သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ပြင်သစ် အနိုင်ရ ဆီမီးဖိုင်နယ်ပွဲ သုံးသပ်ချက်


 ပြင်သစ်နဲ့ Belgium ကစားစဉ်
ပြင်သစ်နဲ့ Belgium ကစားစဉ်

မနေ့ညကရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲမှာ ပြင်သစ်က Belgium ကို ၁ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကိုတက်သွားခဲ့ပါပြီ။ နှစ်သင်းစလုံးအကြိတ်အနယ်ကစားခဲ့ကြပေမဲ့ ရတဲ့ အခွင့်အရေးကို အမိအရယူနိုင်ခဲ့တဲ့ပြင်သစ်အသင်းက အနိုင်ရသွားခဲ့တာပါ။ လေ့လာသုံးသပ်သူတွေကတော့ Belgium က ကစားကွက်သာတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကအားကစားကလောင်ရှင် ကိုဝင်းကျော်မင်းနဲ့ အမေရိကန်ပြည် ထောင်စုက မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ကိုရင်ထွေးတို့ရဲ့အမြင်တွေကို ကိုကျော်အောင်လွင်က ဆက် သွယ်မေးမြန်းထားပါတယ်။

ကိုကျော်အောင်လွင်။ ။ ကိုဝင်းကျော်မင်းကို စပြီးတော့ မေးပါရစေ။ ဒီ ပြင်သစ်က တကယ်ပဲ ထိုက်ထိုက်တန်တန်နဲ့ နိုင်သင့်လို့ နိုင်သွားတာလား။ Belgium က ညံ့လို့ရှုံးသွားတာလား။ ဘယ်လိုမြင်တာပါလဲခင်ဗျ။

ကိုဝင်းကျော်မင်း။ ။ ပြင်သစ်အနေနဲ့တကယ်ပဲ နိုင်သင့်နိုင်ထိုက်လို့ အနိုင်ရပြီး ဗိုလ်လုပွဲကိုတက်သွားတယ်လို့ ထင်တယ်ခင်ဗျ။ အဓိကတော့ နည်းပြ ဗျူဟာပိုင်းတွေက အဓိကကျတယ်လို့ထင်တယ်။ ပြင်သစ် နည်းပြ Didier Deschamps က Belgium နည်းပြ
Roberto Martínez ထက်စာရင် နည်းဗျူဟာပိုင်း ပိုပြီးတော့ကောင်းတယ်။

ကိုကျော်အောင်လွင်။ ။ ကိုရင်ထွေးရေ ဒီနေ့ပွဲမှာ Belgium က ပြင်သစ်ကို ရှုံးတာ ၁ လုံးတည်းနဲ့ပဲ ရှုံးတယ်။ ပြင်သစ်က ထပ်ပြီးတော့ မသွင်းနိုင်ဖို့ ခံကစားတယ် ။ ဒီနေ့ကစားပွဲကို ကိုရင်ထွေးဘယ်လိုမြင်သလဲခင်ဗျ။

ကိုရင်ထွေး။ ။ Belgiumအသင်းကစားကွက် တယောက်ချင်းရော ၊ ထိုးစစ်အား ခံစစ်အားရော ကစားတာကောင်းတယ်။ ကျနော်ကတော့ Belgium ကို တခါတည်း ဖိုင်နယ်တက်မယ်လို့ တွက်ထားတဲ့အထဲမှာပါတယ် ဘာပဲဖြစ်ဖြစ် ပြင်သစ်ကနိုင်သွားတယ် ဖိုင်နယ်ရောက်သွားတယ် ဆိုတော့ တကယ်ကောင်းလို့ရောက်သွားတယ်လို့ ကျနော်သတ်မှတ်ရမှာပေါ့နော်။

ကိုကျော်အောင်လွင်။ ။ကိုဝင်းကျော်မင်းဘယ်လိုမြင်ပါသလဲ ဒီပွဲမှာ ပြင်သစ်နဲ့Belgium ကစားကွက်မှာ ဘယ်သူကပိုပြီးတော့ အားသာတယ်လို့ ထင်ရပါသလဲ။

ကိုဝင်းကျော်မင်း။ ။ဒီ အပိုင်းမှာတော့ Belgium က ပိုပြီးသာတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Belgium အဓိက တိုက်စစ်မှူးက ပွဲတပွဲလုံးမှာ သူပဲရခဲ့တယ်။ ပြင်သစ်ကွင်းလယ်နဲ့ ခံစစ်တွေက ခံပြီးတော့ ဆော့ခဲ့တယ်။

ကိုကျော်အောင်လွင်။ ။ Belgium က ဒီနေ့ပွဲမှာ ရှုံးသွားတာ အဓိက ဘာကြောင့်လို့ထင်ပါသလဲ

ကိုဝင်းကျော်မင်း။ ။အဓိကတော့ ကျနော်ထင်တယ် ဒီပွဲကအဓိက နည်းပြ ဗျူဟာပိုင်း ၊ အမှားများတဲ့ ဂိုးသမားကြောင့် ရှုံးတယ်လို့ ယူဆတယ်။ အဲဒီအတိုင်းပဲ Courtois အနေနဲ့ လိုအပ်ချက်တွေရှိတယ်။ ဒီနောက်တန်းကစားသမား တွေအနေနဲ့လည်း အကောင်းဆုံးမကာကွယ်နိုင်ခဲ့ဘူး ဒီပွဲမှာ Belgium ဂိုးသမား ထက် ပြင်သစ်ဂိုးသမားက ပိုကောင်းခဲ့လို့ပဲ ဒီဗိုလ်လုပွဲကို တက်တယ်လို့ ထင်ပါတယ်။

ကိုကျော်အောင်လွင်။ ။ကိုရင်ထွေးရော ဘယ်လိုထင်ပါသလဲ Belgium ရှုံးသွားတာ အဓိကအချက်က ဘာကြောင့်လို့ထင်ပါသလဲခင်ဗျ။

ကိုရင်ထွေး။ ။ ကျနော်လည်း ဂိုးဖမ်းခဲ့တယ်ဆိုတော့ ကျနော်ကြိုက်ခဲ့တဲ့ ဂိုးသမားဆိုရင် တော်တော်ဦးစားပေးကြည့်တယ်။ ဂိုးသမားဆိုတာက ရှေ့ကကစားတဲ့ ဘောလုံးသမား ၁၀ ယောက်ကို အကုန်မြင်ရတယ်လေ ။ မြင်ရတော့ အော်ပေးတယ် ကျနော်ကြည့်တယ် Belgium ဂိုးသမားကကောင်းတယ် ဒါပေမယ့် သိပ်ပြီးတိတ်တယ် နောက်ကအော်တာမရှိဘူး။ ပြင်သစ်ဂိုးသမား နဲ့ Belgium ဂိုးသမားယှဉ်ရင် ပြင်သစ်ဂိုးသမားက လိုတာအားလုံးသူလိုက်အော်ပေးတယ် ဒါကြောင့်သူ့ကို Team Captain အနေနဲ့ ထားပေးတယ်။ အုပ်စုပွဲတုန်းက Belgium ဂိုးသမားကို Team Captain အနေနဲ့ ထားပေးတယ်။ ဒါပေမယ့် ကြည့်ရင်းကြည့်ရင်းနဲ့ Team Captain အနေကနေ နံပတ် ၁၀ ပြောင်းပေးလိုက်တယ်ပေါ့နော်။ ဒီပွဲပြန်ကြည့်ရင်တော့ အသာစီးနဲ့ ကစားတာက Belgium ဒါပေမယ့် ဂိုးသွင်းသွားတာက ပြင်သစ်။

ကိုကျော်အောင်လွင်။ ။ဆိုတော့ အခုပြင်သစ်က နောက်ဆုံးဗိုလ်လုပွဲ Final မှာစောင့်နေပြီ ။ ဒီနေ့ကစားမှာက အင်္ဂလန်နဲ့ ခရိုအေးရှား ကိုဝင်းကျော်မင်းဘယ်လိုထင်သလဲခင်ဗျ။

ကိုဝင်းကျော်မင်း။ ။ အင်္ဂလန်နဲ့ ခရိုအေးရှားကလည်း ပြင်သစ်နဲ့Belgiumလိုပွဲကောင်းတပွဲဖြစ်လာမယ်။ ၂၀၀၈ ခြေစစ်ပွဲတုန်းကဆိုရင် ခရိုအေးရှားက အင်္ဂလန် အိမ်ကွင်းမှာ အနိုင်ကစားခဲ့လို့ အဲဒီနှစ် အင်္ဂလန်က ခြေစစ်ပွဲမအောင်ခဲ့ဘူးဆိုတဲ့အခြေအနေတခုက ဒီပွဲမှာ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့်အနေအထားလို့ထင်တယ်။ သူနဲ့ အင်္ဂလန်ဆိုလည်း အခုလက်ရှိကျင်းပတဲ့ Russia နဲ့ နိုင်ငံရေးအခြေအနေ အဆင်မပြေမှုတွေရှိတယ် အဲဒီအခြေအနေက တခြားနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်အသီးသီးက သူတို့အသင်းတွေကို အဆင့်လိုက်အဆင့်လိုက်မှာ လာပြီးတော့ အားပေးကြတယ် ပွဲကြည့်ကြတယ်။ အင်္ဂလန်ကတော့ မလာဘူး ဒါပေမယ့် ဒီပွဲမှာ အင်္ဂလန်က ခရိုအေးရှားကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်မယ်ဆိုရင် ဗြိတိန်ဝန်ကြီးချုပ် May ရော ၊ တော်ဝန်မိသားစုတွေရော လာကြည့်ဖို့ရှိတယ်ဆိုတော့ ကျနော်ထင်တယ် ဒီပွဲကတော့ ၂ သင်းလုံးရဲ့ ပွဲကောင်းတခုဖြစ်လာမယ်။ ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်တဲ့ ရသအပြည့်ပေးမယ့် ပွဲကောင်းတခုလို့ ကျနော်တို့ ယူဆမိတယ်ခင်ဗျ။

ကိုကျော်အောင်လွင်။ ။ ကိုရင်ထွေးရောဘယ်လိုထင်သလဲခင်ဗျ။ အင်္ဂလန်နဲ့ ခရိုအေးရှား ဘယ်အသင်းသာမယ်ထင်သလဲ။

ကိုရင်ထွေး။ ။ ကျနော်ကတော့ အင်္ဂလန်ကို ခရိုအေးရှားထက်စာရင်ပိုကြိုက်တယ်။ အင်္ဂလန်မှာကစားတဲ့ ဘောလုံးသမားအများစုက Premier ကနေ မွေးဖွားလာတဲ့ ကစားသမားအများစုတွေ ဒီပွဲက ဆီမီးဖိုင်နယ်ပွဲကောင်းတပွဲ အင်္ဂလန်ကိုတော့ ပိုပြီးတော့ အားကြတယ်လို့ တွက်ထားတယ်။

XS
SM
MD
LG