဲပေးခဲ့ကြတာမို့ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့စာရင် ၁၈ ဒသမ ၈၈ ရာခိုင်နှုန်း လျော့နည်းနေတာလည်း ဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ မဲပေးသူ ၄၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ဟောင်ကောင်ကျွန်းကို တရုတ်လက်ကို ပြန်လည်ပေးအပ်ခဲ့တဲ့ ၁၉၉၇ နောက်ပိုင်း မဲပေးသူ အနည်းဆုံး ရွေးကောက်ပွဲတခု ဖြစ်ခဲ့ပါတယ်။
--------------------
(Unicode)