သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် WHO သတိပေး


(Zawgyi /Unicode)

ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အငတ်ဘေးဆိုက်ပြီး နာမကျန်းဖြစ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်ကုသမှုပါ အထူးလိုအပ်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ WHO ရုံးချုပ်ရှိရာ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို တင်ပြပေးမှာပါ။

အမျိူးသမီး ၄ သန်းကျော်နဲ့ ကလေးငယ် ၁၀ သန်းနီးပါး အပါအဝင် အာဖဂန်လူဦးရေ ထက်ဝက်လောက် ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဖဂန်လူထု သုံးပုံ တပုံကတော့ ဆိုးဝါးတဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသလို အသက် ၅ နှစ်အောက် ကလေးငယ် ထက်ဝက်ကျော်လောက်ကလည်း အဟာရချို့တဲ့ တဲ့ဒဏ်ကို ခံနေရတာပါ။ ဒါ့အပြင် လက်ရှိကြုံနေရတဲ့ မိုးခေါင်ရေရှား ပြဿနာကလည်း နဂိုဆိုးဝါးတဲ့ အခြေနေကို ပိုဆိုးလာစေတာပါ။

WHO တာဝန်ခံတွေကတော့ သူတို့ဟာ အာဖဂန်နိုင်ငံထဲမှာပဲ နေပြီး လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးမှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့်လည်း အာဖဂန်နိုင်ငံထဲမှာ အဖွဲ့အစည်းအားလုံးကနေ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ အရပ်သားတွေကို အကာကွယ်ပေး စောင့်ရှောက်မှပဲ လုပ်ပေးနိုင်မယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic က ပြောပါတယ်။

"နိုင်ငံတလွှား ကျန်းမာရေး စောင့်ရှောက်မှု ဆက်လုပ်နိုင်ဖို့က အနှောက်အယှက်မရှိမှ ဖြစ်မှာပါ။ အမျိုးသမီးတွေ အတွက် အမျိုးသမီး ဆရာဝန်တွေ သူနာပြုတွေ ကုသခွင့်ရဖို့ လိုသလို ပင်မ ဆေးရုံ ဆေးခန်း အများစုလည်း လည်ပတ်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အတွက် ပြည်နယ် အဆင့်မှာ ဘယ်လောက် စောင့်ကြည့်ထိန်းသိမ်းပေးနိုင်မလဲဆိုတဲ့ အပေါ် မူတည်နေတာပါ။ "

အမျိုးသမီး ဝန်ထမ်းတွေ အပါအဝင် ကျန်းမာရေးလုပ်သားတွေက သူတို့တာဝန်ကျတဲ့ နေရာပဲ သူတို့ပြန်သွားချင် တာဝန်ထမ်းဆောင် ချင်နေကြတာပါ။ အာဖဂန်မှာ တာလီဘန်တွေ တက်လာတော့ သူတို့က အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် ပညာသင့်ခွင့်ပေးမှာ ဖြစ်ပြီး အမျိုးသမီးရပိုင်ခွင့်တွေကို အကာကွယ်ပေးမယ်လို့ ကတိပြုခဲ့တာပါ။ ဒါပေမယ့်လည်း တနိုင်ငံလုံးကို သူတို့ ထိန်းချုပ်လိုက်နိုင်ချိန်မှာတော့ အမျိုးသမီး အလုပ်သမားတွေကို အလုပ်ဖြုတ်ပစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အမေရိကန်နဲ့ နေတိုးမဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်ကနေ ရုပ်သိမ်းခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ ၂ လတာကာလ အတွင်း အာဖဂန်နိုင်ငံသား ၃ သိန်း လောက် နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရတာပါ။ ဒီလို နေအိမ်စွန့်ခွါ ထွက်ပြေးရသူတွေ ဟာ အခုအခါမှာ ရင်ဆိုင်နိုင်စွမ်း သိပ်ကိုနည်းပါးနေပြီး စားစရာမရှိ၊ နေစရာမရှိပဲ ကျန်းမာရေးပြဿနာ မျိုးစုံခံစားနေရသူ အများအပြား ရှိလာနေတယ်လို့ Jasarevic က ပြောပါတယ်။

" ကာဘူးလ်မြို့တော်အပါအဝင် မကြာသေးခင်ကမှ သူတို့ ထွက်ပြေးလာကြတဲ့ နေရာတွေမှာ ဝမ်းလျောဝမ်းပျက်တာ၊ အဟာရချို့တဲ့တာ၊ သွေးတိုးတာ၊ ကိုဗစ် ၁၉ ရောဂါ လက္ခဏာမျိုးတွေ တွေ့နေရတာနဲ့ သားဖွားမီးယပ် လူနာတွေ တိုးလာတာကို WHO က တွေ့ရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ WHO ထောက်ပံ့တဲ့ ဆေးရုံဆေးခန်း ၇၀ ကို ရောက်တာတဲ့ စိတ်ဒဏ်ရာရသူ တွေထဲမှာတော့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ စိတ်ဒဏ်ရာရသူက ၁၄ ၀၀၀ လောက်ရှိပါတယ်။ "

ဒါဟာ မနှစ်က အဲဒီအချိန်မှာ တွေ့ရတဲ့ စိတ်ဒဏ်ရာရသူ အရေအတွက်ထက် ၃ ဆ ကျော်ပိုလာတာ လို့လည်း ပြောပါတယ်။ ဆေးရုံဆေးခန်းတွေ အတိုက်ခိုက်ခံနေရတာကလည်း အဓိက စိန်ခေါ်မှု တခု အဖြစ်ရှိနေတယ်လို့ WHO ပြောခွင့်ရက ပြောပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာပဲ ဆေးရုံ ဆေးခန်း ၂၆ ခု ပျက်စီးခဲ့ရသလို ကျန်းမာရေးလုပ်သား ၁၂ ယောက် သေဆုံးခဲ့ရပြီး ၃၁ ယောက် ကိုယ်ထိလက်ရောက် ကျူးလွန်တာခံရတယ် လို့လည်း ပြောပါတယ်။

ဆေးနဲ့ ဆေးပစ္စည်း တွေ မလုံလောက်ပဲ ဖြစ်နေကြောင်းနဲ့ အထူးသဖြင့် တိုက်ပွဲတွေကြောင့် ကလေးငယ်တွေကြား အဟာရချို့တဲ့မှု တိုးလာတာကို ဖြေရှင်းဖို့ အားဖြည့်စာတွေ လိုအပ်နေသလို သားဖွားမီးယပ်ဆိုင်ရာဝန်ဆောင်မှုတွေ ကလေးကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း WHO က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG