ပင်လယ်ပြင်မှာ မျောနေတဲ့ ပလပ်စတစ်အမှိုက်တွေကို လျှော့ချသွားမယ်လို့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G20 စီးပွားရေးထိပ်သီး ညီလာခံမှာ တနင်္ဂနွေနေ့က သဘောတူလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ G20 အဖွဲ့ဝင် နိုင်ငံတွေက ပလပ်စတစ်အမှိုက်လျှော့ချရေးကို လိုက်နာတာဝန်ယူရမှာဖြစ်ပြီး ဘယ်လိုလုပ်ဆောင် သွားရမလဲဆိုတဲ့ အသေးစိတ်အချက်တွေ တော့ သိပ်မပြောခဲ့ပါဘူး။
လုပ်ဆောင်ချက်တိုင်းမှာ စေတနာနဲ့ ဖြစ်မြောက်အောင်လုပ်ဖို့ လိုလားကြပြီး တနှစ်တခါ အစီရင်ခံရမယ်လို့ ဂျပန်သတင်းတွေက ရေးပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ပထမဆုံးအစည်းဝေးကို နိုဝင်ဘာထဲလုပ်ဖို့ ဂျပန်အစိုးရက မျှော်လင့်ထားကြောင်း Yomiuri သတင်းစာက ဖေါ်ပြပါတယ်။
ဂျပန်သဘာဝဝန်းကျင်ဆိုင်ရာ ဝန်ကြီး Yoshiaki Harada ကတော့ ဒီလိုသဘောတူညီချက် ရရှိတာအတွက် ဝမ်းမြောက်ကြောင်း ပြောပါတယ်။
ပလပ်စတစ်အမှိုက် တင်ပို့နေတာကို အထူးသဖြင့် တရုတ်နဲ့ ဒေသတွင်း အခြားနိုင်ငံတွေက ပိတ်ပင်မှုတွေ လုပ်ခဲ့ကြပြီးနောက်ပိုင်း ဒီပလပ်စတစ်အမှိုက်ပြဿနာအတွင် တကမ္ဘာလုံးက စိုးရိမ်လာကြပါတယ်။
ပလပ်စတစ်အမှိုက်ကြောင့် ပင်လယ်ပြင်ထဲက ငါးတွေရော၊ ငှက်တွေနဲ့ အခြားတိရစ္ဆာန်တွေပါ မြိုမိပြီး အသက်အန္တရာယ် ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာပါ။ ဂျပန်အပါဝင် နိုင်ငံအများအပြားက ပလပ်စတစ် စွန့်ပစ်အမှိုက်တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြင်လာကြ ပါတယ်။