ကမ္ဘာပေါ်က အထူး စိုးရိမ်ရတဲ့နိုင်ငံတွေရဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် သတိပေးချက်ကို ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေဟာ ပိုမိုဆိုးဝါး လာနေတယ် လို့လည်း ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို စုံစမ်းထားတဲ့ ဗွီအိုအေ အဖွဲ့သား ကိုခင်မောင်စိုးမင်းက လယ်ယာစိုက်ပျိုးရေးတွေကို လေ့လာနေကြသူတွေနဲ့ မေးမြန်းပြီး အခုလို စုစည်းတင်ဆက်ထားပါတယ်။
ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO ရဲ့ ထုတ်ပြန်ချက်တဲ့ ကမ္ဘာပေါ်က စိုးရိမ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု သတိပေးချက်ထဲမှာ မြန်မာနိုင်ငံဟာလည်း စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေတွေ ပိုမိုဆိုးဝါးလာရတာက စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အတွက်ကြောင့်လို့ မကြာသေးခင်က အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။
"ရွာတွေမှာ ရွာလုံးကျွတ် မီးရှို့တဲ့အခါမှာ စပါးကျည် အများကြီးပါတယ်။ လယ်ကွင်းတွေကတော့ အားလုံးတော့မဟုတ်ဘူး။ လယ်ကွင်းတွေလည်းပါတယ်။ တဖက်မှာလည်း အဆိုးဆုံးကတော့ စိုက်ပျိုးရာသီမှာ စစ်ကြောင်းတွေထိုးလာတဲ့အခါ ရွာသူရွာသားတွေ ပြေးရတာပေါ့။"
ဒီလို စစ်ကိုင်းတိုင်းမှာ ကြုံရသလို မြန်မာနိုင်ငံမှာ ပြည်နယ် အားလုံးနဲ့ တိုင်းဒေသကြီး အများစုတို့မှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေပြီး နကိုယ်ကတည်းက အခြေအနေ မကောင်းတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ အခုအခါမှာတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ မရတော့ပါဘူး။ အဲဒီအထဲမှာမှ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ် တွေက ဒေသ အတော်များများမှာလည်း FAO က ထုတ်ပြန်ထားတဲ့ အတိုင်း ဖြစ်လာနိုင်ချေရှိတယ်လို့ ဒေသခံ တောင်သူလယ်သမားအရေး ၊ လူအခွင့်အရေး လုပ်ကိုင်နေကြသူတွေက တွက်ချက် ပြောဆိုကြ ပါတယ်။ မကွေးတိုင်းအတွင်းက ယောဒေသ အပါအဝင် မြို့နယ် တချို့မှာ စစ်ပွဲတွေ နဲ့ မေလအတွင်း ကြုံခဲ့ရတဲ့ မိုခါမုန်တိုင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီး၊ ထပ်ပြီးလည်း စိုက်ပျိုးနိုင်ခြင်း မရှိတဲ့အခြေအနေကြုံနေရတာပါ။ အဲဒီကနေအကျိုးဆက်အဖြစ် ဆင့်ကဲဖြစ်လာနိုင်တာတွေက အခြေအနေတွေပိုဆိုးလာစေမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဒေသတွင်း တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက အခုလိုပြောပါတယ်။
" မိုခါမုန်တိုင်းပြီးမှ FAO က ထုတ်ပြန်တာ။ မုန်တိုင်း နဲ့ စစ်ဘေးကို အခြေပြုပြီး စစ်တမ်းကောက်နေတာ ကျနော်သိတယ်။ ယျေဘူရသဘောကိုတော့ သူတို့ မှန်တယ်ဗျ။ တနိုင်ငံလုံး အတိုင်းအတာကတော့ ပြောလို့မရဘူး။ အဓိက ကတော့ စစ်ဖြစ်နေတဲ့ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် တို့ကတော့ စားနပ်ရိက္ခာ အခက်အခဲ ကျနိုင်တယ်။ အငတ်ဘေး ကျနိုင်တယ် ဆိုတဲ့ဟာက သေချာသလောက်ရှိတယ်။ ဘာလိုဆိုတော့ စစ်ဘေးကြောင့် ဒုက္ခ၊ သုက္ခတွေဖြစ်နေတဲ့ အချိန်မှာ မုန်တိုင်းက ဝင်ဆောင့်လိုက်တော့ သူတို့ ဒုက္ခရောက်ကျတာ ဘူးလေးရာ၊ ဖရုံဆင့်ဆိုသလိုပဲ။ အဲဒီအကျိုးဆက်က သူတို့လက်ထဲမှာ စားစရာ ဆန်မရှိလောက်တော့ဘူးလို့ ကျနော်မှန်းတယ်ဗျ။ ကျောက်ထု၊ ဆော၊ ထီးလင်း ၊မင်းတပ် ၊ ဂန့်ဂေါ နောက် ပေါက်မြို့နယ်ပေါ့ ။ အဲဒီလိုမျိုး PDF တပ်တွေကို ရွာတွေက