စစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ စစ်ဆင်ရေးအားလုံးကို ၄ လ ရပ်ဆိုင်းထားမယ်လို့ တပ်မတော်ဘက်က ကြေညာတာ သုံးရက်ရှိသွား ပြီဖြစ်ပေမယ့် အဲဒီလိုကြေညာထားတဲ့ထဲမှာပါတဲ့ နယ်မြေတချို့မှာ တိုက်ပွဲတွေဆက်ရှိနေသလို တိုက်ပွဲ တွေကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့ဒေသ တွေ အတွင်းမှာ ပိတ်မိနေတဲ့လူထု အတွက် စားနပ်ရိက္ခာအကူအညီပေးဖို့ကို တပ်မတော်ဘက်က ပိတ်ပင်ထားတယ် လို့ အကူအညီပေးအဖွဲ့တွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့အကြား ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ တနင်္လာနေ့အထိ တိုက်ပွဲ ဖြစ်ပွါးနေသလို ရခိုင်ပြည်နယ်မြို့နယ်တချို့မှာလဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့ AA ပြန်ကြား ရေးတာဝန်ခံခိုင်သုခကပြောပါတယ်။
“ဒီနေ့မနက်မှာလဲဘဲ အဲဒီပလက်ဝမြို့နယ်အထက်ဘက်မှာဘဲ အဲဒီမှာလက်နက်ကြီးတွေလှမ်းပစ်နေတာရှိတယ်။ မနေ့ကလဲဘဲ မွန်းလွှဲပိုင်းမှာ တိုက်ပွဲကနေပြီးတော့ထပ်ပြီးဖြစ်တယ်။ ပလက်ဝမြို့နယ်ရဲ့အထက်ပိုင်း မြိတ်ဝရွာရဲ့ အရှေ့တောင်ဘက် တောင်ကြောမှာဖြစ်နေတာ။ (၂၄)ရက်နေ့မှာတော့ ဗမာစစ်တပ်ကနေပြီးတော့ လက်နက်ကြီး တွေနဲ့လှမ်းပစ်တာရှိတယ်ဗျ။ ကျောက်တော် ပုဏ္ဏားကျွန်းအဲဒီကြားပေါ့။ အရင်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာလဲ အဲဒီမှာ လဲဘဲ လက်နက်ကြီးတွေနဲ့ကြိုကြားကြိုကြားပစ်ခတ်မှုကတော့ရှိနေတယ်။”
မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်တပ်မတော်လှုပ်ရှားရာ ကျောက်တော် ဘူးသီးတောင် ပုဏ္ဏားကျွန်း ပလက်ဝမြို့နယ် ဘက်တွေ မှာ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်နေဆဲလို့ သူကဆိုပါတယ်။
လက်ရှိ ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွါးမှုသတင်း မကြားရပေမဲ့ လက်နက် ကြီးတွေနဲ့ ပစ်ခတ်သံတွေကြားနေရလို့ ကန်စောင့်ရွာဘက်မှာလည်း စစ်ရှောင် ၃၀၀ ကျော် ရောက်ရှိနေတယ်လို့ ကန်စောက်ကျောင်းက ဦးဆောင်သံဃာတော်တပါးကနေ အခုလိုမိန့်ကြားပါတယ်။
“အခုဆိုအိမ်ထောင်စုက(၁၀၅)အိမ်ထောင်စုရှိတယ်။ လူဦးရေက(၃၃၃)ဦးရှိပြီး။ သူတို့ကသလူချောင်းရယ်။ ကျွန်းသာ ယာရယ်။ တောင်ပေါက်ရယ် ခရုမှော်ရယ်။ ချင်းမဝန်တောင်းရယ်။ (၅)ရွာပေါင်းထားတာ။ စားသောက်နေထိုင်ရေးက ဦးဇင်းတို့ရခိုင်ကနေ လူမှုကယ်ဆယ်ရေးအဖွဲ့တွေပံ့ပိုးတာရှိတာပေါ့ဗျာ။ အခုလူအင်အားတိုးလာတော့ဦးဇင်းမှာ အဆောင်(၂)ဆောင်ပေးထားတာ။ အခုလူမဆန့်လို့ထင်တယ် ယာယီအဆောင်လေးတွေပါ ဆောက်ရမဲ့အနေ အ ထားမှာရှိတယ်။ စစ်ပွဲတွေကတော့ အခုတော့နဲနဲငြိမ်တယ်ပြောတာဘဲဗျ။မနေ့ကရောက်လာ ကျွန်းသာယာကလူတွေ ရောက်လာပြောတော့ အဲဒီမှာအသံကြားရတယ်လို့ပြောတယ်။ စစ်ပွဲ ဖြစ်လို့အသံကြားတာလား။ မြန်မာ့တပ်မတော် ကနေ သူ့ဟာသူဖေါက်နေတာလား ဦးဇင်းတို့ခန့်မှန်းမရဘူးဗျ။
သလူချောင်းကျေးရွာနဲ့ပညာဝကျေးရွာအတွင်း တောင်ကုန်းပေါ်မှာ တပ်မတော်ကနေတပ်စွဲထားပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ အထိ လက်နက်ကြီးပစ်ခတ်သံ ကြားနေရလို့ ရွာသားတွေကြောက်လန့်ပြီး တိမ်းရှောင်လာခဲ့တာပါ။
အလားတူကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာဘက်ကို စစ်ရှောင် ၇၀၀ ကျော် ရောက်ရှိနေတယ်လို့ ကိုယ်တိုင် သွားရောက်ကူညီခဲ့တဲ့ ပိုးရွှီပြင် မဟာမိတ်လူမှုကူညီမှုအသင်းတာဝန်ခံ ဦးငယ်ဦးမောင်က အခုလိုပြော ပါတယ်။
“တောင်မင်းရွာကအခြေအနေက အဲဒီရွာကဒုက္ခသည်တွေများလာတယ်။ အခုက(၇၀၀)ကျော်ရှိနေပြီး။ မနေ့ကအထိ ကတော့ (၇၁၃)ရှိနေတယ်သူတို့။”
ဒီစစ်ဘေးရှောင်တွေဟာ လမုကိုင်း၊ ငါးစွေ၊ ပါချေနဲ့ ပညာဝကျေးရွာသားတွေဖြစ်ကြပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင် တပ်မတော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါတိမ်းရှောင်နေကြရတာပါ။
စစ်ရှောင်တွေရှိတဲ့ ကျောက်တော်မြို့နယ် ကံစောက်ရွာနဲ့ တောင်မင်းကုလားကျေးရွာဘက်ကို ပိုးရွှီပြင် မဟာမိတ် လူမှုကူညီမှု အသင်း ဝံလတ်ဖေါင်ဒေးရှင်း ကျောက်တော်အကူညီပေးရေးအဖွဲ့ ရခိုင်အမျိုးသားပါတီတွေကနေ သွား ရောက်ကူညီခဲ့ပါတယ်။
ဒါပေမဲ့ ကျောက်တော်ကားလမ်းနဲ့နီးတဲ့ရွာတွေမှာပဲ အကူအညီပေးနိုင်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးရာရွာက ပိတ်မိနေတဲ့သူ တွေ ကို အကူညီမပေးနိုင်တဲ့အခြေအနေရှိနေပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်းပိတ်မိနေတဲ့ ယိုးချောင်းဖျားဒေသရွာ ၁၀ ရွာက ရွာသားတွေအတွက် စားနပ်ရိက္ခာအကူအညီ ပေးဖို့ကိုတော့ တပ်မတော်ကနေ ပိတ်ပင်ထားတယ်လို့ ကျောက်တော်မြို့နယ် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ ဦးဇော်ဝင်းက ပြောပါတယ်။
“ပိတ်မိတဲ့ပြည်သူတွေကတော့ တအားကိုစိုးရိမ်ရတဲ့အနေအထားရှိနေတယ်ဗျ။ အဲဒီယိုးချောင်းထဲကို ဘယ်သူမှ ဝင်ခွင့်မပေးဘူး ကယ်ဆယ်ရေးပေးတဲ့လူတွေကိုလေ။ ဘယ်သူမှဝင်ခွင့်မပေးတော့ မသွားရဘူး။ ချောင်းတောက် လျှောက်မှာရှိတဲ့ရွာပေါင်း(၁၀)ကျော် အကုန်လုံးကပိတ်မိဒုက္ခသည်တွေဖြစ်နေပြီး။ ဟိုသလူချောင်းတို့ ငစရိုင်းကိုင်း တို့မှာဆိုရင် တခြားရွာကတိမ်းရှောင်ခိုလှုံလာကြတဲ့ အဲဒီမှာသက်သက်လူ(၂၀၀)ကျော်ရှိတယ်။ ရွာသားတွေကိုယ်တိုင် ကလဲမရှိတဲ့ကြားထဲက ထောက်ပံ့ပေးနေရတာ။ စားဝတ်နေရေးသာမက ကျန်းမာရေးအတွက်လဲစိုးရိမ်နေရတဲ့ အခြေ အနေရောက်နေပြီး။ အခုလမ်းက တပ်ကနေပြီးတော့ သွားခွင့်မပေးဘူး တားတယ်ဆိုတော့ ကျွန်တော်တို့ပြဿနာဖြစ် နေတဲ့အခြေအနေလေ။”
နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တိုက်ပွဲကြောင့် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ စစ်ရှောင်ဦးရေ ၁၅၀၀ ကျော်အထိ တိုးပွါးလာနေတယ်လို့ အကူ အညီပေးရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့က သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံပွဲအပြီး လက်ရှိ စစ်မက်ဖြစ်ပွါးနေ တဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း၊ တြိဂံတိုင်း စတဲ့ စစ်တိုင်း ၅ ခုမှာ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၀၁၉ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက် ထုတ်ပြန်ထား တာပါ။ ဒီထုတ်ပြန်ချက်အပေါ်ကြိုဆိုပေမဲ့ လက်ရှိတိုက်ပွဲပြင်း ထန် နေဆဲ ရခိုင်ပြည်နယ်အတွင်း ဖြတ်လေးဖြတ်စစ်ဆင်ရေးတွေ၊ ဝိုင်းပတ်ပိတ်ဆို့မှုစစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ လိုပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။