သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တည်ငြိမ်မှု အခြေအနေ


ကမ္ဘာ့ နိုင်ငံတွေရဲ့ တည်ငြိမ်မှု အခြေအနေကို စောင့်ကြည့် ထုတ်ပြန်တဲ့ Fund for Peace အဖွဲ့ရဲ့ ၂၀၁၆ အစီရင်ခံစာ
ကမ္ဘာ့ နိုင်ငံတွေရဲ့ တည်ငြိမ်မှု အခြေအနေကို စောင့်ကြည့် ထုတ်ပြန်တဲ့ Fund for Peace အဖွဲ့ရဲ့ ၂၀၁၆ အစီရင်ခံစာ

မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု အခြေအနေဟာ သတိနဲ့ စောင့်ကြည့်ရမယ့် အဆင့်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ နိုင်ငံတွေရဲ့ တည်ငြိမ်မှု အခြေအနေကို စောင့်ကြည့် ထုတ်ပြန်တဲ့ Fund for Peace အဖွဲ့ရဲ့ ၂၀၁၆ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ ကဏ္ဍအချို့မှာ ထင်သာမြင်သာတဲ့ တိုးတက်မှုအချို့ ရှိခဲ့ပေမယ့် အခြား ကဏ္ဍတွေမှာ ဆက်ပြီး ကျဆင်းနေဆဲဖြစ်တဲ့အတွက် အခုလို စောင့်ကြည့်ဖို့ လိုအပ်ဆဲ အဆင့် သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ သတင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ကမ္ဘာ့ နိုင်ငံတွေရဲ့ တည်ငြိမ်မှု အခြေအနေကို ပြတဲ့ Fragile States Index အညွှန်းကိန်းကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် Fund for Peace အဖွဲ့က ဇွန်လ ၂၇ရက်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က နိုင်ငံပေါင်း ၁၇၈ နိုင်ငံအတွက် စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု အဆင့်က ၂၇ ရှိခဲ့ပေမယ့်၊ အခု ၂၀၁၆ခုနှစ် မှာတော့ အဆင့် ၂၆ နဲ့ စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းထဲမှာ ပါဝင် နေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က အောင်အောင်မြင်မြင် ကျင်းပပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲကြောင့် “နိုင်ငံရဲ့ တရားဝင်ရပ်တည်မှု” လို့ခေါ်တဲ့ အညွှန်ကိန်းမှာ တိုးတက်လာခဲ့ပေမယ့်၊ နိုင်ငံအနှံ့ရေကြီး ရေလျံမှုတွေ ကြုံတွေ့ခဲ့ပြီး၊ လူသေဆုံးမှု များပြားခဲ့တာနဲ့ နိုင်ငံ့ စီးပွားရေးကို ထိခိုက်မှု ရှိခဲ့ပြီး ဒီရေကြီးရေလျံမှုတွေ ကြုံခဲ့တာကြောင့် လူဦးရေရဲ့ ဖိအား လို့ခေါ်တဲ့ အညွှန်းကိန်းမှာ ကျဆင်းခဲ့ပြီး၊ ဒါဟာ ၂၀၁၆ ခုနှစ်အတွက် အဆင့်သတ်မှတ်ချက်မှာ ကျဆင်းခဲ့တဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ Fund for Peace အဖွဲ့က ညွှန်ကြားရေးမှူး Nate Haken က ပြောပြပါတယ်။

“၂၀၁၆ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အညွှန်းကိန်းတွေကို ကြည့်မယ် ဆိုရင် နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ရေကြီး ရေလျံမှုတွေကြောင့် လူဦးရေရဲ့ ဖိအားပေးခံရမှုကို ပြတဲ့ အညွန်ကိန်းအရ အခြေအနေ ပိုဆိုးလာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်ရှိနေတဲ့ ဘာသာရေးအရ ကွဲပြားမှုတွေကို သည်းမခံနိုင်မှုတွေကြောင့် လူထုရဲ့ စုစည်းညီညွတ်မှုကို ပြတဲ့ အညွှန်းကိန်းမှာလဲ ပိုဆိုးလာပါတယ်။ ဒါအပြင် နိုင်ငံတွင်းက ပြည်သူတွေ ထွက်ခွာမှုနဲ့ ဦးနှောက် ယိုစီးမှု အခြေအနေကို ပြတဲ့ အညွှန်းကိန်းမှာလဲ ပိုဆိုးလာပါတယ်။ ဒါတွေအားလုံးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တည်ငြိမ်မှု အဆင့်ကျသွားတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တာကြောင့် အစိုးရရဲ့ တရားဝင်ဖြစ်မှုကို ပြတဲ့ အညွှန်းကိန်းမှာ တိုးတက်လာပါတယ်။ ”

