သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၁၆ ချန်ပီယံ ပြင်သစ်-ပေါ်တူဂီ ဘယ်သူဖြစ်မလဲ


ပေါ်တူဂီ ကစားသမားများ လေ့ကျင့်နေစဉ်
ပေါ်တူဂီ ကစားသမားများ လေ့ကျင့်နေစဉ်

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၁၆ ဥရောပဖလားဖိုင်နယ်ကို အိမ်ရှင်ပြင်သစ် နဲ့ ပေါ်တူဂီအသင်းတို့ ပဲရစ်မြို့မှာ ဒီကနေ့ ဗိုလ်လုကြမှာပါ။ ပြင်သစ်ပြည်သူတွေအတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်သလို၊ သူတို့အသင်းအောင်ပွဲရဖို့အရေကြီးတယ်လို့ ပြင်သစ်ဘက်က ပြောလိုက်ပြီး ၊ ပေါ်တူဂီဘက်ကတော့ ဖိုင်နယ်ပွဲမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒီပွဲအပေါ် ဂျာမနီနိုင်ငံက အကြားအမြင်ဆင်မကြီးရဲ့ ရွေးချယ်မှု နဲ့ အားကစားဆောင်းပါးရှင်တွေရဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကတော့ နောက်ဆုံး ဖိုင်နယ်ကို ရောက်လာပါပြီ။ အိမ်ရှင်ပြင်သစ် နဲ့ ပေါ်တူဂီ တို့ ပဲရစ်မြို့က Stade de France ဘောလုံးကွင်းကြီးမှာ မြန်မာစံတော်ချိန် တနင်္လာနေ့မနက် ၁ နာရီခဲွဲမှာ ဗိုလ်လုကြမှာပါ။ အိမ်ရှင်ပရိဿတ်ကတော့ သူတို့အသင်းကို အားပေးဖို့ပြင်နေကြပြီး၊ ပြင်သစ်အသင်းသာ ယူရို ၂၀၁၆ ဗိုလ်စွဲမယ်ဆိုရင် ပြင်သစ်နိုင်ငံသားတွေအတွက် စိတ်ဓါတ်တက်သွားစေမယ်လို့ ပြင်သစ်သမ္မတ Francois Hollande ကလည်း ပြောလိုက်ပါတယ်။

“ကျနော်က ကစားသမားမဟုတ်သလို၊ နည်းပြလည်းမဟုတ်ပါဘူး။ ပြင်သစ်အသင်းရဲ့ အောင်မြင်မှုဟာ ကျနော်ကြောင့်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဖိုင်နယ်နိုင်ပြီး ဗိုလ်စွဲလိုက်မယ်ဆိုရင်တော့ ပြင်သစ်ပြည်သူတွေ ပျော်ရွှင်ပြီး၊ စိတ်ဓါတ်တက်ကြွလာမှာဖြစ်သလို၊ အသင်းအတွက်လည်း ဂုဏ်ယူကြမှာဖြစ်ပါတယ်။”

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၃၀ သေဆုံးပြီး၊ ၃၇၀ နီးပါး ဒဏ်ရာရခဲ့ကြတာပါ။ ဒါကြောင့် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အနိုင်ရဖို့ အရေးကြီးတယ်လို့လည်း ပြင်သစ်အသင်းခေါင်းဆောင် Hugo Lloris က ပြောပါတယ်။ ပြင်သစ်နည်းပြ ဒေ့ရှောမ်ကလည်း အနိုင်ရဖို့အတွက် ရေကုန်ရေခမ်းကစားသွားမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။

“အားကစားကိုဝါသနာအရကစားတဲ့အခါ၊ စိတ်ပျော်ရွှင်မှုရဖို့ကစားကြတာပါ။ ဒါပေမဲ့ အဆင့်မြင့်ပြိုင်ပွဲတွေဝင်ပြိုင်တဲ့အခါတော့ ခင်ဗျားနိုင်ချင်တယ်။ နိုင်ရတာထက်ကောင်းတာဘာမှမရှိပါဘူး။ ဒါကိုလက်ခံဖို့လိုပါတယ်။ အဲဒါမတိုင်ခင် နိုင်ဖို့အတွက်တော့ လုပ်နိုင်သမျှလုပ်ရပါမယ်။ ဘောလုံးက သိပ္ပံလိုတော့ အတိအကျမဟုတ်ပါဘူး။ တခါတလေအသေးအဖွဲ့လေးတွေက အဆုံးအဖြတ်ပေးတာပါ။”

