သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးကွက်ထဲကကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု သတိပြုစရာ


Moderna Vaccine
Moderna Vaccine

ပြည်တွင်းဈေးကွက်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတုတွေ ပျံ့နှံ့နေတာကို သတိထားကြဖို့ ဆေးပညာရှင်တွေက သတိပေးနေသလို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနလက်အောက် အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကိုဗစ် ကာကွယ်ဆေးအတု အန္တရာယ် ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာနေပါလဲ။ ဘယ်လိုသတိထား ရှောင်သင့်ပါလဲ။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြည်တွင်းမှာရှိတဲ့ တချို့သော ဆေးခန်းတွေမှာ ကိုဗစ် 19 ကာကွယ်ဆေးအတုတွေ ထိုးပေးနေတာ၊ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း တရားမဝင် တင်သွင်းရောင်းချနေတာတွေကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနလက်အောက် အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

စျေးကွက်ထဲမှာ ဒီလိုဆေးတုတွေ တော်တော်လေး ပျံ့နှံ့နေတာ တွေ့နေရတယ်လို့ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်မင်းထွန်းကလည်း ဗွီအိုအေကို ပြောပြပါ တယ်။

"register မလုပ်ထားတဲ့ ဆေးဖြစ်မယ်။ တရားမဝင် ဆေးတွေပေါ့နော်။ အဲ့လို unregistered ဆေးတွေကတော့ Market မှာ တော်တော်များများ ရှိတယ်။ အထူးသဖြင့် တချို့ ဒိုင်တွေကကျတော့ ဝယ်လှောင်တယ်။ register မလုပ်ထားဘူး။ နယ်စပ်ကနေ စီးဝင်နေတာပေါ့။ ကျနော် ထင်တယ်။ အခု သွင်းလာတာ မဟုတ်ဘဲ အရင်က သွင်းလာတဲ့ဟာတွေကနေ တွေ့ရှိတာဖြစ်မယ်။"

FDA ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်းပျံ့နှံ့နေတဲ့ ကိုဗစ်ဆေးအတုတွေဟာ Moderna COVID-19 Bivalent Original and Omicron BA4/BA5 ကာကွယ်ဆေးတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်တွေ့မှာ အခုလို တရားမဝင်ဆေးဝါးတွေ ပျံ့နှံ့နေတဲ့အပေါ် ဘယ်လို အရေးယူနေသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဥပဒေနဲ့အညီ ဘယ်လို စစ်ဆေးထားလဲ။ ဘယ်လောက် အရေးယူနေသလဲ ဆိုတာသိရဖို့ FDA ကို အကြိမ်ကြိမ် ဖုန်းခေါ်ပေမဲ့ ဖြေဆိုတဲ့သူ မရှိခဲ့ပါဘူး။

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းကတော့ ကာကွယ်ဆေး အတုတွေ ထိုးနှံမိခဲ့ရင် အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်တာမို့ သတိထားကြဖို့ ပြောပါတယ်။ ဘယ်လို ရွေးချယ်ထိုးမလဲဆိုတာနဲ့ပတ်သတ်လို့လည်း သူက ခုလို အကြံပြုပါတယ်။

"ဆေးက register မလုပ်ထားရင် အတုလား အစစ်လား မသိနိုင်တဲ့အချက်။ နောက်တခုက ရက်လွန်ဆေးလားပေါ့။ တချို့ကျ ရက်လွန်ဆေး တံဆိပ်ခွာတယ်။ ကပ်ချင်တာကပ်တယ်။ ဆေးက အာနိသင် ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ သေချာမသိနိုင်ဘူးပေါ့။ ဆေးမှာ အညွှန်းကတခု၊ ဆေးကတခု အဲ့လိုတွေလည်း ဖြစ်နိုင်တယ်။ ကပ်ခွာပြောင်းကပ်၊ အဲဒါတွေလည်း ရှိတယ်။ ဘယ်လောက် အန္တရာယ်ရှိလဲဆို လူ သေစေနိုင်တဲ့အထိ ရှိနိုင်တယ်။ ဆေးမတည့်တာ စတာတွေ သေဆုံးနိုင်တဲ့အထိ ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ တရားမဝင်ဆေးကို သုံးတာက တော်တော် အန္တရာယ်ရှိတယ်။ ကျနော် အကြံပေးချင်တာကတော့ register ပါတဲ့ဆေးကိုပဲ သေချာ သုံးစေချင်တယ်။ ဆေးတွေမှာ register နံပါတ်ပါတယ်။ ဗူးခွံတွေမှာ ပါတယ်။ သေချာလေး ရွေးဝယ်ဖို့ လိုအပ်တယ်။"

လက်ရှိတည်ဆဲ အမျိုးသားဆေးဝါးဥပဒေအရ မှတ်ပုံမတင်ထားတဲ့ဆေးဝါးတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ ဆေးဆိုင်တွေ၊ ကုမ္ပဏီတွေကို စိစစ်တွေ့ရှိခဲ့မယ်ဆိုရင် လုပ်ငန်းလိုင်စင် သုံးလကနေ ခြောက်လအထိ ပိတ်သိမ်းခံရတာ၊ ဒိထက် ပြစ်မှုထင်ရှားခဲ့ရင် ငွေဒဏ် ၅ သိန်းနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ဒဏ် နှစ်ရပ်လုံး ချမှတ်တာအပြင် လိုင်စင် ရာသက်ပန်ပိတ်သိမ်းတာအထိ အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG