မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းမှုကြောင့် ထိခိုက်မှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာကဏ္ဍမှာ လည်း အကျိုးဆက်တွေနဲ့ ကြုံတွေ့နေရပါတယ်။ ရာသီဥတု ပူပြင်းတာ၊ မုတ်သုန်မိုး ဝင်ရောက်မှု နောက်ကျနေတာမို့ စိုက်ပျိုးရေး လုပ်ငန်းမှာ အခက်အခဲတွေ ကြုံရလို့ စပါးအထွက်နှုန်း လျော့နည်းနိုင်တဲ့ အရိပ်အယောင်တွေလည်း ရှိနေသလို၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာလည်း ဈေးတွေကျဆင်းနေချိန် မြန်မာနိုင်ငံက တောင်သူတွေအဖို့ ထုတ်လုပ်မှုနဲ့ ရလာမယ့် အကျိုးအမြတ် ကာမိပါ့မလားဆိုပြီး ရတတ်မအေးနိုင်ပဲ ဖြစ်နေကြတာပါ။ ဒီအခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းမှုနဲ့ မိုးရွာသွန်းမှု နောက်ကျခဲ့တာမို့ ပင်မစီးပွားရေးတခုဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။ ပူပြင်းလှတဲ့ နေအပူရှိန်ကြောင့် ရေပြတ်လပ်မှုတွေ၊ မိုးရွာသွန်းမှု နောက်ကျတာကြောင့် ထွန်ယက်ချိန်အမှီ လုပ်ငန်းတွေ မစနိုင်တဲ့ အဖြစ်တွေနဲ့ ကြုံနေကြရတာပါ။ ဒီလို အခြေအနေတွေကြောင့် ဒီနှစ်အတွက် စပါး အထွက်နှုန်းတွေ ထိခိုက်မှာကို ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ မြစ်ဝကျွန်းပေါ် ဒေသက တောင်သူတွေ အထူးသဖြင့် စိုးရိမ်မကင်းဖြစ်နေကြတာပါ။
“စိုက်ရေးပျိုးရေးကတော့ လိုအပ်တာထက် နောက်ကျတာပေါ့၊ တလလောက် နောက်ကျတယ်။ နောက်ကျတယ်ဆိုတော့ ပျိုးခင်းတွေ လုပ်တဲ့လူတွေကြ အခက်အခဲရှိတယ်။ ကျနော်တို့ နာဂစ် အဓိက တိုက်သွားတဲ့ နေရာတွေမှာဆိုရင် ဒီအချိန်မှာ ထွန်ယက် စိုက်ပျိုးလို့ ပြီးကြပြီလေ။ အခုဒီ တစ်ရက်၊ နှစ်ရက်မှစပြီး ထွန်ယက်ကြရမယ့် အနေအထားကြတော့၊ နောက်ပြီး အဓိက စိုက်ပျိုးတာက သက်ကြီးစပါးတွေလေ။ သက်ကြီးပင်တွေကြတော့ ရာသီဥတုအပေါ် မူတည်ပြီး အများကြီး စိတ်ပူရတဲ့ အနေအထားမှာရှိတယ်။ သက်ငယ်စပါး စိုက်လို့ မရဘူး။ ကောက်ကြီးစပါးတွေပဲ အဓိက စိုက်ကြတာကိုး။ အဲဒီတော့ စပါး အနေအထားမှာ အခု တလလောက် နောက်ကျပြီးတော့ ထွန်ယက်စိုက်ပျိုးမှု လုပ်ရတာကတခု၊ ရာသီဥတုအပေါ် စိုးရိမ်မှု ရှိနေတာက တခု၊ မနှစ်ကလို ကြွက်အန္တာရာယ် ကျရောက်လာမှာ စိုးရိမ်ရတာကတခု အဲဒါတွေနဲ့ အခက်အခဲ ရောက်နေတယ်။ ရာသီဥတု အနေအထားက ဒီလိုပုံစံနဲ့ဆိုရင် အများကြီး ထိခိုက်နိုင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ကျမှုဆိုတဲ့ နေရာမှာ၊ မိုးကလည်း စောထွက်မယ်လို့ မိုးလေဝသဌာနကလည်း ခန့်မှန်းထားတယ်လေ၊ မနှစ်ကထက် တလလောက် စောထွက်မယ်၊ အခု မိုးအဝင်ကလည်း တလနီးပါးလောက် နောက်ကျတယ်ဆိုတော့ အဲဒီကြားထဲမှာ မိုးစပါး ထိခိုက်နိုင်မှု အများကြီး ဖြစ်နိုင်တယ်။ မနှစ်ကထက်စာရင် အထွက်ဆုတ်နိုင်ပါတယ်။”
မြန်မာနိုင်ငံတဝန်းလုံး စံချိန်ချိုးလောက်တဲ့ အပူဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် မေလ တတိယပတ်ထဲ ရောက်မှသာ မိုးအနည်းငယ် စတင်ရွာသွန်းခဲ့တာမို့ ဒီနှစ်ဟာ မုတ်သုံရာသီ ဝင်ရောက်မှု နောက်အကျဆုံး နှစ်တနှစ်အဖြစ် သတ်မှတ်နေကြတဲ့ အထိလည်း ဖြစ်ပါတယ်။ ဒီလို မိုးအဝင် နောက်ကျတာမို့ မိုးရာသီကို အားထားစိုက်ပျိုးကြရတဲ့ မြစ်ဝကျွန်းပေါ်က လယ်သမားတွေ အဖို့ကတော့ စိုက်ရေးပျိုးရေး မစနိုင်သေးပဲ ဖြစ်နေကြရတာပါ။
“သူရင်းငှားတွေပဲ ငှားရင်ကောင်းမလား၊ လယ်ဆက်လုပ်ရင် ကောင်းမလား၊ စဉ်းတော့စဉ်းစားနေကြရတယ်။ ဒါပေမဲ့ အများစုကတော့ ပြင်ဆင်နေကြပါတယ်။ ကျနော်တို့ ဒီဘက် အောက်ဘက်ဒေသကတော့ မိုးပဲမျှော်ပြီး အလုပ်လုပ်ကြရတာကိုး။ နောက်မိုးရွာရင်တော့ အလားအလာကောင်းမယ်၊ မိုးမရွာရင်တော့ သိပ်ကောင်းမယ့် အလားအလာတွေ မရှိဘူး။”
ရာသီဥတု ဖောက်ပြန်မှုတွေ ရှိနေပေမဲ့လည်း ဒီနှစ်မှာ အာရှတခွင် ဆန်ထုတ်လုပ်မှုဟာ မနှစ်ကထက် တန်ချိန် ၂၉ သန်း ပိုပြီး စုစုပေါင်း တန်ချိန်သန်းပေါင်း ၇၁၀ အထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ပြည်ပဆန်တင်ပို့မှုမှာ အာရှဟာ ကျန်ဒေသတွေထက် အများကြီး နောက်ကျန်နေဆဲ ဖြစ်သလို ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဒီနှစ် ၂၀၁၀ ခုနှစ်ထဲ ဆန်ထုတ်လုပ်မှုကို ထိခိုက်နေရပြီး၊ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ FAO ရဲ့ ဆန်စပါးဈေး အညွှန်းကိန်းအရဆိုရင် ဒီနှစ်ဇန်နဝါရီလမှာ ဆန်ဈေးဟာ ၂၅၁ မှတ် ရှိခဲ့ပေမဲ့လို့ ဧပြီလ အတွင်းမှာတော့ ၂၀၆ မှတ် အထိ ကျဆင်းသွားခဲ့တာပါ။ ဒီလို ဈေးကွက်အလားအလာတွေ အောက်မှာ လယ်စိုက်သူ တောင်သူတွေ အဖို့ကတော့ ထုတ်လုပ်မှုစားရိတ်နဲ့ ကာမိပါ့မလား စီးပွားရေးအရ ပူပမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
“စပါးအခြေအနေကတော့ နောက်နှစ်ကိုတော့ မှန်းလို့ မရသေးဘူးပေါ့နော်။ နောက်နှစ် စပါးဈေးကောင်းရင်တော့ ခံသာတာပေါ့။ ဆားသမားတွေလိုပဲ ဆားတွေ ထွက်လာတော့မှ ဈေးမရှိရင်တော့ မကိုက်ဘူးပေါ့။”
မိုးကြိုရာသီဖြစ်တဲ့ အခုအခါ လယ်ယာလုပ်ငန်းခွင် စရမှာ ဖြစ်ပေမဲ့ မြန်မာပြည်က တောင်သူတွေအဖို့ မပြည့်မစုံနဲ့ အခြေအနေတွေကို ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းနေကြရသလို၊ လယ်ယာလုပ်ငန်းအတွက် လိုအပ်ချက်တွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ မျိုးစပါး၊ စက်ကရိယာ စတာတွေဟာ မြန်မာ့ လယ်ယာလုပ်ငန်းမှာတော့ ဖူလုံမှုမရှိပဲ ဖြစ်နေကြရတာပါ။ အထူးသဖြင့်ကတော့ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ကြောင့် အထိနာခဲ့ရာက ပြန်လည် နာလန်ထူလာစေဖို့ ကြိုးပမ်းနေရဆဲဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ လယ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
“မိုးစပါးကြတော့ စိုက်ပျိုးဖို့ မျိုးစပါးက အဓိကပဲ။ တချို့တွေကြတော့ မျိုးစပါးဘိုး မတတ်နိုင်ကြဘူး။ အဲဒီအတွက် ပိုက်ဆံကို အတိုးနဲ့ ဆွဲပြီး လုပ်ရကိုင်ရတာတွေရှိတယ်။ စပါးပေါ်လာမှ စပါးယူပါဆိုပြီး စပါးကြိုပေး စနစ်နဲ့ လုပ်ရတာရှိတယ်။ ကျနော်တို့ ဒီနှစ် ဆန်စပါး အထွက်နည်းနည်း ဆုတ်တဲ့အတွက်၊ နွေစပါးအထွက် ဆုတ်တဲ့အတွက် နိုင်ငံခြား တင်ပို့မှုကလည်း အရင်ကထက် ပိုများတယ်။ ပိုများတဲ့အတွက် စပါးဈေး ဒီနှစ်က မနှစ်ကထက် ပိုရတယ်။ ရတဲ့အတွက် မျိုးစပါးဈေးကလည်း ပိုပြီးတော့များတယ်။ မျိုးစပါးဈေးက လက်ရှိ စပါးပေါက်ဈေးထက် ၂ သိန်းလောက် အမြဲများတယ်။ မျိုးစပါးဈေးက ၁၀ တင်းကို ၇ သောင်းကနေ ၈ သောင်း ကြားမှာရှိတယ်။ ၇ သိန်း ကနေ ၈ သိန်းပေါ့ တင်း ၁၀၀ ကို၊ အဲဒီလောက်အထိ ဝယ်ယူသုံးစွဲရမယ့် အနေအထားမှာရှိတယ်။ တခါတလေကျရင် လိုသလောက် မရတဲ့ အခါမျိုးတွေတောင် ရှိတယ်။ တချို့တွေကြတော့ မိုးရာသီအတွက် မျိုးစပါး ချန်နိုင်တဲ့ လယ်သမားတွေရှိတယ်။ အဲဒီလို လယ်သမားမျိုးက လူနည်းစု လယ်သမားတွေဖြစ်တယ်။ ကျနော်တို့ နာဂစ်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ကျေးရွာတွေကြတော့၊ မနှစ်က ကြွက်အန္တာရာယ်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရတော့ မျိုးစပါး မရတဲ့အပြင် ဝမ်းစာတောင် မရကြဘူးလေ။ အဲဒီတော့ လက်ရှိမှာ မျိုးကို ရှာဖွေဝယ်ယူ သုံးစွဲရတဲ့ အနေအထားမှာရှိတယ်။”
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (FAO) ရဲ့ တွက်ချက်မှုအရ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံထက် ဓာတုဗေဒ ဓာတ်မြေသြဇာ သုံးစွဲမှုနှုန်းဟာ ၇ ဆနီးပါးရှိပြီး၊ ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကတော့ ဓာတ်မြေသြဇာ သုံးစွဲမှုဟာ ၆ ဆနီးပါးရှိပါတယ်။ ဒီနိုင်ငံတွေရဲ့ စပါးအထွက်နှုန်းဟာဆိုရင်လည်း တဧကကို ပျမ်းမျှ တင်း ၂၀၀ လောက်အထိ ထွက်ရှိကြတာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုဘဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက်ဖ် စတစ်ဂ်လဇ် (Joseph Stiglitz) ကတော့ သူ့ခရီးစဉ်အတွင်း လယ်သမားတွေနဲ့ တွေ့ဆုံရာမှာ စိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း၊ အရည်အသွေးရှိတဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ ဝယ်ယူဖို့ ချေးငွေ မရနိုင်တဲ့ အခြေအနေတွေကို တွေ့ခဲ့ရကြောင်းလည်း ပြောခဲ့တာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်စေဖို့ မြန်မာနိုင်ငံရဲ့ လူဦးရေအများစု နေထိုင်ရာ ကျေးလက်ဒေသတွေကို ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ အရေးကြီးတဲ့ အကြောင်းကိုလည်း သူက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ရာသီဥတု ဖောက်ပြန်မှုတွေ၊ လယ်ယာကဏ္ဍက လိုအပ်ချက်တွေကို ပြည့်ပြည့်၀၀ ဖြည့်ဆည်း မပေးနိုင်သေးတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံတကာ ကုန်သွယ်မှုတွေမှာ ရင်ဘောင်တန်းနိုင်တဲ့ အခြေခံတွေ မရှိသေးတာမို့ မြန်မာနိုင်ငံ အနေနဲ့ တချိန်က အာရှတိုက်က စပါးကျီလို့ တင်စားပြောဆိုရတဲ့ အဖြစ်မျိုး ပြန်ရောက်နိုင်ဘို့ အတွက်ကတော့ အတော့်ကို ကြိုးပမ်းဖို့ လိုနေဆဲလို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။