(Zawgyi / Unicode)
အမေရိကန် ဒေါ်လာ ဘီလျံ ၃၀၀ ကျော် အကြွေးတင်နေတဲ့ တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး Evergrande က အတိုးပေးရမယ့် ရက်သတ်မှတ်ချက် ကျော်လာခဲ့ပြီး အတိုးနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိတာကြောင့် အကြွေးမဆပ်နိုင် ဖြစ်သွားနိုင်တဲ့ အရေးကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။
Evergrande အိမ်ခြံမြေ လုပ်ငန်းကြီး အရေးကိစ္စကြောင့် ကမ ္ဘာတလွှား ရိုက်ခတ်သက်ရောက်နိုင်တဲ့ အလားအလာတွေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
Evergrande အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းကြီးက အကြွေး ဒေါ်လာ ၃၀၅ ဘီလျံ ရှိနေပြီး ငွေချေးစာချုပ်တွေ အတွက် အတိုး ဒေါ်လာ ၈၃ ဒသမ ၅ သန်း ပေးရမယ့် နောက်ဆုံးရက် သတ်မှတ်ချက်ကို ကျော်လွန်ခဲ့ပေမယ့် ငွေချေးစာချုပ် ပိုင်ရှင်တွေကို ပေးချေတဲ့ အနေအထား မတွေ့ရသလို လုပ်ငန်းကြီးဘက်ကလည်း ဒီကိစ္စကို တစုံတရာ မပြောပါဘူး။
ဟောင်ကောင် အခြေစိုက် ဘဏ္ဍာရေး လုပ်ငန်း တခုဖြစ်တဲ့ Geo Securities Limited ရဲ့ အမှုဆောင် အရာရှိချုပ် Francis Lun က AP သတင်းအေဂျင်စီကို အခုလို ပြောပါတယ်။
" Evergrande Group မှာ အကြွေးစုစုပေါင်းက အမေရိကန် ဒေါ်လာ ၃၀၀ ဘီလျံလောက် ရှိပါတယ်။ ဒါက အင်မတန် များလှတဲ့ ပမာဏပါ။ ဒီလုပ်ငန်းကြီး ပြိုလဲ သွားမယ်ဆိုရင်တော့ တရုတ်နိုင်ငံတွင်း ငွေကြေး လုပ်ငန်း ကဏ္ဍကြီးမှာ အကြီးအကျယ် ရိုက်ခတ် သက်ရောက်မှု ရှိမှာ သေချာပါတယ်။ ကံအားလျော်စွာဘဲ Evergrande လုပ်ငန်းစုကြီး အကြွေးတင်နေတာမှာ အများစုက တရုတ်နိုင်ငံသားတွေ ထံမှာ ဖြစ်ပါတယ်။
ပြည်ပက၊ နိုင်ငံတကာ လုပ်ငန်းကြီးတွေ သိပ်မပါဘူး ဆိုတော့ ရိုက်ခတ် သက်ရောက်မှုက တရုတ်နိုင်ငံတွင်းမှာ အများဆုံး ဖြစ်မှာပါ။ ဒါပေမယ့်လည်း အကြွေး ပမာဏက များလွန်းတာကြောင့် တရုတ်နိုင်ငံတွင်း ငွေကြေး လုပ်ငန်း ကဏ္ဍတွင်း ဂယက် ရိုက်ခတ်မှုတွေ အပေါ် လူတွေရဲ့ စိုးရိမ် ကြောက်ရွံ့မှုကြောင့် ကမ္ဘာတဝန်းက ငွေကြေး ဈေးကွက်တွေမှာပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ "
နိုင်ငံခြား ငွေကြေးလဲလှယ်မှု လုပ်ငန်းကြီး ဖြစ်တဲ့ OANDA ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဈေးကွက် သုံးသပ်သူ Jeffeey Halley ကလည်း အလားတူ သုံးသပ်ပါတယ်။
" ဒီကိစ္စက ကမ္ဘာ တဝန်းလုံး အတွက် သိပ်ကို အရေးကြီးသလား၊ နောက်ထပ် ဘဏ္ဍာရေး ပြဿနာကြီး ဖြစ်လာနိုင်သလားဆိုရင်တော့ ဒီလို ဖြစ်လာမယ်လို့ ကျနော် မယူဆပါဘူး။ ဒီကိစ္စကို တရုတ်နိုင်ငံတွင်းမှာဘဲ ထိန်းချုပ်ထားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်နိုင်ငံတွင်း တရုတ် ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ထံမှာ အများစု အကြွေးတင်နေတာပါ။ ပြည်ပ ငွေချေးစာချုပ်တွေလည်း ရှိပါတယ်။
