အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ဦးစားပေး လုပ်ဆောင်မယ့် အရာတွေထဲမှာ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လည်း ပါဝင်ပါတယ်။
ဒါပေမဲ့လည်း လယ်ယာမြေတွေကို သိမ်းယူတဲ့အထဲမှာ စစ်တပ်ကလည်းပါဝင်နေသလို ဒီကိစ္စတွေဟာ အလွန်ရှုတ်ထွေးတာကြောင့် ရှေ့ဆက်လုပ်ရဆောင်မှုတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။ Reuters သတင်းဆောင်းပါးကို ရှားဖောင်က တင်ပြထားပါတယ်။
လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာကို ဖြေရှင်းရာပေးရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေထဲမှာ အနီးစပ်ဆုံးအနေနဲ့ ပြရရင်တော့ ရန်ကုန်မြို့နဲ့ နှစ်နာရီအကွာ လောက်မှာပဲရှိတဲ့ တနီ (Hta Ni) ရွာငယ်လေးပဲ ဖြစ်ပါတယ်။
Orchard ကုမ္ပဏီပိုင်ဆိုင်တဲ့ ငါးမွေးမြူရေးနဲ့ စပါးစိုက်ခင်း မြေယာဧကပေါင်း ၃,၂၅၀ ထဲမှာ အရင်တုန်းက ရွာသားတွေ ပိုင်ဆိုင် အသုံးပြုခဲ့တဲ့ နယ်မြေတချို့ ပါဝင်ပါတယ်။ ဒေသခံအိမ်ခြေပေါင်း ၁၈ အိမ်ရဲ့ မြေယာ ၁၂၂ ဧက ကို ရယူခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီရဲ့အဆိုအရ စစ်တပ်ဟာ စနစ်တကျနဲ့ လယ်သမားတွေဆီကနေ လယ်ယာမြေ သိမ်းယူပြီး စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီကုမ္ပဏီတွေ ပိုင်တဲ့နယ်မြေအဖြစ် ပြုလုပ်ခဲ့ပါတယ်။
ရွာသားတွေဆီကသိရတဲ့ မှတ်တမ်းမှတ်ရာတွေအပေါ် အခြေခံပြီး ဒေသခံမှတ်တမ်းပြုစုသူတွေရဲ့ ခန့်မှန်းထားချက်တွေအရ ၁၉၉၀ နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းအချိန် - အဲဒီတုန်းက သူရဦးရွှေမန်း ဦးဆောင်တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ ဒေသခံ အာဏာပိုင်တွေဟာ အိမ်ခြေပေါင်း ၂၀၀ လောက်ဆီက မြေယာဧကပေါင်း ၁ ထောင်လောက် သိမ်းယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရပြီး အာဏာရရှိလာချိန်မှာတော့ လယ်မြေသိမ်းယူခဲ့တဲ့ သူတွေအပေါ် အမျက်ဒေါသဖြစ်ခဲ့သလို သိမ်းဆည်းခံရတဲ့ လယ်မြေတွေကို နစ်နာကြေး ပေးသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အခုတော့ အဲဒီပေးထားခဲ့တဲ့ ကတိအတိုင်းပဲ NLD ပါတီက လုပ်ဆောင်နေပါပြီ။ လယ်ယာသိမ်းဆီးခံရမှုတွေကို တနှစ်အတွင်းမှာ ဖြေရှင်းနိုင်အောင် NLD ပါတီက ရည်ရွယ်ထားတယ်လို့ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ကိစ္စ ကိုင်တွယ်သူ လွှတ်တော်အမတ် ဦးစိန်ဝင်းက ပြောပါတယ်။
“တက်လာတဲ့ ဒီအစိုးရသစ်မှာလည်း ဒီတောင်သူလယ်သမားတွေ မတရားသိမ်းဆည်းခံရတာဟာ ၇၀% ရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ပြဿနာကို မဖြေရှင်းလို့မရဘူး။ ဖြေရှင်းတဲ့အခါမှာလည်း မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်။ ဖြေရှင်းပုံဖြေရှင်းနည်းကလည်း တဆင့်ချင်း တဆင့်ချင်း သွားဖို့လိုတယ်။ အကယ်၍ မှန်မှန်ကန်ကန် မဖြေရှင်းဘူး။ ဖြေရှင်းတဲ့နည်းလမ်းဟာ တဆင့်ချင်း တဆင့်ချင်း မသွားနိုင်ဘူးဆိုရင် အန္တရာယ်ရှိတဲ့ အကြောင်းအရာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အန်ကယ်လ်တို့က NLD အစိုးရ တက်လာပြီးတဲ့နောက်မှာ မတရားသိမ်းဆည်းခံ လယ်ယာမြေနဲ့ ပတ်သက်လို့ ပထမဆုံး ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့ NLD မှာ အစီအစဉ် ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။”
