အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မှာရှိတဲ့ ဆေးရုံတခုက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစ ကလေးငယ် ၁၀ ဦး သေဆုံးပြီး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
Uttar Pradesh ပြည်နယ်၊ Jhansi မြို့က ဆေးရုံမီးလောင်ခဲ့တာပါ။ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးအလျင်အမြန် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း၊ အဲဒီအထဲက ကလေးငယ် ၄၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ ဒေသတွင်းတာဝန်ရှိသူ Bimal Kumar Dubey က ပြောပါတယ်။
ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Brajesh Pathak အခင်းဖြစ်တဲ့ ဆေးရုံကို ဒီကနေ့ သွားရောက်ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ့်အကြောင်း သူက ကတိပြုခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာကို မီးသတ်တပ်ဖွဲ့ ရောက်လာတဲ့အချိန်မှာ ဆေးရုံအဆောင်တခုလုံး မီးခိုးတွေနဲ့ ပြည့်နေတာကြောင့် ပြူတွင်းပေါက်တွေကို ရိုက်ချိုးပြီး ဝင်ခဲ့ရပြီး ကလေးငယ်တွေကို ရှာဖွေကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မီးစလောင်ပြီး မိနစ် ၃၀ လောက်အကြာမှ စတင်လုပ်ဆောင်နိုင်တယ်လို အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
Forum