ထောက်ပန့်နေတယ်ဆိုတာ သိတယ်။ အဲဒါကို ရွာတွေက ကြွေးထားတာပေါ့ဗျာ။ ရွာတွေကို စီးပွားရေးတွေ နိုမ့်ကျသွားအောင်၊ လွန်ခဲ့တဲ့ တလကျော်ကျော်က ကုန်အဝင်ရော၊ အထွက်ရော လက်မခံဘူးဆိုပြီး စစ်တပ်က ကြေညာလိုက်တယ်။ အဲဒီမှာ ဆန်တပြည်ကို ၅ ထောင်ကျော် ၆ ထောင်လောက်ပေါက်နေတယ်။ အဲဒါတောင် လိုချင်သလို ဝယ်မရဘူး။ ပြသာနာက ကုန်ဝင် ကုန်ထွက်တွေကို စကစ တပ်တွေက ထိန်းချုပ်ထားတယ်။ မြို့ကကုန်တွေ မဝယ်ရဘူး။ ရွာက ကုန်တွေ မြို့မထွက်ရဘူး။ ဒါက အစပဲရှိသေးတယ်။ အဲဒီလို ပိတ်ဆို့ထားတဲ့အတွက် တောင်သူလယ်သမားတွေက ကိုယ်စိုက်စရာရှိတာကိုလည်း မစိုက်နိုင်တော့ဘူး။ ခဏခဏ စစ်ကြောင်းတွေ ထိုးတဲ့အခါကြတော့ ထွက်ပြေးနေရတာနဲ့ အချိန်ကုန်နေကြတယ်"
အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကတည်းက တိုင်းဒေသအများစုမှာ တောင်ယာလုပ်ငန်းတွေ လုပ်လို့မရခဲ့ကြပါဘူး။ အခုအခါမှာတော့ လေကြောင်းကနေပါ တိုက်ခိုက်နေတာနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို စစ်ကောင်စီတပ်တွေက တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတဲ့အတွက်ကြောင့် စားနပ်ရိက္ခာရရှိဖို့ အရင်ကထက် ပိုမိုခက်ခဲနေပါတယ်။ ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ပူးတယ်ရက အခုလို ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ ချင်းပြည်နယ်မှာ မှီခိုအားထားရတဲ့ စိုက်ထားတဲ့ တောင်ယာတွေ၊ လယ်ယာတွေ အရင်လို စိုက်ပျိုးလို့မရတော့ဘူး။ သိတဲ့အတိုင်းပဲ လေကြောင်းနဲ့ တိုက်ခိုက်တာလည်း ရှိတယ်။ ပြီးတော့ တခါတလေ လက်နက်ကြီးနဲ့ ထု့တာလည်းရှိတယ်။ တခါ စစ်ကြောင်းထိုးတာလည်း ရှိတယ်ဆိုတော့ အဲဒါ ပြေးရ လွှားရနဲ့ သူတို့ တောင်ယာလုပ်လို့မရတော့ဘူး။ သူတို့ အရင်က တည်ငြိမ်တဲ့အချိန်မှာ စုဆောင်းထားသမျှ ကုန်သလောက်ဖြစ်နေပြီ။ တချို့ဆိုရင် ဆန်ပြတ်လပ်နေပြီ။ ခုနောက်ပိုင်း သူတို့က သစ်ဥသစ်ဖုတွေလည်း လွတ်လွတ်လပ်လပ် ရှာဖွေလို့မရတော့ဘူး။ အများအားဖြင့် ပြည်သူတွေက ဗုံးခိုကျင်းနဲ့ သူတို့ တူးနေကြတယ်။ ချင်းပြည်မှာလည်း ငတ်မွတ်ခေါင်းပါးမှုက အခုလည်းစနေပြီ "
စစ်ကိုင်းတိုင်းအတွင်းမှာလည်း ချင်းတွင်းမြစ် အရှေ့ဖက်၊ အနောက်ဖက် တလျှောက်လုံးနီးပါး အပါအဝင် နေရာအတော်များမှာ စစ်ကောင်စီတပ်တွေ နဲ့ ဒေသခံ ပြည်သူကာကွယ်ရေး PDF တွေအကြား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။ အဲဒီအတွက် ဒေသခံတွေရဲ့ အဓိက စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်လာခဲ့သလို အခုအခါမှာတော့ စစ်ကောင်စီတပ်တွေက မြေပြင်က စစ်ကြောင်း ထိုးတာတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်တာကိုပါ ကြောက်လန့်နေရတဲ့အတွက် အခုလို စိုက်ပျိုးရာသီမှာ တောင်သူလယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာတွေထဲကို မထွန်ယက်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအတွက် တောင်သူလယ်သမား အတော်များများဟာ ခိုင်းနွားတွေကို ရောင်းချပြီး လတ်တလော စားနပ်ရိက္ခာအတွက် ဖြေရှင်းနေကြရတာတွေလည်းရှိပါတယ် ။ ဒီလို အခြေအနေတွေကြောင့် မကြာခင်မှာ စစ်ကိုင်းတိုင်းအတွင်းက ဒေသတချို့မှာ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေ ဆိုးဆိုးရွားရွား ကြုံလာရနိုင်တယ်လို့ ဒေသတွင်း စောင့်ကြည့်အကဲခတ်နေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က အခုလို သုံးသပ်ပါတယ်။
