(Zawgyi / Unicode)
ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ရေကြီးတာတွေနဲ့ မြေပြိုကျတာတွေ ဖြစ်ခဲ့ပြီး သေဆုံးသူဦးရေဟာ ဒီကနေ့မှာ ၁၀ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းက ပြောလိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၃ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကလည်း အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာဖြစ်ပါတယ်။
မနေ့ သောကြာနေ့တုန်းကတာ့ ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ချီဘာနဲ့ ဖူကူရှီမာ ခရိုင်တွေက ရေလွှမ်းထားတဲ့ နေရာတွေမှာ မြေပြိုကျတာတွေ ဖြစ်ခဲ့ပါတယ်။ တချို့နေရာတွေမှာဆိုရင် လေဖိအားနည်းတာကြောင့် တလစာလောက် ရွာသွန်းရမယ့် မိုးရေချိန်ပမာဏကို နေ့တဝက်တည်းနဲ့ ရွာသွန်းသွားခဲ့ပါတယ်။
ချီဘာခရိုင်က UShiku မြို့မှာတော့ ၁၂ နာရီအတွင်း မိုးရေချိန် ၁၁ လက်မလောက် မိုးရွာသွန်းခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လက တိုင်ဖုန်းမုန်တိုင်း ၂ ခုဒဏ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းတလျှောက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြဖို့ အမိန့်တွေ ထုတ်ပြန်ထားသလို တခြား ရေဘေးဒဏ်ကယ်ဆယ်ရေး အကြံပေးချက်တွေကိုလည်း ထုတ်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ဒီကနေ့ မုန်တိုင်းဒဏ်ကနေ ကျော်လွန်သွားပြီ ဖြစ်ပေမယ့်လည်း ဒေသခံ ရာပေါင်းများစွာဟာ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်နေနေကြရဆဲဖြစ်ပြီး တချို့ ရထားနဲ့ ဘတ်စ်ကား ခရီးစဉ်တွေကိုလည်း ဆက်ပြီး ရပ်ဆိုင်းထားရပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ချီဘာခရိုင်မှာဆိုရင်လည်း လမ်းတွေပေါ်မှာ ရေတွေကြီးပြီး ပိတ်လိုက်ရသလို အိမ်ခြေ ၄၇၀၀ လောက်လည်း ရေသန့်မရရှိဘဲ နေနေရတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဒီကနေ့မှာ ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ အစည်းအဝေးကို ဒီကနေ့ကျင်းပခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အစွမ်းကုန် လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
---------------------------------------
(Unicode)