ကျူးဘားနိုင်ငံ Guantanamo ကျွန်းမှာရှိတဲ့ အမေရိကန် စစ်အကျဉ်းစခန်းကို ဆက်လက်ထားရှိမှာဖြစ်ပြီး စစ်ပွဲတွေအတွင်း ဖမ်းမိခဲ့တဲ့ သံသယဖြစ်ဖွယ် အကြမ်းဖက်သမားတွေ အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ဆက်ပြီး သိသိသာသာခြိမ်းခြောက်နေသမျှကာလပတ်လုံး အဲဒီမှာ ချုပ်နှောင်ထားမှာဖြစ်ပါတယ်။
အမေရိကန်စစ်အကျဉ်းစခန်းကို ဆက်ပြီးထားရှိမယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး နောက်ဆုံးပြင်ဆင်ထားတဲ့ လမ်းညွန်ချက်ကို ပင်တဂွန်စစ်ဌာနချုပ်က မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတအိမ်ဖြူတော်ကို ပေးပို့ခဲ့တာပါ။ ဂွာတာနာမိုအကျဉ်းထောင်ကိုပို့မယ့် အကျဉ်းသားတဦးချင်းစီအတွက် လိုက်နာရမယ့် စံချိန်စံနှုန်းတွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီး ပြင်ဆင်ထားတဲ့အချက်တွေ အိမ်ဖြူတော်ကို တင်ပြခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Sarah Higgins ကပြောပါတယ်။
စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းဖို့ အဆိုပြုခံရတဲ့ အကျဉ်းသမားတွေဟာ လူပုဂ္ဂိုလ်အားဖြင့်ရှိနေပြီး အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေသူတွေသာ ဂွာတာနာမို အကျဉ်းစခန်းကို ပြောင်းရွှေ့သင့်တယ်ဆိုတဲ့ ပေါ်လစီကို တင်ပြထားကြောင်း Sarah Higgins ကဆိုပါတယ်။
သမ္မတထရမ့်ဟာ သူရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ စစ်အကျဉ်းစခန်းကို ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ ကတိပေးထားတဲ့အတိုင်း စစ်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ရက်ပေါင်း ၉၀ အတွင်း ပြင်ဆင်ရေးသားဖို့ကာကွယ်ရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့ဇန်နဝါရီလက သမ္မတအမိန့် နဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်မှာ အခုလို ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြင်ဆင်ထားတဲ့ ပေါ်လစီကို သမ္မတဆီတင်ပြခဲ့တာဖြစ်ပါတယ်။