ပြင်သစ်အသင်းဟာ တပွဲနဲ့တပွဲခြေစွမ်းပြလာနေပြီး ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီးတဲ့နောက် ဗိုလ်စွဲဖို့ရေပန်းစားနေပါတယ်။ ဒါပေမဲ့လည်း ပြင်သစ်နည်းပြဒေရှောမ့်ကတော့ သူတို့အနိုင်ရသေးတာမဟုတ်သေးဘူးလို့ သတိပေးထားပါတယ်။ ပေါ်တူဂီရှေ့တန်းလူ ရိုနာလ်ဒိုကလည်း ပြင်သစ်အသင်းဟာ အိမ်ရှင်ဖြစ်တဲ့အတွက် အနိုင်ရဖို့ ပိုရေပန်းစားကြောင်း၊ ဒါပေမဲ့ ဖိုင်နယ်ပွဲက ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။ ပြင်သစ်ဟာအိမ်ရှင်ဖြစ်တဲ့အတွက် တပမ်းသာတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ နိုင်ရမယ်ဆိုတဲ့ဖိအားကလည်း တဘက်မှာရှိနေတယ်လို့ အားကစားဆောင်းပါးရှင် ဦးမြသက်က အခုလို ပြောပါတယ်။

"ဖိအားဖြစ်နိုင်တယ်ခင်ဗျ။ ဒါပေမယ့် ဖိအားကိုကျော်လွှတ်အောင် ပြင်သစ်ဘောလုံးသမားတွေက ဝါရင့်တယ်၊ အတွေ့အကြုံရှိတယ်။ နောက်သက်ဆိုင်ရာနေရာ တွေမှာလည်း အဓိကနေရာကနေကစားနေတယ်ဆိုတော့ ကျနော်ထင်ပါတယ် ဒီဖိအားကို သူတို့တောင့်ခံနိုင်မှာပါ။ ဖိအားက ပေါ်တူဂီမှာလည်း သွားသက်ရောက်မှုတွေများပြီးတော့ ပြင်သစ်အပေါ်မှာတော့ ဒီလောက်ရှိနိုင်မယ်မထင်ဘူး။"

ပေါ်တူဂီက Pepe နဲ့ William Carvalho တို့ ပြန်ပါလာမှာဖြစ်တဲ့အတွက် ၂ သင်းစလုံးမှာ ပွဲပယ် နဲ့ ဒဏ်ရာပြဿနာမရှိဘဲ လူစုံပါလာမှာဖြစ်ပါတယ်။ ပြင်သစ် နဲ့ ပေါ်တူဂီတို့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်မှာ ၃ ကြိမ်တွေ့ဖူးပြီး၊ ၃ ကြိမ်စလုံးပြင်သစ်က နိုင်ထားသလို၊ နောက်ဆုံး ၁၀ ကြိမ်မှာလည်း ပြင်သစ်ကပဲ အနိုင်ရထားတဲ့အတွက် အစဉ်အလာအရရော၊ လက်ရှိအခြေအနေမှာပါ ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဆိုတော့ ဒီအပေါ်မှာ အားကစားဆောင်းပါးရှင်တွေကရော ဘယ်လိုခန့်မှန်းပါသလဲ။

Soccer follow အယ်ဒီတာချုပ် ကိုကျော်ကျာ်မျိုးဟန်ကတော့

"ဟုတ် ပြင်သစ်က တိုက်စစ်ပိုင်း၊ ကွင်းလယ်ပိုင်းမှာ ပေါ်တူဂီထက် အများကြီးလည်းသာသလို အိမ်ရှင်လည်းဖြစ်တယ်။ နောက်သူတို့ ပေါ်တူဂီနဲ့ နောက်ဆုံးတွေ့တဲ့အချိန်တုန်းကလည်း နိုင်ထားတယ်ဆိုတော့ ပေါ်တူဂီရဲ့ နောက်တန်းပိုင်းကလည်း စိတ်မချရဘူးလေ။ အဲဒါကြောင့် ဒီပွဲကတော့ ပြင်သစ်အနိုင်လို့ပဲ ထင်တယ်။ ၁-၀ ဒါမှမဟုတ် ၂-၁ လောက်နဲ့ နိုင်မယ်လို့ထင်တယ်။"