လယ်မြေပိုင်ဆိုင်မှု အရှုတ်တော်ပုံထဲမှာ အစိုးရသစ်အနေနဲ့ အတိုက်အခံလုပ်ပြီး ရင်ဆိုင်ရမှာကတော့ စစ်တပ်နဲ့ အများစု ဆက်နွယ်နေတဲ့ အင်အားကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အရာရှိတွေနဲ့ အတိုက်အခံလုပ်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အထိအခိုက်မခံတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွက် ခြိမ်းခြောက်မှု တခုလိုလည်း ဖြစ်နေပါတယ်။
လူမှုအသိုင်းအဝိုင်းအတွင်းက အမျိုးသမီး၊ အမျိုးသားတွေ အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အစဉ်အလာအရ နယ်မြေပိုင်ဆိုင်မှု အခွင့်အရေး သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့ လယ်ယာမြေ အသုံးပြုရေး မူဝါဒသစ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း Namati အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Tim Millar က အခုလို ပြောပါတယ်။
“ဒီကိစ္စဟာ အရမ်းကိုရှုတ်ထွေးပြီး ဖြေရှင်းရ ခက်ပါတယ်။ တခုကျေးဇူးတင်ရမှာကတော့ အရင်အစိုးရလက်ထက် လွှတ်တော်သက်တမ်း ပြီးဆုံးခါနီးမှာပဲ ပြည်တွင်းလယ်ယာမြေသုံးစွဲရေး မူဝါဒသစ်ကို အတည်ပြုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ လုပ်ငန်းစဉ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ပိုပြီး လွယ်ကူအောင်လုပ်ဖို့ပဲ လိုအပ်ပါတယ်။”
အရင်အရပ်သားတပိုင်း အစိုးရလက်ထက် လွှတ်တော်သက်တမ်းအတွင်း လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် ကော်မတီနှစ်ရပ်ကို ဖွဲ့စည်းခဲ့ပေမဲ့လည်း အချိန်အကြာကြီး စွဲထားတဲ့အပေါ်မှာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ သိမ်းဆည်းခံမြေယာအမှုပေါင်း ၁ သောင်း ၇ ထောင်ကို ပြန်လည်စစ်ဆေးမှုတွေ လုပ်နေပေမဲ့ ၁ ထောင်ဝန်းကျင်လောက်ကိုပဲ ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဒေသခံ သတင်းမီဒီယာတွေက ဆိုပါတယ်။
ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ်လုပ်ဖို့အတွက် ၁၉၉၈ ခုနှစ်တုန်းက ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေကို ချဉ်းကပ်ခဲ့တယ်လို့ ရန်ကုန်က သွားဆရာဝန်တဦးဖြစ်တဲ့ Orchard ကုမ္ပဏီပိုင်ရှင် ဦးမြင့်စိန်က ပြောပါတယ်။ အသက် ၆၀ အရွယ် ဒေါ်သန်းရှင်ကတော့ အရင်တုန်းက သူတို့မိသားစုတွေ စပါးစိုက်တဲ့ လယ်ယာမြေ ဧကပေါင်း ၂၀ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ၂၀၀၀ ပြည့်နှစ်မှာတော့ သူတို့ပိုင်တဲ့ လယ်ယာမြေတွေကို အစိုးရရဲ့ မြေယာဆိုင်ရာ အထူးသက်သာခွင့် နယ်မြေအဖြစ်နဲ့ သိမ်းယူခံခဲ့ရပါတယ်။
“ကျမတို့က ကိုယ့်နေရာပဲ ကိုယ်လိုချင်တာလို့။ ကိုယ့်ဟာကိုယ် စိုက်ပျိုးစားမယ်လေ။ ဒီနေရာက လယ်ယဉ်တွေလည်း ဖြစ်နေပြီလေ။ ကျမတို့ ခုတ်ထွင်ရှင်းလင်းပြီး ပြုစုပျိုးထောင်လာခဲ့တာ။ ကျမတို့ ငွေကြေးမယူဘူးလို့၊ တဧက ၃ သောင်းလည်း မယူဘူး။ ၄ သောင်းလည်း မယူဘူးလို့။”
အရင်က မြန်မာပြည် ဆိုရှယ်လစ်စီးပွားရေးလမ်းစဉ်အောက်မှာ လယ်သမားတွေဟာ လယ်မြေပိုင်ဆိုင်ခွင့် ပေးထားတာမျိုးမရှိပဲ သူတို့ကို ခွင့်ပြုချက်ပေးထားတဲ့ လုပ်ကိုင်ခွင့် လယ်မြေတွေပဲ ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ မြေခွန်ဖြတ်ပိုင်းတွေ၊ အစိုးရရဲ့မြေယာငှားရမ်းခွင့် စာအုပ်တွေ၊ ရွာကလူကြီးတွေရဲ့ မျက်မြင်သက်သေနဲ့ လက်မှတ်ထိုးထားခဲ့တဲ့ လယ်မြေအသုံးပြုခွင့် မှတ်တမ်း မှတ်ရာတွေဟာ ဆိုးရွားတဲ့ ရာသီဥတုအောက်မှာ ပျက်စီးခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ် ဒေတဝိုက်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်း သေဆုံးခဲ့ရသလို လယ်မြေပိုင်ဆိုင်မှု မှတ်တမ်းမှတ်ရာ အတော်များများလည်း ပျက်စီးခဲ့ပါတယ်။