သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံရေးပြိုင်ဖက်တွေကြား အဓိကရုဏ်းဖြစ်ပွား၊ အနည်းဆုံး ၅ ဦးသေ


(Zawgyi / Unicode)

အီရတ်နိုင်ငံမှာ သြဇာကြီးမားတဲ့ ရှီယာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Muqtada al-Sadr ဟာ နိုင်ငံရေးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီးနောက် Baghdad မြို့တော်မှာ တနင်္လာနေ့က သူနောက်လိုက်တွေနဲ့ ပြိုင်ဖက်အုပ်စုတွေအကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကြပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီလိုဖြစ်စဉ်မှာ အနည်းဆုံး လူ ၁၉ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ နဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ Baghdad မြို့တော်က အစိုးရအဆောက်အဦတွေ၊ နိုင်ငံတကာရုံးတွေ တည်ရှိကြတဲ့ Green Zone အတွင်းမှာ al-Sadr ရဲ့ နောက်လိုက်တွေ ဝင်ရောက်ပြီး အစိုးရ နန်းတော်ကိုလည်း စီးနင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်လိုလားတဲ့ ပြိုင်ဖက်အဖွဲ့ကို ထောက်ခံကြသူတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြပါတယ်။

အီရတ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာကတော့ နေ့လည် ၃ နာရီခွဲကနေ အိမ်ပြင်မထွက်ရ Curfew အမိန့်ကို တနိုင်ငံလုံးကို ထုတ်ပြန်ထားပြီး ဆန့်ကျင်ဆန္ဒပြနေကြသူတွေကို Green Zone အတွင်းကနေ ထွက်ခွာပေးဖို့လည်း တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အထွေထွေ ရွေးကောက်ပွဲမှာ al-Sadr ရဲ့ ပါတီက အမတ်အများစု အနိုင်ရရှိခဲ့ပေမယ့် အစိုးရဖွဲ့နိုင်တဲ့ တဝက်ကျော် အရေအတွက်အထိတော့ မရရှိခဲ့ပါဘူး။

ပြိုင်ဖက် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ရှီယာ မွတ်ဆလင်ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့စည်းဖို့ ငြင်းပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လမှာပဲ သူ့ပါတီက လွှတ်တော်အမတ်တွေ အားလုံးကို ပါလီမန်ကနေ ရုပ်သိမ်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲအသစ်ကို အမြန်ဆုံး ကျင်းပပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG