ဆူဒန်နိုင်ငံမှာ ၂၄ နာရီကြာ အပစ်ခတ်ရပ်စဲရေး ကို လျစ်လျူရှုပြီး ၂ ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ခါတွန်မြို့တော်က လမ်းတွေပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။ ခါတွန်မြို့လည်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ လေဆိပ်တဝိုက်မှာ ၂ ဘက် လက်နက်ကိုင်အုပ်စုကြီးရဲ့တိုက်ခိုက်မှုတွေကြောင့် သေနတ်သံတွေ၊ ကြီးမားတဲ့ ပေါက်ကွဲသံတွေ ပေါ်ထွက်လာပြီး လမ်းတွေပေါ်မှာတော့ လူသူအသွားအလာကင်းမဲ့နေပါတယ်။
၄ ရက်ကြာ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂ နဲ့ အာဖရိက ခေါင်းဆောင်တွေရဲ့ ဖိအားနဲ့ မနေ့အင်္ဂါနေ့ကစတင်ပြီး ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ၂ ဘက် လက်နက်ကိုင် ခေါင်းဆောင်တွေက သဘောတူကြောင်း ကြေညာခဲ့ပေမယ့်လည်း တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဆူဒန်နိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdel Fattah al - Burhan ကို သစ္စာခံတဲ့ စစ်တပ်နဲ့ ဗိုလ်ချုပ် Mohamed Hamdan Dagalo ဦးဆောင်တဲ့ အင်အားကြီး ပြည်သူစစ်တပ်ဖွဲ့ RSF တပ်ဖွဲ့တွေအကြား တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ့ခြားရေးဝန်ကြီး Antony Blinken ကလည်း ၂ ဘက်ခေါင်းဆောင်တွေကို ဖုန်းနဲ့ ပြောဆိုပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပန့်တွေ ပေးပို့ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။ အာဖရိကနိုင်ငံများသမဂ္ဂနဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့ကလည်း ဆူဒန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲကြဖို့ တောင်းဆိုထားပါတယ်။