ဒါပေမယ့် အများစု မဟုတ်ပါဘူး။ အားလုံးက တရုတ်နိုင်ငံတွင်းမှာ ဖြစ်ပြီး သိကြတဲ့ အတိုင်းဘဲ တရုတ် အစိုးရက နိုင်ငံတွင်းမှာ အားလုံးကို စီမံခန့်ခွဲနေတာပါ။ ဆိုတော့ ဒီကိစ္စကိုလည်း ကောင်းကောင်း ထိန်းချုပ်ထားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ သဘောတူညီချက် တချို့ ဒါမှမဟုတ်လည်း အစီအစဉ် တချို့ ထွက်လာမယ်လို့ ကျနော် ထင်ပါတယ်။
တရုတ် ဗဟိုဘဏ်က ပြီးခဲ့တဲ့ သောကြာနေ့က ဘဏ်လုပ်ငန်း စနစ်ထဲကို ငွေ ထပ်ထည့်ခဲ့ပြီး ဈေးကွက်ကို ပံ့ပိုးတဲ့ လက္ခဏာလို့ ရှုမြင်ကြပါတယ်။ ဒါပေမယ့်လည်း တရုတ် အာဏာပိုင်တွေ ဘက်ကတော့ Evergrande ပြသနာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကြသလို နိုင်ငံပိုင် မီဒီယာတွေမှာလည်း ကယ်တင်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တစွန်းတစမှ မဖော်ပြပါဘူး။ လူထုကြား မတည်မငြိမ် မဖြစ်စေဘဲ ဘဏ္ဍာရေး ဆိုင်ရာ စည်းကျပ် ကိုင်တွယ်နိုင်ရေး ကိစ္စက မူဝါဒ ချမှတ်ဆောင်ရွက်သူတွေ အတွက် ဘေးကြပ်နံကြပ် ဖြစ်ရတဲ့ ကိစ္စပါ။
Evergrande လုပ်ငန်းကြီးရဲ့ အကြွေးတွေထဲက ဒေါ်လာ ဘီလျံ ၂၀ လောက်ဘဲ ပြည်ပ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်မှာ ပမာဏ အတော်များများ အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံကြတာကြောင့် တရုတ် ပြည်တွင်းမှာတော့ ဒီကိစ္စက အန္တရာယ် ရှိနေပါတယ်။ စီးပွားရေးဆိုင်ရာ သုတေသန လုပ်ငန်း Capital Economics ရဲ့ အာရှဆိုင်ရာ စီးပွားရေး ပညာရှင် Mark William က အခုလို သုံးသပ်ပါတယ်။
" ဆုတ်ယုတ် ကျဆင်းမှု တချို့ ရှိလာနိုင်တယ်လို့ ကျနော် ယူဆပါတယ်။ လာမယ့် လ အနည်းငယ် အတွင်း အိမ်ခြံမြေ အရောင်း သိသိသာသာ ကျဆင်းလာတာ တွေ့လာရနိုင်ပါတယ်။ Evergrande ပြိုလဲမှုကြောင့် ဆောက်လုပ် မပြီးစီးသေးတဲ့ အိမ်ယာတွေ၊ ကြိုပွိုင့် အရောင်းတွေကို လူတွေ စိတ်မချ ဖြစ်လာနိုင်ပါတယ်။ အိမ်ခြံမြေ က ဈေးမတက်တော့ဘူးဆိုရင် ရေရှည် ရင်းနှီးမြှုပ်နှံမှု ကောင်းပါ့မလားဆိုတာကို လူတွေ စပြီး စိုးရိမ်လာနိုင်ပါတယ်။ "
ANZ ဘဏ်ရဲ့ ချေးငွေ ဆိုင်ရာ တာဝန်ခံ တဦး ဖြစ်တဲ့ Meng Ting က Evergrande လုပ်ငန်းကြီးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။
" အစိုးရဘက်ကလည်း အစီအစဉ် မရှိဘူး။ အတိုးလည်း မပေးဘူးဆိုရင်တော့ Evergrande လုပ်ငန်းကြီးက စာချုပ်ကို ချိုးဖောက်မှု ဖြစ်လာမှာပါ။ ဒီလို ဖြစ်မယ်ဆိုရင်တော့ ဈေးကွက် အပေါ် ရိုက်ခတ်သက်ရောက်မှုက သိပ်ပြီး ကြီးပါမယ်။ ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူ တဦး အနေနဲ့ လူတွေက ကုမ္ပဏီကို ဥပဒေကြောင်း အရ တရားစွဲကြပါလိမ့်မယ်။"
" အဓိက လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတချို့တော့ ဖြတ်တောက်ခံရတာမျိုး ကြုံတွေ့နေပါပြီ။ ဒီထဲမှာဆိုရင် လျှပ်စစ်ကား ဌာနဆိုရင် လစာတွေ အကြွေးတင်နေပါတယ်။ Evergrande ဘောလုံး ကလပ်သင်း ဆိုရင်လည်း အစိုးရက လွှဲပြောင်းယူရေး လုပ်ဖို့ လိုအပ်နေပါတယ်။"
Evergrande လုပ်ငန်းကြီးက တည်ဆောက်နေဆဲ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေလည်း လစာ မရတာ လနဲ့ချီ ရှိနေပြီလို့ လုပ်သား တဦး ဖြစ်တဲ့ Li Hongjun က ပြောပါတယ်။
" ဆွေးနွေးနေကြတာတွေ ရှိပါတယ်။ ဆက်ပြီး အလုပ်လုပ်နေသူ တချို့လည်း ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ မများပါဘူး။ ဧပြီလ စလို့ လုပ်အားခ မရတာ အခုထိပါဘဲ။"
တရုတ်ရဲ့ ဒုတိယ အကြီးဆုံး အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းကြီး ဖြစ်တဲ့ Evergrande လုပ်ငန်းကြီးရဲ့ ငွေချေးစာချုပ် ရောင်းဝယ်မှုကို တရုတ် အာဏာပိုင်တို့က စက်တင်ဘာလ ၃ ရက်နေ့မှာ ရပ်ဆိုင်းခိုင်းခဲ့တာပါ။ ရင်းနှီးမြှုပ်နှံသူတွေ အလုံးအရင်းနဲ့ ပြန်ရောင်းတဲ့ အခါမှာ ကုမ္ပဏီဘက်က ငွေမချေနိုင်မယ့် အရေး စိုးရိမ်ခဲ့ကြပြီး အရောင်းအဝယ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။
Evergrande လုပ်ငန်းကြီးကို ချေးငွေ အမြောက်အများ ချထားပေးခဲ့တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းကြီး ၂ ခုက ချက်ချင်း ငွေပြန်ဆပ်ဖို့ တောင်းဆိုတယ်ဆိုပြီး Bloomberg က ဆောင်းပါး ဖော်ပြပြီး နောက်မှာ ကုမ္ပဏီရဲ့ ငွေချေးစာချုပ်တွေကို အမြန် ထုတ်ရောင်းဖို့ လုပ်ခဲ့ကြပြီး တချို့ကတော့ ဈေးနှုန်းရဲ့ ၂၆ ရာခိုင်နှုန်းလောက်နဲ့ ရောင်းခဲ့ကြပါတယ်။
တရုတ်ရဲ့ လုပ်ငန်းကြီး တခု ဖြစ်တဲ့ China Huarong Asset Management လုပ်ငန်းကြီးဟာ ပြီးခဲ့တဲ့ နှစ် အတွင်း ဒေါ်လာ ၁၅ ဒသမ ၉ ဘီလျံ အရှုံးပေါ်ခဲ့တယ်ဆိုပြီး ဘဏ္ဍာရေး အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာဘဲ Evergrande လုပ်ငန်းကြီး အရေးကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Evergrande လုပ်ငန်းကြီး အနေနဲ့ ချေးငွေ ပြန်မဆပ်နိုင်မယ့် အန္တရာယ် ရှိနေကြောင်း၊ စီးပွားရေး ပုံမှန် လည်ပတ်မှုနဲ့ မဆိုင်တဲ့ အမှုအခင်းတွေ ရှိလာနိုင်ကြောင်းလည်း လုပ်ငန်းကြီးရဲ့ ဘဏ္ဍာရေး ရှင်းတမ်းထဲမှာ မဖြစ်မနေ ထည့်သွင်းခဲ့ရပြီး ရင်းနှီးမြှုုပ်နှံသူတွေကို သတိပေးခဲ့ရပါတယ်။ ရှယ်ယာ ပိုင်ရှင်တွေနဲ့ ရင်းနှီးမြှုုပ်နှံလိုသူတွေ အနေနဲ့ လုပ်ငန်းကြီးရဲ့ အစုရှယ်ယာတွေနဲ့ ပတ်သက်ရင် သတိထားဆောင်ရွက်ဖို့လည်း စက်တင်ဘာလ အစောပိုင်းမှာ Evergrande လုပ်ငန်းကြီးက ဖော်ပြခဲ့ရပါတယ်။
(Unicode)