၂၀၁၆ ခုနှစ်အတွက် Fragile States Index အညွှန်ကိန်းအရ ကမ္ဘာ့ နိုင်ငံ ၁၇၈နိုင်ငံထဲမှာ တည်ငြိမ်မှု အနည်းဆုံး ဆိုမာလီယာ နိုင်ငံက အဆင့် ၁ ဖြစ်ပြီး၊ တည်ငြိမ်မှု အရှိဆုံး ဖင်လန်နိုင်ငံက အဆင့် ၁၇၈ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တည်ငြိမ်မှု အဆင့်သတ်မှတ်ချက်အရ ဒေသတွင်းနိုင်ငံတွေထဲမှာ အနိမ့်ဆုံး ဖြစ်နေပေမယ့်၊ နိုင်ငံ တစ်နိုင်ငံရဲ့ တည်ငြိမ်မှုဆိုတာ ရှုပ်ထွေးပြီး နက်နဲတဲ့ ကိစ္စတစ်ခုဖြစ်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကို တည်ငြိမ်မှု အဆင့်အရ နှိုင်းယှဉ်ကြည့် ရုံနဲ့ အခြေအနေမှန်ကို မသိနိုင်တဲ့အကြောင်း Nate Haken က ပြောပါတယ်။

“နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ အဲဒီနိုင်ငံရဲ့ မတူညီတဲ့ အညွှန်ကိန်းတွေ အချိန်ကာလတစ်ခုအတွင်းဘယ်လောက် ပြောင်းလဲလာသလဲ ဆိုတာကို ကြည့်ပြီး၊ သုံးသပ်မယ်ဆိုရင် ပိုပြီး အဓိပ္ပါယ်ရှိပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ ရှိနေတဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေက တစ်နိုင်ငံနဲ့ တစ် နိုင်ငံမတူနိုင်ပါဘူး။ ဒါကြောင့်မို့ အညွှန်ကိန်း တစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်မှု အတွက် အရမ်းအရေးကြီးပေမယ့် အခြား တစ်နိုင်ငံအတွက်တော့ အရေးကြီးချင်မှ ကြီးမယ်။ ဒါကြောင့်မို့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကို အဆင့်နဲ့ နှိုင်းယှဉ်ပြီး သုံးသပ်တာမျိုးကို ကျွန်တော်တို့ အားမပေးပါဘူး။

ဒေသတစ်ခုမှာ ဘယ်နိုင်ငံက အတည်ငြိမ်ဆုံးဖြစ်ပြီး၊ ဘယ်နိုင်ငံကတော့ တည်ငြိမ်မှု အနည်းဆုံးဖြစ်တယ် ဆိုတာမျိုး သုံးသပ်တာမျိုးထက်၊ တစ်နိုင်ငံချင်းစီရဲ့ အညွှန်းကိန်းတွေကို နက်နက်နဲနဲ ကြည့်စေချင်ပါတယ်။ တစ်နိုင်ငံချင်းစီမှာ ဘာတွေ တိုးတက်မှု ရှိခဲ့သလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတာမျိုးကို ကြည့်ပြီး သုံးသပ်ပြီးမှသာ စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းတဲ့ တည်ငြိမ်မှုမျိုး ဖြစ်လာဖို့ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။”

မြန်မာ နိုင်ငံတည်ငြိမ်မှု ရှိဖို့အတွက် သဘာ၀ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ ပြန်လည် ထူထောင်ဖို့နဲ့ အနာဂတ်မှာ ကျရောက်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့၊ ဘာသာရေးနဲ့ လူမျိုးရေး ကွဲပြားမှုတွေအပေါ် သည်းခံနိုင်စွမ်း တိုးတက်လာဖို့၊ ကာလရှည်ခံတဲ့ ငြိမ်းချမ်းရေး ရဖို့၊ ပြည်သူ့ကိုယ်စားပြုတဲ့ အစိုးရ တင်မြှောက်နိုင်ခဲ့တာလိုမျိုး ရရှိပြီးသား အောင်မြင်မှုတွေကို ဆက်ထိမ်းထားနိုင်ဖို့ စတာတွေလိုအပ်တယ်လို့ Fund for Peace အဖွဲ့က သုံးသပ်ထားပါတယ်။

မြန်မာ့တည်ငြိမ်မှု အခြေအနေ
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG