မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
နိုင်ငံပေါင်း ၁၉၅ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အစီရင်ခံစာမှာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ၃၁ မှတ်ရထားရာက ဒီနှစ်မှာ တမှတ်လျော့ပြီး အမှတ် ၃၀ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံမှာ Reuters သတင်းထောက် ၂ ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် အပြစ်ပေးခဲ့တာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။
အသတ်ခံရ၊ နေရပ်စွန့်ခွာကြရတဲ့ အရပ်သားတွေနဲ့ လူနည်းစုတွေ ထောင်ချီရှိခဲ့ကြောင်းနဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အထိ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာတွေကိုလည်း အစီရင်ခံစာက ကိုးကားဖော်ပြထားပါတယ်။ Freedom House အစီရင်ခံစာမှာပဲ အမေရိကန်မှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ သိသိသာသာ ကျဆင်းလာတာကိုလည်း ဖော်ပြခဲ့တာပါ။
တရားဥပဒေ စိုးမိုးရေး၊ အချက်အလက်တွေအပေါ် အခြေခံဖော်ပြတဲ့ သတင်းမီဒီယာတွေနဲ့ တခြား ဒီမိုကရေစီ အခြေခံမူတွေအပေါ် တိုက်ခိုက်ခံနေရတာတွေအတွက်လည်း သမ္မတ Donald Trump မှာ တာဝန်ရှိတယ်လို့ ဝေဖန်ထားပါတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေကို အာဏာရှင်တွေက နောက်ဆုံးမှာ အာဏာကိုချုပ်ကိုင်ခဲ့ကြတဲ့ ပုံစံမျိုးနဲ့ တူနေတယ်လို့လည်း သတိပေးထားတာပါ။ အစီရင်ခံစာမှာ လေ့လာ ဆန်းစစ်ထားတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၄၄ ရာခိုင်နှုန်းရှိတဲ့၊ နိုင်ငံပေါင်း ၈၆ နိုင်ငံကိုတော့ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားပြီး၊ ၃၀ ရာခိုင်နှုန်း ၅၉ နိုင်ငံကတော့ တစိတ်တပိုင်းလွတ်လပ်တဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားသလို၊ ၂၆ ရာခိုင်နှုန်း နိုင်ငံပေါင်း ၅၀ ကိုတော့ လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားပါတယ်။