"စစ်ကိုင်းတိုင်းရဲ့ စပါးကျည်ပေါ့။ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက် အဲဒီနေရာတွေမှာ စစ်ပွဲတွေက ဖြစ်နေတယ်။ ရွာတွေမှာ ရွာလုံးကျွတ် မီးရှို့တဲ့အခါမှာ စပါးကျည် အများကြီးပါတယ်။ လယ်ကွင်းတွေ ကတော့ အားလုံးတော့မဟုတ်ဘူး။ လယ်ကွင်းတွေလည်းပါတယ်။ တဖက်မှာလည်း အဆိုးဆုံးကတော့ စိုက်ပျိုးရာသီမှာ စစ်ကြောင်းတွေထိုးလာတဲ့အခါ ရွာသူရွာသားတွေ ပြေးရတာပေါ့။ အထူးသဖြင့်တော့ လေကြောင်းကို ပိုကြောက်ကြတယ်ဗျ။ ရာသီကလည်း စိုက်ပျိုးရာသီဖြစ်နေတာ။ အခု ကျနော်တို့ စစ်ကိုင်းတိုင်းမှာ လေကြောင်းပစ်ခတ်မှုက အသလွတ် လာပစ်တာ ၊ ပဲစိုက်ဖို့အတွက် ထွန်ယက်ထားတဲ့ ယာကွက်ကြီးလည်း ပစ်သွားတာတွေ့ရတယ်။ နံပတ် ၁ ကတော့ တောင်သူတွေ ယာထဲကို မဆင်းရဲအောင် ခြိမ်းခြောက်တာပေါ့။ လူတွေက ထိတ်လန့်နေတာပေါ့။ အသက်ထက်တော့ ဘာမှ အရေးမကြီးဘူး။ ယာမစိုက်ရတာ ဘာမှမဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သွားတာပေါ့။ စစ်ကြောင်းတွေ ထိုးနေတယ်။ တောင်သူတွေကလည်း လုပ်ကိုင်လို့ မရတဲ့ အခြေအနေပေါ့။ သီးနှံစိုက်ပျိုးရမယ့် အချိန်မှာ ဒီယာတွေ၊ မြေတွေ စွန့်လွတ်ပြေးရတယ်။ ပုံမှန်ဝင်ငွေက စစ်ပွဲဖြစ်တဲ့အတွက် မရှိဘူး။ ပြေးရလွှားရနဲ့။ နေရာအနှံ့ဖြစ်လာတဲ့အခါမှာ ရာခိုင်နှုန်းတခုလောက်ကတော့ ကျနော်ထင်တယ် အငတ်ဘေး ဆိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ် "
စစ်ဖြစ်နေတဲ့ မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဖက်ကမ်းဒေသတချို့ ၊စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ် တွေက စစ်ဘေးရှောင်တွေဟာ ပြည်တွင်းက လက်လှမ်းမီတဲ့ အဖွဲ့အစည်းတချို့က စွန့်စားသွားရောက် ကူညီလို့ တခါတရံ အကူအညီရတာလောက်ပဲရှိပေမယ့် လုံခြုံစိတ်ချရတဲ့ ဒုက္ခသည်စခန်းမျိုးမှာ ခိုလှုံရတာမဟုတ်ပဲ ကြုံသလို ပြေးလွှားနေရတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲကတော့ ကြုံနေကြရပါတယ်။ အလားတူ စစ်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာလည်း အဆက်မပြတ်သွားတဲ့ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေကို အရင်ကလို လုပ်ကိုင်နိုင်ခြင်းမရှိတော့ပဲ စားနပ်ရိက္ခာ အခက်အခဲအတွက်ကတော့ နယ်စပ်ဒေသကနေ ဝင်ရောက်ကူညီပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဒေသခံ အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပဲ မှီခိုနေကြရပါတယ်။
ဒီလို နိုင်ငံတဝန်းကြုံနေရတဲ့ အခြေအနေတွေကြောင့်ပဲ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် နိုင်ငံ၊ အာဖရိကတိုက်နိုင်ငံတချို့နဲ့အတူ အရေးပေါ်အကူအညီ အလိုအပ်ဆုံး နဲ့ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO ထုတ်ပြန်ထားပါတယ်။
မနှစ် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးမဲ့ အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့သူတွေ အပါအဝင် လူ ၁၅ သန်း ၂ သိန်း စားနပ်ရိက္ခာနဲ့ အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့တွေ လိုအပ်ခဲ့တဲ့အကြောင်း FAO အရာရှိတွေက ပြောဆိုထားပါတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ် နဲ့ အမျိုးသမီး ၂ သန်း ၂ သိန်းအတွက် အဟာရ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်မယ်လို့လည်း FOA ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆယ်နိုင်ငံထဲမှာ ပါဝင်နေတယ်ဆိုပြီးတော့လည်း FAO အကြီးတန်းအရာရှိတဉီးက မေလ ပထမပတ်အတွင်းက သတိပေးခဲ့ပါတယ်။