ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မဟာဘွဲ့ရခဲ့တဲ့ ကရင်နီကျောင်းသူ အီမယ်က ပြောပါတယ်။ ကရင်နီပြည်ကနေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ မိဘတွေက ကရင်နီဒုက္ခသည် စခန်းမှာ အီမယ်ကို မွေးခဲ့တာပါ။ George Washington တက္ကသိုလ်ကနေ လင်ကွန်းပညာတော်သင်ဆုရှင် ကိုဇေဘိုဘိုဦးလည်း မဟာဘွဲ့ ရခဲ့ပါတယ်။ ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
မိသားနဲ့အတူ အီမယ်ဟာ ၂၀၀၉ ခုနှစ်မှာ ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာတာပါ။ သူ့မိဘတွေကတော့ ကရင်နီပြည်က စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြီး ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ နှစ်အတော်ကြာ ခိုလှုံနေထိုင်ရင်း အီမယ်ကို မွေးဖွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုရောက်ကတည်းက ကန်တက်ကီပြည်နယ်၊ ဘိုးလင်းဂရင်းမြို့က Western Kentucky တက္ကသိုလ်ကနေ ဇီဝဗေဒနဲ့ ဓါတုဗေဒ ၄ နှစ်ဘွဲ့ကို ရရှိခဲ့ပြီးနောက် မြို့တော် ဝါရှင်တန်ဒီစီက George Washington တက္ကသိုလ်ကနေ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ကို ရရှိခဲ့တာပါ။ ကမ္ဘာတလွှားမှာ လိုအပ်နေတဲ့ နေရာတွေအပြင် မွေးဖွားရာဇာတိမြေက လူထုအတွက်လည်း အကျိုးပြုနိုင်ဖို့ စဉ်းစားထားတဲ့အကြောင်း ခုလိုပြောပါတယ်။
"အဖွဲ့အစည်းပေါင်းစုံ၊ NGO တွေနဲ့ အလုပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲလိုဆိုရင် ကျမက အဲဒီ ဒုက္ခသည်တွေအတွက် ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်တာမျိုး ဖြစ်ကောင်း ဖြစ်လာမှာပါ။"
ဘွဲ့နှင်းသဘင်မှာ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန် အစိုးရကပေးတဲ့ လင်ကွန်းပညာတော်သင်ဆုရှင်လည်းပါဝင်ပါတယ်။ ဇေဘိုဘိုဦးဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်လာပြီး ၂၀၂၃ မေ မှာ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ကို ရတာပါ။
ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အလုပ်လုပ်ခဲ့သလို၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်တဲ့ တို့အိမ်၊ ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆောင်ရွက်တဲ့ Myanmar responsible tourism institute တို့မှာလည်း ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ လင်ကွန်းပညာတော်သင်ဆုဟာ မဟာတန်းတက်မယ့်သူတွေအတွက်ပေးတဲ့ ပညာတော်သင်ဆုပါ။
နိုင်ငံရပ်ခြားမှာ ပညာသင်နိုင်ဖို့ကတော့ အားလုံးရုန်းကန်ကြိုးစားရတယ်လို့လည်း ပြောပါတယ်။ ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းလာပြီး လက်လှမ်းမှီသလောက် ပညာရေးကို တစိုက်မတ်မတ်လုပ်လာတာကြောင့် နောက်ဆုံးမှာတော့ ရည်မှန်းထားတဲ့ အိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
" ဒုက္ခသည်တယောက်အနေနဲ့ ဒီကိုရောက်လာတော့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဘာသာစကားရော၊ စနစ်တကျသင်ကြားလာတဲ့ပညာရေးမျိုးလည်း မတက်ခဲ့ရတဲ့ အခါကြတော့ အစပိုင်းမှာ တော်တော်လေး ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ မဟာဘွဲ့ရဖို့ဆိုရင်လည်း တော်တော်လေး လေ့လာ အားထုတ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း အကောင်းဆုံး ကြိုးစားခဲ့တာကြောင့် ထိုက်တန်တဲ့ ရလာဒ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်လုပ်ပြီး ဖြစ်အောင်လုပ်ပါ။ အင်မတန် ခက်တာကြောင့် ကျမလည်း မလုပ်နိုင်ဘူး ထင်ခဲ့ပါတယ်။ ယဉ်ကျေးမှုရော၊ ဘာသာစကားကလဲ ကွဲတော့ တခြားသူတွေလို အဆင်ပြေပြေ လျှောက်လှမ်းခဲ့ရတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်မှာ ဘယ်လို အခက်အခဲတွေပဲရှိရှိ၊ ဘယ်လို အကြပ်အတည်း အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်တွေ့လိုက်ရတဲ့ ကောက်ရိုးမျှင်လေးကို တွေ့တဲ့အခါ အမိအရ ဆုပ်ကိုင်ရယူပြီး ကြိုးစားမယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို သေချာပေါက် ရောက်ပါလိမ့်မယ်။"
George Washington တက္ကသိုလ်ကကျင်းပတဲ့ ဘွဲ့နှင်းသဘင်ကို ဝါရှင်တန်ဒီစီ အမျိုးသားရင်ပြင်မှာ မေလ ၂၁ ရက်နေ့ကကျင်းပတာပါ။ ဘတ်ချလာဘွဲ့၊ မာစတာဘွဲ့နဲ့ PHD ဘွဲ့ ရသူ ကျောင်းသူကျောင်းသားတွေအပါအဝင် မိသားစုဝင်တွေ အားလုံး ၃၂၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်ခင်ဗျာ။