ဂျာမနီနိုင်ငံက ကြက်တွေမှာ ပုံမှန်မဟုတ်တဲ့ ဒိုင်အောက်ဆင် (Dioxin) ဓါတ်တွေ တွေ့ရှိတယ်လို့ ဂျာမနီ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းထဲက ကင်ဆာရောဂါဖြစ်စေတဲ့ Dioxin ဓါတု ဓာတ်ပစ္စည်းတွေကို ကြက်ဥတွေထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကြက် ၃ ကောင်ရဲ့ အဆီတစ်ရှူးတွေကို ထုတ်ယူ စမ်းသပ်တာမှာ Dioxin ဓာတ်ဟာ ပါဝင်သင့်တာထက် ၂ ဆကျော် တွေ့ရတယ်လို့ စိုက်ပျိုးရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
အန္တရာယ်ဖြစ်စေတဲ့ ဓါတုဓာတ်တွေကို တိရစ္ဆာန်အစားအစာထဲမှာ တွေ့ရှိခဲ့ပြီးထဲကဆိုရင် အခုလို Dioxin ကို ကြက်သားထဲမှာပါ ပထမဆုံးတွေ့တာ ဖြစ်ပါတယ်။ အခုအသားတွေက ဈေးကွက်ထဲ မရောက်သေးတဲ့ အသား တွေ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက ပြောပါတယ်။ ဒီလို စမ်းသပ်တွေ့ရှိတာနဲ့အတူ ဂျာမနီက ကြက်သားနဲ့ ဝက်သားတင်သွင်းမှု အားလုံးကို ရပ်ထားတယ်လို့ တောင်ကိုရီးယားနိုင်ငံက စနေနေ့က ကြေညာခဲ့ပါတယ်။
ဂျာမနီက အသားတွေအားလုံးကို အန္တရာယ်ကင်းမကင်း မစစ်ဆေးရသေးသရွေ့ သီးသန့်ဖယ်ထားမှာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားနိုင်ငံကလည်း ဂျာမနီက အသားတင်ပို့မှု အားလုံးကို တင်းကျပ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
ဂျာမနီက Herles နဲ့ ယျန့်ချ် (Jentzsch) ကုမ္ပဏီကထုတ်တဲ့ လယ်ယာထွက်ကုန်တွေ ထဲမှာ Dioxin ဓာတ်တွေကို စတင်တွေ့ရှိခဲ့တာပါ။ ကြက်စာနဲ့ ဝက်စာထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဒီကုမ္ပဏီကနေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြက်၊ ကြက်ဥနဲ့ ဝက်သားတွေ ထုတ်လုပ်နေတဲ့ စိုက်ပျိုးခြံ ၅,၀၀၀ နီးပါးကို ပိတ်ခဲ့ရပါတယ်။