မြန်မာအစိုးရတပ်က ၄ လကြာ ယာယီအပစ်အခတ် ရပ်စဲထားမယ်ဆိုတဲ့ ကြေညာချက်အပေါ် ပြည်ပရောက် တိုင်းရင်းသားတချို့က သတိနဲ့ ကြိုဆိုလိုက်ကြပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေဖြစ်လာအောင် တပ်မတော်ဘက်က လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံတကာဖိအားတွေ ကြုံနေရချိန်မှာ စစ်တပ်ရဲ့ ဒီလို ယာယီ အပစ်ခတ်ရပ်စဲမှုဟာ နိုင်ငံရေးလှည့်ကွက်များလားလို့ သံသယဝင်သူ တချို့လည်း ရှိပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောတဲ့အနေနဲ့ မြန်မာ့ တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကိုလုပ်တာဖြစ်တယ်လို့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။
“ ငြိမ်းချမ်းရေးကတော့ ကျနော်တို့လည်း တော်တော်ကြီးကို ကြိုးစားအားထုတ်မှုတော့ လုပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် ဖြစ်နိုင်တာအားလုံးကို ဆောင်ရွက်ပေးလ ျှက်ရှိပါတယ်။”
မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအောင်းပလောင်ဝ်၊ ကိုးကန့်တပ်ဖွဲ့နဲ့ ရခိုင်တပ်ဖွဲ့တို့က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားနိုင်ဖို့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ယာယီရပ်ဆိုင်းထားမယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ကြေညာခဲ့ပြီး တပ်မတော်အနေနဲ့လည်း အလားတူ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက်မှာတော့ မြန်မာ့တပ်မတော်က အခုလို ယာယီအပစ်ရပ်ဖို့ ကြေညာလာတာပါ။
တပ်မတော်ရဲ့ကြေညာချက်ကို ကြိုဆိုရမှာဖြစ်ပေမယ့် အပစ်ရပ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အခြေအနေမျိုး မရောက်အောင် ညှိနှိုင်းဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။
“ပထမအဆင့်ဖြစ်တဲ့ အပစ်ရပ်က အခု တပ်မတော်က ကြေညာလိုက်ပြီဆိုတာ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ တကယ်ပဲ အပစ်ရပ်ပြီးတော့မှ ဆွေးနွေးပွဲကို ချက်ခြင်းခေါ်ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ဖို့ လိုတယ်။ ဒါပေမယ့် တခု သတိထားရမှာက NCA ထိုးပြီးတော့မှ၊ အပစ်ရပ် လက်မှတ်ထိုးပြီးတော့မှ ပြန်တိုက်တာတွေလည်း အများကြီးရှိတယ်။ ဆိုတော့…အခု စစ်ပွဲတွေ လေးလ ရပ်လိုက်မယ်ဆို ကြေညာပြီးတော့မှ ပြန်တိုက်မလား၊ တကယ်ပဲရပ်မလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။”
ဝါရှင်တန်ဒီစီ အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဦးဂွမ်ဆန်ကတော့ အစိုးရတပ်ရဲ့ ယာယီအပစ်ရပ်ရေးကြေညာချက်ကို ကြိုဆိုပေမယ့် ဒါဟာ နိုင်ငံရေးလှည့်ကွက် များလားလို့ သံသယဝင်မိကြောင်း သုံးသပ်ပါတယ်။
“ဒီလို အလင်းရလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် တားမြစ်ချက် နည်းနည်းများနေတယ်လို့ပဲ မြင်ပါတယ်။ အနောက်ပိုင်းမှာ အခု တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာတဲ့ ကျနော်တို့ရဲ့ ရခိုင့်တပ်မတော်ကို ပိတ်ထားလားလို့ ပြန်စဉ်းစားမိတာပေါ့။ လေးလဆိုတာ ကျနော်တို့ မြောက်ပိုင်းကို ငြိမ်ထားပြီးမှ အနောက်ပိုင်းကို အဓိက ပြန်ချပြီးမှ တိုက်ရေးခိုက်ရေးအတွက် ပြန်စီစဉ်တာ လွယ်သွားပါတယ်။ ကျနော့်အမြင်ကတော့ နိုင်ငံရေးလှည့်ကွက်ပါပဲ။ နိုင်ငံတကာနဲ့ ပတ်သက်မှဆိုရင်ရော မျက်နှာလှတာပေါ့။ ဒီလိုမျိုး cease fire ကြေညာတာကတော့-နောက်တခုကတော့ နိုင်ငံတကာကနေပြီးတော့ ဖိအားကတော့ လွန်ခဲ့တဲ့ ရက်သတ္တတပတ်အတွင်း အင်မတန်ကြီး သုံးလာတယ်လို့လည်း မြင်ပါတယ်။ ဒီဟာတွေ အားလုံး ကတော့ နိုင်ငံရေးလှည့်ကွက်ပါပဲ။ အဲလိုပဲ ကျနော် ယူဆပါတယ်။”
ရှမ်း ကချင်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ် တလျှောက်မှာရှိတဲ့ တပ်မတော်ရဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့ မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း ၊ အရှေ့ အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ ၂၀၁၈ ဒီဇင်ဘာ ၂၁ ကနေ ၂၀၁၉ ဧပြီ ၃၀ နေ့အထိ ၄ လကျော် တပ်မတော်က အပစ်ရပ်ထားမှာဖြစ်ပြီး အဲဒီလိုကာလအတွင်း အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေကို ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ညှိနှိုင်း ဆွေးနွေးကြဖို့ လိုကြောင်းနဲ့ လိုအပ်ရင် တပ်မတော်ဘက်ကလည်း ပါဝင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းညီညီက မနေ့က နေပြည်တော်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။