သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဟောင်း Mickey Kantor နဲ့ ဗွီအိုအေ သီးသန့် မေးမြန်းခန်း


အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဟောင်း Mickey Kantor နဲ့ ဗွီအိုအေ သီးသန့် မေးမြန်းခန်း
အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဟောင်း Mickey Kantor နဲ့ ဗွီအိုအေ သီးသန့် မေးမြန်းခန်း
အမေရိကန်ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဟောင်း Mickey Kantor က သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်ကို ဆက်လက် ထိန်းသွားနိုင်ဖို့ အတွက် ရေရှည်ပြဿနာတွေကို တာဝန်ခံမှုတွေနဲ့ တာဝန်သိစွာ ကိုင်တွယ်ဖြေရှင်းဖို့လို အပ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို ပြည်သူတွေက အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် စိတ်ချရအောင် လုပ်ဆောင် သင့်တယ်လို့လည်း မှတ်ချက်ချပါတယ်။ မြန်မာနိုင်ငံကို ၄ ရက်ကြာခရီးရောက်ရှိနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Pacific Council on International Policy နိုင်ငံတကာမူဝါဒဆိုင်ရာ ပစိဖိတ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ ဥပဒေအကြံပေးအဖြစ်နဲ့ Mr. Kantor လိုက်ပါ လာခဲ့တာဖြစ်ပါတယ်။ VOA ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက Mr. Kantor ကို ရန်ကုန်မြို့မှာ ဗုဒ္ဓဟူးနေ့က သီးသန့်တွေ့ဆုံမေးမြန်းတားပါတယ်။

VOA: အခုလို သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို သိပါရစေရှင်။

Mr. Kantor: Pacific Council on International Policy နိုင်ငံတကာမူဝါဒဆိုင်ရာ ပစိဖိတ်ကောင်စီအနေနဲ့ နိုင်ငံအတော် များများကို အခုလိုဘဲ သွားရောက်လေ့လာနေတာပါ။ အထူးသဖြင့် အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေကို အဓိကအာရုံစိုက်ပါတယ်။ အခု အာရှခရီးစဉ်က ဒီအတောအတွင်း ဒုတိယခရီးစဉ်ဖြစ်ပါတယ်။ ပထမသွားခဲ့တဲ့နိုင်ငံကမြောက်ကိုရီးယားပါ။ ရည်ရွယ်ချက်ကတော့ ၂ မျိုးရှိပါတယ်။ ပထမအချက်ကတော့ ကျနော်တို့ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲ၊ အပြောင်းအလဲတွေ သိသိသာသာဖြစ်ထွန်းနေတာနဲ့အမျှ ဘယ်လို စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာတွေကို သိချင်ပါတယ်။ နောက်တချက်ကတော့ ကျနော်တို့စူးစမ်းတွေ့ရှိချက်တွေကို အမေရိကန်အစိုးရကိုရော၊ ပြည်သူတွေကိုပါ လက်ဆင့်ကမ်းအသိပေးဖို့ဖြစ်ပါတယ်။

VOA: အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေးမူကို ဘယ်လိုများ သုံးသပ်လို့ရပါလဲ။

Mr. Kantor: အမေရိကန်-မြန်မာဆက်ဆံရေးက အခုမှ အစ ဘဲရှိပါသေးတယ်။ အရင်တုံး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် ကာလအတော်ကြာကြာ ပိတ်ဆို့မှုတွေနဲ့အရေးယူခဲ့တာ အားလုံးအသိပါ။ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ သံရုံး အရာရှိတွေက ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းမှုတွေနဲ့ပတ်သက်ပြီး ဒီခရီးစဉ်အတွင်း မှာ သေသေချာချာရှင်းပြကြပါတယ်။ အားရစရာကောင်းပါတယ်။ သံအမတ်ကြီး Derek Mitchell ကမြန်မာ့အရေးကို ထဲထဲဝင်ဝင် စိတ်ပိုင်းဖြတ်ချက်နဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။

VOA: မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကလည်း ရှိနေဆဲ၊ နိုင်ငံရေးအကျဉ်းသားတချို့လည်း ကျန်နေသေးတော့ ပိတ်ဆို့မှုတွေလျှော့ပေးဖို့ အချိန်မတန် သေးဘူးလို့ ဝေဖန်တဲ့သူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ Mr. Kantor အနေနဲ့ ဘယ်လိုများမှတ်ချက်ပေးချင်ပါသလဲ။

Mr. Kantor: ပိတ်ဆို့မှုတွေလျှော့ပေးဖို့အချိန်တန်ပါပြီ။ ပိတ်ဆို့မှုတချို့ကိုလျှော့ပေါ့ပေးနေတာပါ။ ဒီဘက်ဖြစ်ထွန်းမှုတွေကို ကြည့်ပြီး တဆင့်ချင်းလျှော့ပေးတဲ့သဘောဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့ ရန်ကုန်ငြိမ်းချမ်းရေး စင်တာကိုသွားရောက်လေ့လာ ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိထားတာကြားရလို့ အားတက်မိပါတယ်။ အဓိကနိုင်ငံရေး အင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလို့ သူကိုယ်တိုင် လွှတ်တော်အမတ်ဖြစ်နေပြီဆိုတဲ့ တမဟုတ်ချင်း အပြောင်း အလဲတွေ ဖြစ်ထွန်းနေတာတွေ့နေရပါပြီ။

VOA: ဟုတ်ကဲ့ ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် သမ္မတဦးသိန်းစိန်အစိုးရကို ဘယ်လိုများအကြံပေးချင်ပါသလဲရှင့်။

Mr. Kantor: စိန်ခေါ်အကဲစမ်းမှုတွေ ဒါမှမဟုတ် အပြောင်းအလဲတွေအတွက် လုပ်စရာတွေကအများကြီးရှိသလို သိပ်လည်းခက်ခဲတယ်လို့ ထင်ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့။ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့နဲ့ ကောင်းမွန်တဲ့ပညာရေးစံနစ်ထူထောင်ရေးမှာ တာဝန်ခံပြီး၊ တာဝန်သိစွာနဲ့ အစိုးရက သေချာအောင်လုပ်ဖို့လိုပါတယ်။ ဒါတွေကို မဖြစ်မနေ လုပ်ရမှာပါ။ တချိန်တည်းမှာဘဲ တခြားဒီမိုကရေစီနိုင်ငံတွေလိုဘဲ ရွေးကောက်ပွဲကိုလည်း ဦးသိန်းစိန်အနေနဲ့ ရင်ဆိုင်ရအုံးမှာပါ။ အားလုံးက အဲဒီရွေးကောက်ပွဲ ရဲ့အဖြေကို စောင့်ကြည်နေကြမှာလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခင်းအကျင်းမျိုးဖြစ်အောင် လည်း စီစဉ်ပေးဖို့လိုပါတယ်။ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကအများကြီးပါဘဲ။ သူကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်လာမယ့်ရလာဒ်က မြန်မာလူထု ကို ကိုယ်စားပြုတယ် ဆိုတယ်ကိုသေချာအောင် လုပ်ကြရမှာဖြစ်ပါတယ်။

VOA: သိသာတဲ့ပြုပြင်ပြောင်းလဲရေးတွေတွေ့နေရတဲ့တချိန်တည်းမှာဘဲ ကချင်ဒေသက မအေးသေးတဲ့စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်အရေးကိစ္စတွေကရှိနေသေးတော့၊ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့တဲ့အခါ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ရော ဆွေးနွေးဖို့ရှိပါသလား။

Mr. Kantor: ကျနော်တို့ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီနေ့ ကြာသပတေးနဲ့ လမနပ်ဖန်သောကြာနေ့မှာ နေပြည်တော်တာဝန်ရှိသူတွေနဲ့တွေ့ရင်လည်း ကချင်နဲ့ ရခိုင်ပြညနယ်အရေး စိုးရိမ်မကင်းဖြစ်ရတာတွေကို ပြောပြကြမှာပါ။ ကျနော်တို့ကိုယ်စားလှယ်အဖွဲ့မှာပါတဲ့ ထက်မြက်တဲ့အမျိုးသမီးကြီးတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရတာတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်ဖို့ ဝန်မလေးကြပါဘူး။

VOA: Mr. Kantor က အမေရိကန်ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးအဖြစ်နဲ့ NAFTA လို့ခေါ်တဲ့ မြောက်အမေရိကတိုက်နိုင်ငံများအကြား လွတ်လပ်စွာ အခွန်လွတ် ကုန်သွယ်ရေးကို အောင်မြင်စွာ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ အခု အာစီယံနိုင်ငံတွေ ကလည်း NAFTA လိုသဘောတူညီမှုမျိုးရအောင်ကြိုးစားနေကြပါတယ်။ အာစီယံနိုင်ငံတွေကို ဘယ်လိုအကြံကောင်းတွေများပေးနိုင်ပါသလဲရှင့်။

Mr. Kantor: အားလုံးတသဘောတည်း တစုတည်းဖြစ်ဖို့ဆိုတာကတော့ ခက်ခဲတယ်ဆိုတာကိုတော့ အလေးအနက် ပြောချင်ပါတယ်။ NAFTA ကတော့ အောင်မြင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဆိုတာ ကမ္ဘာ့ဦးဆောင် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ လုပ်တုံးလုပ်နည်းတွေလိုပါတယ်။ NAFTA ဆိုတာတကယ်တော့ WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းကြီး ကို ပြန်လည်ဖန်တီးလိုက်တဲ့သဘောပါဘဲ။ အာစီယံကိုလည်း ဒီလိုဘဲဖြစ်စေချင်ပါတယ် အသေးစိတ် အချက်အလက်တွေ ဆွေးနွေးကြရတာကလည်း လက်ဝင်တော့ စိတ်ရှည် သည်းခံကြဖို့ အရေးကြီးပါတယ်။ နိုင်ငံတိုင်းက ကိုယ့်အကျိုးစီးပွားကို ကာကွယ်လိုကြတာပါဘဲ။ အဖွဲ့ဝင်တွေ အားလုံး လိုချင်တဲ့အဖြေရအောင်ညှိနှိုင်းရတာကတော့ တကယ့်ကို အကဲစမ်းမယ့် ပြဿနာဆိုတာကို သဘောပေါက်ဖို့လည်းလိုပါတယ်။

VOA: အမေရိကန်နဲ့ မြန်မာကုန်သွယ်ရေးအရ ဆက်ဆံမှုပေါ်မှာကော ဘယ်လိုများဆန်းစစ်လို့ရပါသလဲ။

Mr. Kantor: ဒီအခြေအနေမှာတော့ ၂ နိုင်ငံကုန်သွယ်ရေးက သိပ်မရှိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ တဖြည်ဖြည်း တိုးတက်လာမှာပါ။ အမေရိကန်ဘက်ကတော့ မြန်မာနိုင်ငံက လမ်းကြောင်းမှန်ပေါ်မှာ ရှေ့ရှုသွားနေတယ်ဆိုတာကို စိတ်ချရတဲ့အထိစောင့်ကြည့်နေပါတယ်။ ဒီမိုကရေစီတကယ်ဘဲအမြစ်တွယ်နေပြီလား ထွန်းကားနေပြီလား၊ ဒါတွေတွေ့ရပြီဆိုရင် အမေရိကန်ကုမ္မဏီကြီးတွေ၊ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချလက်ချ ဝင်လာကြမှာပါ။ အမေရိကန်အစိုးရကလည်း တက်တက်ကြွကြွပိုပြီး အားပေးမယ်။ သိပ်ကို ပူးပေါင်းဆောင်ရွက်ဖို့ကောင်း တဲ့ မိတ်ဖက်နိုင်ငံတနိုင်ငံဖြစ်လာတော့မှာပါ။

Mr. Mickey Kantor ဟာ သမ္မတ Bill Clinton လက်ထက်က အမေရိကန်ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခုလက်ရှိ California ပြည်နယ်၊ အခြေစိုက် Mayor Brown LLP ဥပဒေအကျိုးဆောင်အဖွဲ့ရဲ့ အမှုဆောင် အရာရှိဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Pacific Council on International Policy နိုင်ငံတကာ မူဝါဆိုင်ရာ ပစိဖိတ်ကောင်စီ ဥက္ကဌ Dr. Jerrold Green ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူပြောင်းရေးကာလဖြစ်ထွန်းမှုတွေနဲ့အတူ စိန်ခေါ်အကဲစမ်းမှုတွေ၊ ရင်းနှီးမြှုပ်နှံရေးအလားအလာတွေကို စူးစမ်း လေ့လာဖို့ မြန်မာနိုင်ငံကို ၄ ရက်ကြာခရီးရောက်ရှိနေပါတယ်။

နေပြည်တော်ရှိ အစိုးရတာဝန်ရှိသူတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်မလဲဆိုတာတွေကို အလေးအနက် ဆွေးနွေးခဲ့ကြပါတယ်။ ကိုယ်စားလှယ်အဖွဲ့ထဲမှာ အဖွဲ့ဝင်တွေအဖြစ် ဗြိတိန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း၊ Tuttle Click Automotive Group ရဲ့ အမှုဆောင်အရာရှိ Robert Tuttle၊ Oakley နေကာမျက်မှန်နဲ့ Digital Camera စတဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့ Oakley ကုမ္မဏီပိုင်ရှင် Scott Olivet အပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်က အထင်ကရပုဂ္ဂိုလ်တွေ၊ စေတနာရှင် စုစုပေါင်း ၁၈ ဦးတွေပါဝင်ပါတယ်။
XS
SM
MD
LG