အာဏာသိမ်းစစ်ကောင်စီကနေ ၂ သောင်းတန်ငွေ စက္ကူတွေ ထုတ်ဝေသုံးစွဲတော့မယ်လို့ ကြေညာလိုက်ပြီးနောက် ဒီရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်လာတာဟာ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသမှာ ဒီနှစ် ဆီထွက်သီးနှံတွေ အထွက်ကောင်းပေမယ့် အခုလို ရုတ်တရက် ငွေကြေးဖောင်းပွမှုကြောင့် ထင်သလောက် တွက်ချေမကိုက်ကြပါဘူး။ ဒီအကြောင်းလေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က တောင်သူလယ်သမားတွေ နဲ့ စိုက်ပျိုးရေးဂျာနယ် အယ်ဒီတာတဦးတို့ကို မေးမြန်းပြီး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသက နေရာအတော်များများမှာ မကြာသေးခင်က နှမ်းဖြူ၊ နှမ်းနက် ဆီထွက်သီးနှံတွေ အထွက်ကောင်းပြီး ဈေးလည်း အထိုက်အလျှောက်ရကြပါတယ်။ ဒါပေမယ့်လည်း ၂ သောင်းတန်ငွေ စက္ကူအသစ်တွေ ထုတ်ဝေတော့မယ်ဆိုပြီး စစ်ကောင်စီ က ကြေညာလိုက်တဲ့အခါမှာတော့ ရုတ်တရက် ကုန်ဈေးနှုန်းတွေ ခုန်တက်သွားတဲ့အတွက် တောင်သူလယ်သမားတွေ အခက်တွေ့ကုန်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေလတ်ဒေသမှာ စိုက်ပျိုးရေး နဲ့ ပတ်သက်တဲ့ အင်တာနက် အွန်လိုင်းဂျာနယ် အယ်ဒီတာတဦးက အခုလို ပြောပါတယ်။
"တောင်သူတွေက ဈေးနှုန်းကောင်းကောင်းတော့ရပါတယ်။ သိပ်မထူးခြားဘူးပေါ့နော်။ သီးနှံက ရောင်းရတဲ့ငွေကြေးနဲ့ ပြန်ဝယ်စားရမဲ့ ငွေကြေးက ဆတူလောက်တက်လာတော့ လုပ်သလောက် အဖတ်မတင်ဘူးပေါ့။ အဲဒီထက် ဆိုးတာကတော့ ဒီယာမြေတွေပေါ်မှာ လက်လုပ်လက်စားတွေလုပ်နေရသူတွေအတွက်ကတော့ ခက်ခဲတာပေါ့။ ၂ သောင်းတန်ထုတ်ပေးလိုက်တော့ စိုးရိမ်စိတ်က ပိုကြီးတဲ့အခါကြတော့ ကုန်ဈေးနှုန်းတွေက ပိုကြီးလာတယ်လို့ပဲ ယူဆရတာ။ ထင်မြင်ယူဆချက်နဲ့ ပြောနေရတာ တကယ်တန်းဈေးကွက်ထဲမှာ တရားဝင်လည်ပတ်နေတာ မတွေ့သေးပါဘူး။ ဒါကတော့ ၂ သောင်းတန်ပဲလို့ ပြတဲ့သူ တယောက်မှ မတွေ့သေးဘူး။ သူတို့ ၂သောင်းတန်ထုတ်လိုက်လို့ ငွေကြေးဖောင်းပွမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြစ်နေတဲ့ ဂယက် လို့ ပြောရမှာပါ"
တချိန်က ဆီအိုးကြီး လို့တောင် တင်စားခေါ်ဝေါခဲ့ကြတဲ့ မကွေးတိုင်း တဝိုက်က ဒေသအတော်များများမှာ ဒီနှစ် ဆီထွက်သီးနှံ နှမ်းဖြူနဲ့ နှမ်းနက်တွေ အထွက်ကောင်းကြသလို မကြာခင်မှာ ဖော်နုတ်တော့မယ့် မြေပဲခင်းတွေကလည်း အထွက်ကောင်းမယ့် အလားအလာတွေရှိနေပါတယ်။ ဒါပေမယ့်လည်း ကုန်ဈေးနှုန်းနဲ့အတူ စက်သုံးလောင်စာဆီဈေးတွေက ခေါင်ခိုက်နေတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးစာရိတ်တွေ တက်လာသလို ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့အတွက် လယ်ထွန်စက်ငှား ထွန်ယက်ဖို့လည်း အခက်အခဲတွေ ရှိလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးမြို့အတွင်းက ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူတဦးက အခုလိုပြောပါတယ်။
