(Zawgyi / Unicode)
G-20 စက်မှုနိုင်ငံများ ထိပ်သီးအစည်အးဝေးကို ရောမမြို့မှာ အခုဒီနေ့ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပရာမှာတော့ ဥတုရာသီ ဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးကို ခြိမ်းခြောက်မှုကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံတွေ ဆွေးနွေးကြပါတယ်။ ဒါပြီးရင်တော့ အခုအပတ်ထဲမှာပဲ စကော့တလန် Glasgow မြို့မှာ ဥတုရာသီဆိုင်ရာ ကုလထိပ်သီး ဆွေးနွေးပွဲလည်း ကျင်းပဖို့ ရှိနေတာပါ။
ကမ္ဘာကြီးရဲ့ ပူနွေးမှုကို စက်မှုခေတ်မတိုင်ခင် အခြေအနေထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ် အလွန်မှာပဲ ကန့်သတ်ထားနိုင်ဖို့ အရေးတကြီး ဆောင်ရွက်မယ့် ကိစ္စတွေကို ကမ္ဘာ့ခေါင်းဆောင်တွေအကြား ကတိကဝတ်ပြုကြဖို့ ရှိနေတာပါ။
၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်အရ ဆိုရင်လည်း ကမ္ဘာ့အပူချိန်ကို စက်မှုမထွန်းကားခင် ကာလကထက် အလွန် ၂ ဒီဂရီ ဆဲလ်စီးရပ်စ်အောက်မှာ ထားဖို့ သဘောတူထားခဲ့ကြတာပါ။
ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုရဲ့ သုံးပုံနှစ်ပုံကျော်ဟာ နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က ထုတ်လွှတ်မှု ဖြစ်နေတဲ့အတွက်လည်း ကမ္ဘာကြီးမှာ ကာဗွန်ထုတ်လွှတ်မှု လျော့ကျရေးအတွက် ဒီနိုင်ငံတွေ အဖြေထုတ်ဖို့ လိုအပ်နေတာပါ။
အခု G-20 အစည်းအဝေး အပြင်ပန်းမှာတော့ ကမ္ဘာ့ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းထောက်ပံ့ အကျပ်အတည်း ဖြေရှင်းရေးအတွက် အစည်းအဝေးတခုကို အမေရိကန်သမ္မတ Joe Biden က ဦးဆောင်ကျင်းပဖို့ ရှိနေပါတယ်။
အခု အစည်းအဝေး ဦးဆောင်ကျင်းပတဲ့ G-20 နိုင်ငံတွေဟာဆိုရင် ကမ္ဘာ့အသားတင်ထုတ်ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းရှိသလို ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိထားတာပါ။
----------------------
(Unicode)