ယူကရိန်း ဒုက္ခသည် ၄ သောင်းကျော် ပြင်သစ် ကူညီစောင့်ရှောက်ထား
{{Zawgyi/Unicode}}
ပြင်သစ်အစိုးရအနေနဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိလာတဲ့ ယူကရိန်းဒုက္ခသည်တွေကို အရေးပေါ်ယာယီတည်းခိုရာဖို့ နေရာတွေမှာထားပြီးနောက်၊ နေထိုင်ရေးနဲ့ မိသားစုအတွက် အထောက်အပံ့ တွေရရှိအောင်စီစဉ်ပေးသွားမယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
အိုးအိမ်မဲ့သွားတဲ့ ယူကရိန်းဒုက္ခသည်တွေကို အိုးအိမ်ရရှိဖို့၊ မိသားစုအထောက်ပံ့ရရှိဖို့နဲ့၊ မိသားစုဆက်လက်ရှင်သန်နိုင်ဖို့ အထောက်အပံ့တွေကို ရယူခံစားခွင့်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှ ဖေါ်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲစတင်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစပြီး ပြင်သစ်ကို ယူကရိန်းဒုက္ခသည် ၅ သောင်း ၇ ထောင်ကျော်ရောက်ရှိခဲ့ပါတယ်။ အများစုဟာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ အဲဒီအထဲက ၄ သောင်း ၁ ထောင်ကျော်ကို ယာယီကာကွယ် စောင့်ရှောက်မှု ခံစားခွင့်ပေးထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်း ခလေးငယ် ၁ သောင်း ၁ ထောင်ကျော်ဟာ ပြင်သစ်ကျောင်းတွေမှာ လက်ခံအပ်နှံထားပြီး၊ ကျောင်းတက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို နေ့ကလေးထိန်းကျောင်းအခမဲ့ ထားခွင့်လည်းပြုထားပါတယ်။
ဖေဖေါ်ဝါရီလ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက် အခုနောက်ဆုံးအချိန်အထိ ယူကရိန်း စစ်ပြေးဒုက္ခသည် ၄ သန်း ၇ သိန်းကျော်ဟာ တိုင်းပြည်စွန့်ခွါထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာန က ထုတ်ပြန်ထားပါတယ်။
...................................................................
{{Unicode}}