တခါ အားကစားဆောင်းပါးရှင် ဦးမြသက်ကလည်း ပြင်သစ်ကိုကြိုက်တယ်လို့ ဆိုပါတယ်။

"အစစ အရာရာကတော့ ပြင်သစ်ကသာတယ်လေ ။ နောက်တခုက အိမ်ရှင်မို့လို့ အခွင့်အရေးသာတယ်ဆိုတာတော့ မဟုတ်ပါဘူး။ အိမ်ရှင်ဆိုတာတွေလည်း ရှုံးခဲ့တာတွေလည်းအများကြီးပဲ။ တကယ်တန်း သူခြေက ကွာတယ်။ ကျနော်ကတော့ ပြင်သစ် ဗိုလ်စွဲသွားမယ်လို့ထင်တယ်။ ဂိုးကတော့ သိပ်ပြီးတော့ မပြတ်လောက်ဘူး။"

အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ကတော့ -

"အတိတ်ကအစဉ်အလာတွေရော ဒီနှစ် ယူရိုပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းပေါ့ ၊ ခြေစွမ်းတွေအရဆိုရင် ပြင်သစ်နိုင်မယ့်ဘက်ကို ညွန်နေတာပေါ့။ သို့သော်လည်း ပေါ်တူဂီနည်းပြ ဖါနန်ဒိုက ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲပေါ့နော်။ ပြင်သစ်ကို ယှဉ်ကစားမလား၊ ပြင်သစ်ကို ယှဉ်ကစားမယ်ဆိုရင်တော့ သူမကစားနိုင်ဘူး ။ ကျနော်ကတော့ ဒီပွဲမှာ ပေါ်တူဂီနည်းပြအနေနဲ့ ပြင်သစ် ကို ကစားကွက်ဆင်လို့မရအောင် ကွင်းထဲမှာ ပြစ်ဒဏ်ဘော ဖြစ်တာတွေများအောင်လုပ်ပြီးတော့ သရေ လောက်ကစားသွားမယ်လို့ ကျနော်ကတော့ အဲဒီလောက် သုံးသပ်ချင်ပါတယ်။ ပေါ်တူဂီပဲ ပယ်နယ်တီလောက်မှာ အနိုင်ရပြီးတော့ ချန်ပီယန် ဖြစ်သွားမယ်လို့ သုံးသပ်မိတာပေါ့။ အမှန်တကယ်ဆို ပေါ်တူဂီက ဒီနှစ်မှာ အုပ်စုအဆင့်ကပဲ လှည့်ပြန်သင့်တဲ့အသင်းပေါ့ ။ သို့သော်လည်း ကံကောင်းစွာနဲ့ ဗိုလ်လုပွဲအဆင့်အထိတက်လာတာဆိုတော့ သူ့ရဲ့ကံကလည်း ဖလားရဖို့အထိ တွန်းပို့နေသလားဆိုတာ ထည့်တွက်ရတာပေါ့။"

ဂျာမနီအသင်းရဲ့ အုပ်စုပွဲစဉ်တွေအပါအဝင် ၊ ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲ မှန်အောင်ရွေးနိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံ စတုဂတ်မြို့က အကြားအမြင် ဆင်မကြီး ဇယ်လာကတော့ ပေါ်တူဂီအသင်း ဗိုလ်စွဲမယ်လို့ ရွေးလိုက်ပါတယ်။ ဆိုတော့ လူကြိုက်များရေပန်းစားနေတဲ့ အိမ်ရှင်ပြင်သစ်ပဲ ဗိုလ်စွဲမလား ၊ ဒါမှမဟုတ် ပေါ်တူဂီတွေကပဲ ၄၁ နှစ်ကြာ မနိုင်ထားတဲ့ရှုံးကြွေးကို ဒီတပွဲတည်းနဲ့ အကျေဆပ်သွားမလားဆိုတာကတော့ ရင်ခုန်စွာ နဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG