ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တန်းဒေသ ကျေးရွာအချို့မှာ သီးနှံစိုက်ခင်းတွေထဲ ကြွက်တွေ ဝင်ရောက်ဖျက်ဆီးခံရတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာပြတ်လပ်ပြီး ဒေသခံတွေ အခက်ကြုံနေရပါတယ်။ အခြေအနေကို တာဝန်ရှိသူတွေဖက်က ကွင်းဆင်းလေ့လာပြီး သက်ဆိုင်ရာကို တင်ပြထားပေမယ့်၊ ဒေသခံတွေအတွက် ထောက်ပံ့ကူညီမှုတွေတော့ လုပ်မပေးနိုင်သေးပါဘူး။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်က စုံစမ်းမေးမြန်းထားပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင်နောင်မွန်မြို့နယ် ခါကာဘိုရာဇီတောင်တန်းဒေသ ကျေးရွာ(၁၀)ရွာမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ဂျုံနဲ့ပြောင်းစိုက်ခင်းတွေ ကြွက်တွေဖျက်စီးသွားတဲ့အတွက် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ ရင်ဆိုင် နေရတယ်လို့ ဒေသခံ Sanlu Ram Sengကပြောပါတယ်။
“ဒီတနှစ်စာအတွက်စိုက်ထားတဲ့စိုက်ပျိုးခင်းပေါ်မှာ ကြွက်ဝင်ပြီးတော့အကုန်ဖျက်စီးတယ်ဆိုတော့ နောက်စားစရာက မကျန်တော့ဘူးနော။ ပြောင်းဖူးတို့ ဆတ်တို့ဘဲစိုက်တာ အဲတာတွေအကုန်လုံးသူတို့ဖျက်စီးတဲ့အခါကျတော့ စုစု ပေါင်းက ဧက(၃၀၀) (၄၀၀) အဲဒီလောက်ပျက်စီးသွားတယ်။ အခုစားစရာမရှိဘူးဖြစ်နေတယ်။ ”
ပြီးခဲ့တဲ့ဇူလိုင်လက ဂျုံနဲ့ပြောင်းစိုက်ခင်းတွေကိုကြွက်တွေစတင်ဖျက်စီးတာဖြစ်ပြီး နိုဝင်ဘာလမှာ စိုက်ခင်းအကုန် လုံးပျက်စီးသွားခဲ့တာပါ။ ဒဇုံဒမ်း၊ ဂဝိုင်၊ တဆူထုနဲ့တလာထုကျေးရွာလေးရွာမှာ ကြွက်အန္တရာယ်အဆိုးဆုံး ဖြစ်ပြီး ကျေးရွာ ၁၀ ရွာအထိ ကြွက်အန္တရာယ် ကျရောက်ခဲ့ပါတယ်။
လက်ရှိမှာ ခါကာဘိုရာဇီတောင်တန်းဒေသ ကျေးရွာသားတွေအနေနဲ့ နောင်မွန်မြို့ ပန်နန်းဒင် မြို့ဘက် မှာ ခြေကျင်ခရီးနဲ့ဆန်ဝယ်ယူနေတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ Sanlu Ram Sengကပြောပါတယ်။
“ဒီဒေသခံတွေက ဆန်ဝယ်လို့ရတဲ့ ပန်နန်းဒင် နောင်မွန်ဘက်ဆင်းပြီးတော့မှ ဆန်တွေဝယ်စားကြတယ်။ အခုကြွက် ဘေးကျနေတဲ့ ခါကာဘိုဒေသကနေ (၅)ရက် (၆)ရက်လမ်းလျှောက်ပြီးတော့မှ ဆန်တွေဝယ်ပြီးတော့မှစားကြတယ်။ အခက်ခဲကျတော့အများကြီးပေါ့နော။”
ခါကာဘိုရာဇီတောင်တန်း ဒေသဟာ ပူတာအိုမြို့နှင့်မိုင် ၁၀၀ ခန့်ဝေးပြီးတော့ မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံး ပန်နန်းဒင် မြို့နဲ့ခြောက်ရက်ကြာခြေကျင် သွားရတာဖြစ်တဲ့အတွက် ရိက္ခာရရှိရေးမှာအခက်တွေ့နေတာပါ။
ရိက္ခအခက်ခဲနဲ့ကြုံတွေ့နေရတဲ့ဒေသရဲ့ အနီးဆုံးကျေး ရွာအထိ သွားရောက်ခဲ့ပြီး ဒေသခံ တောင်သူတွေနဲ့ တွေ့ ဆုံ မေးမြန်းခဲ့တဲ့ အစီရင်ခံစာကို ပြည်နယ်အစိုးရထံမှာတင်ပြထားတယ်လို့ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးရန် နမ်းဖုန် ကပြောပါတယ်။
“ကျွန်တော်အဲတာကို ကချင်ပြည်နယ်အစိုးရအနေနဲ့ သွားစစ်ဆေးတော့ တကယ်ဒေသခံတွေရွာ(၆)ရွာ လူထုတွေနဲ့ မေးမြန်းခဲ့တယ်။ အဲဒီလိုကြွက်ဘေးကျလို့ မီးမရှို့ရလို့တောင်ယာမစိုက်ပျိုးရတာတို့ စိုက်ပျိုးတဲ့ဟာတွေလဲကြွက် တွေ ကဖျက်စီးလိုက်လို့ အခက်ခဲတော်တော့ကိုကြုံနေတဲ့အခြေအနေမှာရှိပါတယ်။ ကျွန်တော်အဲတာကို ကချင်ပြည် နယ်အစိုးရကို ဝန်ကြီးချုပ်ကို အစီရင်ခံစာတင်ထားပါတယ်။ အခက်ခဲတွေ။ အကူညီပေးဖို့အခြေအနေဆိုတာ က တော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ဘဲပေးမှာပါ။ တတ်နိုင်သလောက်တော့ ကူညီပံ့ပိုးဖို့တော့ရှိမှာပါ။”
ကျေးရွာ ၁၀ ရွာက အနည်းဆုံးလူ နှစ်ထောင်ခန့်အတွက် ဆန်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့လဲ အစီရင် ခံစာမှာဖေါ်ပြထားပါတယ်။
ခါကာဘိုရာဇီတောင်တန်းဒေသ စားနပ်ရိက္ခပြတ်လပ်နေတဲ့အခြေအနေကို အစိုးရအနေနဲ့ လတ်တလော ကွင်း ဆင်းလေ့လာတဲ့အဆင့်ဘဲရှိပြီး ထောက်ပံ့မှုအစီအစဉ်မပြုလုပ်ရသေးဘူးလို့ နောင်မွန်မဲဆန္ဒနယ်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ချန်တန်ခင် ကပြောပါတယ်။
“ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ဥစ္စာကတော့ အစိုးရအဖွဲ့သူတို့တိုင်ပင်တုန်းဘဲ ရှိတယ်။ မြေပြင်ကိုတော့သူတို့ ထောက်ပံ့တဲ့ ရောက်တာတော့တစုံတရာတော့မရှိသေးဘူးပေါ့။ အခုထိတော့။”
ခါကာဘိုရာဇီဒေသဟာ တစ်နှစ်ပတ်လုံးနီးပါး ရေခဲနေတဲ့ဒေသဖြစ်ပြီး စပါးစိုက်ပျိုးလို့မရတာကြောင့် ဒေသခံ တောင်သူတွေဟာ ပြောင်းဖူးဆတ်နဲ့ဂျုံကိုအဓိက စိုက်ပျိုးနေကြပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်းဒေသဟာ သွားလာရေးအခက်ခဲရှိနေသလို ဒေသအတွင်းလှုပ်ရှားနေတဲ့ ကချင်လွတ် လပ်ရေးအဖွဲ့KIOနဲ့မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲမကြာခနဖြစ်ပွါးနေပြီးတော့ ပူတာအိုကားလမ်းဟာလဲ မကြာခနဆိုသလိုပိတ်ပင်ဖျက်စီးခံနေရပါတယ်။ လုံခြုံရေးအခြေအနေကြောင့် လောင်စာဆီအပါအဝင် ဆန်တင်ပို့ ရေးကိစ္စမှာလဲ စီစစ်မှု အကန့်အသတ်နဲ့ ပိတ်ပင်ပင်နေမှုကြောင့် ဒေသခံတွေအတွက်ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ကိုလဲခံနေရပါတယ်။