Zawgyi/Unicode
တရုတ်အစိုးရရဲ့ အလုပ်အကိုင်ရှာဖွေခန့်ထားရေး THOUSAND TALENTS PROGRAM အစီအစဉ်မှာ ပါဝင်ရင်း သုတေသန ရန်ပုံငွေ တွေ လိမ်လည် ဖုံးကွယ်ခဲ့တဲ့ ပြစ်မှုနဲ့ အမေရိကန် HARVARD တက္ကသိုလ် ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒ ဌာန အကြီးအကဲဟောင်း CHARLES LIEBER ကို ဒီကနေ့စွဲချက်တင် တရားစွဲဆိုလိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ အသက် ၆၁ နှစ် အရွယ်ရှိတဲ့ CHARLES LIBER ကို ပြစ်မှု ၂ ခုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး အပြစ်ရှိရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်းခွဲ ကျခံရဖို့ ရှိပါတယ်။
တရုတ်နိုင်ငံထဲ နည်းပညာ တိုးတက်ဖို့အတွက် အဆင့်မြင့် သိပ္ပံ ပညာရှင်တွေကို စုဆောင်းတဲ့THOUSAND TALENTS PROGRAM အစီအစဉ်မှာ ပါဝင်ပတ်သက်မှုအပြင် WUHAN နည်းပညာ တက္ကသိုလ် (WUT)နဲ့ ပတ်သက်နေမှုမှာ အမေရိကန် အာဏာပိုင်တွေကို လိမ်ညာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းက LIEBER ကို ဖမ်းဆီးခဲ့တာပါ။ LIEBER ဟာ ဝူဟန် နည်းပညာ တက္ကသိုလ် WUT နဲ့ THOUSAND TALENTS PROGRAM အစီအစဉ်တွေမှာ ပါဝင် ပတ်သက်နေတာကို ဖုံကွယ်ထားသလား ဆိုတာ သံသယရှိတဲ့အတွက် အမေရိကန် အမျိုးသားကျန်းမာရေးဌာနက ၂၀၁၈ နိုဝင်ဘာလတုန်းက HARVARD တက္ကသိုလ် ကို စုံစမ်းခဲ့ ပါတယ်။ သူ့အနေနဲ့ WUT နဲ့ တရားဝင်ပတ်သက်မှု ဘာမှမရှိသလို THOUSAND TALENTS PROGRAM အစီအစဉ်မှာလည်း ပါဝင်ခဲ့တာ မရှိဘူးလို့လည်း သူက လိမ်ညာပြောခဲ့တာပါ။
LIEBER ဟာ ၂၀၁၁ ခုနှစ်ကတည်းက WUT မှာ နည်းဗျုဟာ ဆိုင်ရာ သိပ္ပံပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ကနေ ၂၀၁၅ အထိ အဲဒီ အစိုးရ အစီအစဉ်မှာ ပါဝင်ခဲ့ကြောင်း တရားရေးဌာနက စွပ်စွဲပြောဆိုခဲ့သလို သူ့ရဲ့ ဒီလို ပါဝင် ပတ်သက်နေမှုတွေကို HARVARD တက္ကသိုလ် ကိုအသိမပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။
THOUSAND TALENTS PROGRAM အစီအစဉ်ဟာ သတင်းအချက်အလက်တွေ ခိုးယူ ပေးသူတွေကို ဆုငွေ ချီးမြှင့်တဲ့ အစီအစဉ် လည်း ပါဝင်တယ်လို့ တရားရေး ဌာနက ပြောပါတယ်။
အဲဒီအချိန်တုန်းက WUT တက္ကသိုလ်က သူ့ကို လစဉ် အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နေထိုင်စားသောက်မှု စားရိတ် တရုတ်ယွမ်ငွေ ၁ သန်းထောက်ပံ့ပေးပြီး WUT မှာ သုတေသန ဓါတ်ခွဲခန်းတခုတည်ဆောက်ဖို့ ဒေါ်လာ ၁.၅သန်းခွဲ ပေးခဲ့တယ် လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အပြန်အလှန် အနေနဲ့LIEBER က တနှစ်မှာ ၉ လထက်မနည်း WUT အတွက် အလုပ်လုပ်ပေးရတာဖြစ်ပြီး လူငယ် ဆရာတွေ၊ ပါရဂူ ကျောင်းသားတွေ ပျိုးထောင်ပေးရသလို နိုင်ငံတကာ ဆွေးနွေးပွဲတွေကျင်းပပေးရသလို မူပိုင်ခွင့်လျှောက်ပေးတာ တွေနဲ့ WUT အမည်ခံ ဆောင်းပါးတွေရေးသားတာတွေကို ပြုလုပ်ပေးခဲ့တာပါ။
အမေရိကန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ယှက်နွယ်မှု CONFLICT OF INTEREST ကို ကာကွယ်ဖို့နဲ့ နိုင်ငံခြား အစိုးရနဲ့ သစ္စာခံ ပူးပေါင်းဆောင်ရွက် တာတွေကို ကာကွယ်ဖို့ အဲဒီ သုတေသနေ ရံပုံငွေတွေ အားလုံးကို ဥပဒေအရ တရားဝင် ကြေညာဖို့ လိုအပ် ပါတယ်။
[Unicode]