"ကောင်းတယ်။ ဒီနှစ် အခါတိုင်းနှစ်တွေထက် ပိုထွက်တယ်။ နယ်အစုံတော့မဟုတ်ဘူး။ ကျနော်တို့ မကွေးနားတဝှိက်ပေါ့။ မဆိုးဘူး ဒီနှစ်က။ အရင်နှစ်တွေက မြတ်ဘူးလေ။ ရှုံးရှုံးနေတာပဲ။ ဒီနှစ်ကလေး ရလိုက်လို့ တော်တာပေါ့။ ဈေးလေးကလည်း မဆိုးဘူး။ ကျနော်ထင်တာကတော့ နောက်နှစ်ဆိုရင် ကုန်ဈေးနှုန်းက အကုန်လုံးက တက်လာလိမ့်မယ်ထင်တယ်။ ဆန်ဈေး။ ဆီဈေးတွေတက်လာတော့ အလုပ်သမားတွေကလည်း ဝယ်စားရတယ်။ သူတို့လုပ်အားခလည်း တိုးတောင်းတာပေါ့။ အလုပ်သမား ပြသာနာရှိလာပြီ။ ပိုပိုပြီးတော့ရှိလာမှာပဲ။ ၂ သောင်းတန် ဂယက်က တော်တော်ရိုက်ခတ်ဆိုသလို ဒီ ၂ သောင်းတန်ကြောင့် ကုန်ဈေးနှုန်းတက်တာလည်း ပါမယ်။ အဓိက ပြသာနာက လောင်စာဆီ ဈေးပြသာနာပဲ။ ဆီဈေးက အခုရက်ပိုင်းမှာ ပိုလည်း တက်လာတယ်။ ဆီဈေးတက်လာတဲ့အတွက် ထွက်ကုန်တွေကို သွားရောင်းမယ်ဆိုလည်း ကုန်တင်ခတွေက ဈေးတက်လာတယ်။ ယာထဲမှာ ဆောင်းသီးနှံတွေ စိုက်ဖို့လို့ ထွန်တော့လည်း ထွန်ယက်ခတွေက ဈေးတက်လာတာဗျ။ ရတယ်တာပြောတာပါ အကုန်လုံး ဈေးမြင့်လာတော့ကြတော့ ရေမြင့်ကြာမြင့်ဖြစ်လာတာပါပဲ။ ဒီဂယက်ကြောင့် ပေးရမဲ့ အခတွေကလည်း ပြန်တက်လာမယ်ထင်တယ်။ မြေသြဇာဈေး ဘာဈေး အကုန်လုံးပေါ့လေ။ တောင်သူတွေက ဒီအလုပ်ပဲရှိတော့ ရှုံးရှုံး မြတ်မြတ် ဒီအလုပ်ပဲရှိတာပဲ "
မကွေးတိုင်းအတွင်းက ဧရာဝတီမြစ် အနောက်ဘက်မှာရှိတဲ့ ယောဒေသမှာလည်း အခုအချိန်ထိ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဟာ အထွက်ကောင်းမဲ့ အလားအလာတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အခု ၂ သောင်းတန်ငွေ စက္ကူအသစ်ထုတ်မဲ့ သတင်းပေါ်ထွက်လာပြီးနောက် စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ထိုးတက်ကုန်တဲ့အတွက် လယ်သမားတွေ အခက်တွေ့ကုန်ကြရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ယောဒေသ ပေါက်မြို့နယ်အတွင်း လယ်သမားတဦး က အခုလို ပြောပါတယ်။
" ၂ သောင်းတန်ကိစ္စနဲ့ ပတ်သက်လို့ ငွေကြေးဖောင်းပွမှုဖြစ်သွားလို့ ကျနော်တို့ စိုက်ပျိုးရေးလုပ်ငန်းမှာ သွင်းအားစုတွေ ဒီဇယ်ဈေးတို့ ၊ မြေဆီဈေးတို့ လုပ်အားခတွေကော ဈေးတက်သွားတာပေါ့ ။ ထွက်လာတဲ့ သီးနှံဈေးတွေက မြင့်တက်လား မမြင့်တက်လားတော့မသိဘူး။ သွင်းအားစုတွေကတော့ တအားမြင့်တက်သွားတယ်။ ၂ သောင်းတန်ထုတ်မယ်ဆိုတဲ့ သတင်းက အရင်လာပြီး ငွေစက္ကူက ရောက်မလာသေးပဲ ကုန်ဈေးနှုန်းတွေက အဆမတန်တက်သွားတာ။ အဲဒါကတော့ သေချာတယ်။ စိုက်ပျိုးရေး သွင်းအားစုတွေ ဝယ်ရတဲ့ ပစ္စည်းမှန်သမျှခုန်တက်သွားတယ်။ အကုန်လုံးပါဆရာ ဈေးတက်တာ။ ဝင်ငွေနဲ့ ထွက်ငွေနဲ့ တအားကွာဟတော့ လူတွေ တော်တော်ဒုက္ခရောက်တာပေါ့။ ၂ သောင်းတန်ကိစ္စကြောင့်ဆရာ။ လက်လုပ်လက်စားဘဝတွေကတော့ ငွေကြေးဖောင်းပွမှုတွေ ဆင်းရဲဒုက္ခအများကြီး ရောက်တာပေါ့ "
ငွေစက္ကူအသစ် ထုတ်လုပ်မဲ့ သတင်းကြောင့် ကုန်ဈေးနှုန်းတွေ တက်ကုန်တာဟာ အရင်က စိုက်ပျိုးရေးမှာ လယ်ယာလုပ်သား ရှားမှုမှု ကြုံတွေ့နေရတဲ့ အခြေအနေကနေ လယ်ယာလုပ်သား လုံးဝ ရှာမရတဲ့ အခြေအနေကို ဆိုက်ရောက်သွားစေတယ်လို့ တောင်သူလယ်သမားတွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။ အဲဒီအတွက် လက်လုပ်လက်စားလို့ ဒေသကခေါ်တဲ့ လယ်ယာလုပ်သားတွေကို ကုန်ဈေးနှုန်းနဲ့ ကိုက်ညီအောင် အခုပေးနေတဲ့ ဈေးထက် ပိုပေးခေါ်ကြရမှာဖြစ်ပါတယ်။ ကျေးလက်က လူငယ်လူရွယ်တွေနဲ့ လက်လုပ်လက်စား အလုပ်သမားတွေဟာ မိမိဒေသကို စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အလုပ်အကိုင် ရရှိနိုင်တဲ့ နေရာတွေကို စွန့်စားထွက်ခွာနေကြတဲ့အတွက် စိုက်ပျိုးရေးမှာ လုပ်သားလိုအပ်ချက်ဟာ ကြီးမားနေပါတယ်။
ဒါ့အပြင် လယ်ယာလုပ်ငန်းမှာ စက်ကိရိယာတွေ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ စက်သုံးလောင်စာဈေးတွေကလည်း ခေါင်ခိုက်နေတဲ့အတွက် စိုက်ပျိုးရေးမှာ ကုန်ကျစာရိတ်တွေ ကြီးမြင့်လာပါတယ်။ အဲဒီလို အခြေအနေတွေဟာ ရှေ့လာမဲ့နှစ် စိုက်ပျိုးရာသီအတွက် တောင်သူလယ်သမားတွေ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ နောက်တချက်က စိုက်ပျိုးရေးဘဏ် ကနေ အမတော်ကြေးငွေတွေ ထုတ်ချေးတာဟာလည်း အကန့်အသတ်တွေ များလွန်းတဲ့အတွက် တောင်သူလယ်သမားတွေအတွက် အဆင်ပြေမှုနည်းနေပါတယ်။ မကွေးတိုင်းမှာဆိုရင် ၁ဝ ဧကအထက်ရှိသူကို ၁ဝ ဧကစာပဲ ချေးငှားပြီး ၁ဝဧကအောက် ရှိသူကိုတော့ ဧကအလိုက် ချေးငှားပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးအတွက် ပြင်ဆင်နေတဲ့ ငွေလိုနေတဲ့အချိန်မှာ ချေးငှားတာမဟုတ်ပဲ နောက်ကျမှ ချေးငှားတာဟာလည်း တောင်သူလယ်သမားတွေကို အခက်အခဲဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ တောင်သူလယ်သမားတွေရှိရာ ကျေးရွာကို လာရောက် ချေးငွေထုတ်ပေးတာမဟုတ်ပဲ မြို့ပေါ်ကို တောင်သူလယ်သမားတွေကို ဆင့်ခေါ်ငွေထုတ်ပေးတာပါပဲ။ အဲဒီအတွက် ရွာအတော်များများက ရာနဲ့ချီရှိကြတဲ့ တောင်သူလယ်သမားတွေ မြို့ပေါ်ကို စုပြီးသွား ချေးငွေထုတ်ယူကြရတာပါပဲ။
မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ကနေ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် အာဏာသိမ်းအုပ်ချုပ်ခဲ့ပြီးနောက် လှည့်လည်သုံးစွဲနေတဲ့ အဓိက ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာပြီး အသစ်ထုတ်ဝေ သုံးစွဲခဲ့တာ မကြာခဏဖြစ်ပါတယ်။ ၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အဲဒီလိုမျိုး တရားမဝင်ငွေစက္ကူတွေကို ကြေညာလိုက်တဲ့အခါမှာတော့ တနိုင်ငံလုံး လူထုတွေ မခံမရပ်ဖြစ်လာပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ် မဆလ တပါတီအစိုးရကို ဆန့်ကျင်လာကြကာ ၁၉၈၈ ခုနှစ် သြဂုတ်လမှာတော့ လူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့ကြပါတယ်။