သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးစိုးရိမ်မှု နိုင်ငံတချို့ ကုလညီလာခံမှာ ထောက်ပြ


 Geneva မြို့မှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်စည်းဝေးပွဲမှာ EU ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis မိန့်ခွန်းပြောစဉ်။
Geneva မြို့မှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်စည်းဝေးပွဲမှာ EU ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis မိန့်ခွန်းပြောစဉ်။

Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည် စည်းဝေးပွဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပါတ်သက်လို့ EU ဥရောပသမဂ္ဂ ကနေဒါ ဂျပန်စတဲ့နိုင်ငံတွေက သူတို့ရဲ့ စိုးရိမ်မှုတွေကို အင်္ဂါနေ့တုန်းက တင်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တာဝန်ကို သက်တမ်းဆက်တိုးဖို့အဆိုပြုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို EU က ချဖို့ရှိတယ်လို့ တင်ပြခဲ့သလို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့ သတင်းလွတ်လပ်ခွင့်လို အခြေခံအခွင့်အရေးတွေ လိုအပ်တယ်လို့ ကနေဒါနိုင်ငံက ပြောကြားခဲ့ပါတယ်။ နိုင်ငံကိုယ်စားပြု အဆင့်မြင့်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထောက်ပြချက်တွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

Geneva မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ မြန်မာအပါအဝင် နိုင်ငံစုံက အဆင့်မြင့် ကိုယ်စားလှယ်တွေက လူ့အခွင့်အရေးဆိုင်ရာသဘောထားမှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပါတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို နိုင်ငံတချို့က ထောက်ပြသွားကြပါတယ်။ EU ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis က မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ ဆုံးဖြတ်ချက်ကို EU ကချမှတ်သွားဖို့ရှိတယ်လို့ ခုလိုပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ပါတ်သက်တဲ့ ဆုံးဖြတ်ချက်ကို EU ကတင်ပြမှာဖြစ်ပါတယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တာဝန်ကို သက်တမ်းတိုးပေးဖို့အဆိုပြုချက်ပါဝင်ပါမယ်။ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေ ဘယ်လောက် တိုးတက်နေပြီလဲဆိုတဲ့ သုံးသပ်ချက်ပါဝင်ပါမယ်။ လူနည်းစုတိုင်းရင်းသားတွေ လူနည်းစုဘာသာဝင်တွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ပြုမှုဆက်ဆံပုံနဲ့ပါတ်သက်လို့ အထူးစိုးရိမ်ကြောင်း EU ရဲ့ဆုံးဖြတ်ချက်ထဲမှာ ထပ်မံထည့်သွင်းပြောကြားထားပါတယ်။"

ပြီးခဲ့တဲ့ August လ ၂၅ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာသိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ အမြောက်အများသေဆုံး ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကြောင့် မြန်မာဗိုလ်ချုပ်ကြီးတွေအပေါ် အရေးယူဒဏ်ခတ်ဖို့ EU နိုင်ငံခြားရေးဝန်ကြီးတွေ တနင်္လာနေ့ကပဲ သဘောတူခဲ့ကြပါတယ်။ EU ရဲ့ခရီးသွားပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပိုင်ဆိုင်မှုထိန်းချုပ်မယ့်ထဲမှာ ဘယ်သူတွေကို ထည့်သွင်းမယ်ဆိုတာကို EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Federica Mogherini ကိုစာရင်းပြုစုပေးဖို့ EU နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုဟာ လူသားတွေအပေါ်ကျူးလွန်တဲ့ပြစ်မှု။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုုဖြစ်တယ်လို့ Canada နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီစည်းဝေးပွဲမှာ အင်္ဂါနေ့က ပြောကြားသွားပါတယ်။ ဒီလုပ်ရပ်တွေက မြန်မာနိုင်ငံဒီမိုကရေစီကို ထိခိုက်စေနိုင်တယ်လို့ ခုလိုပြောပါတယ်။


"ဒီပြစ်မှုကျုးလွန်မှုတွေကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးရတာအပြင်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲအပေါ်လည်း အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။ လူ့အခွင့်အရေးကို မလေးစားဘူး။ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို မလေးစားဘူးဆိုရင် ဒီမိုကရေစီမဖြစ်နိုင်ပါဘူး။ ရက်စက်တဲ့လုပ်ရပ်တွေကို ကျူးလွန်ထားသူတွေကို အရေးယူရပါမယ်။ ဒါကြောင့်လည်း ဖိနှိပ်မှုတွေကို သိသိသာသာဆောင်ရွက်ခဲ့တဲ့ အခန်းကဏ္ဍအတွက် ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ကနေဒါနိုင်ငံက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။"

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေ။ အင်းဒင်ရွာမှာ မွတ်ဆလင်ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့အကြောင်းတွေကို သတင်းဖော်ထုတ်ရင်း ဖမ်းဆီးခံရပြီး နိုင်ငံတော် လှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်နဲ့ပါတ်သက်လို့လည်း Canada နိုင်ငံခြားရေးဝန်ကြီးက စိုးရိမ်ကြောင်း လူ့အခွင့်အရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

"စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တိုးတက်ဖို့အတွက်ဆိုရင် သတင်းလွတ်လပ်ခွင့်လို အခြေခံအခွင့်အရေးတွေကို လေးစားရပါမယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြစ်မှုတွေကို သတင်းထုတ်ပြန်ရဲတဲ့ Reuters သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးထားတဲ့အပေါ် ကနေဒါနိုင်ငံက သိပ်ကို စိုးရိမ်ပါမယ်။ ကိုယ်တိုင် သတင်းထောက်တယောက်ဖြစ်ခဲ့တဲ့အတွက် သတင်းထောက်တွေအနေနဲ့ သူတို့အလုပ်ကြောင့် အရေးယူဒဏ်ခတ်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်မရှိသင့်ဘူးလို့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။"

"ဂျပန်နိုင်ငံခြားရေးဌာန ပါလီမာန်ဒုတိယဝန်ကြီး Mr. Manabu Horii ကလည်း ဂျပန်အစိုးရရဲ့ စိုးရိမ်မှုကို ပြောကြားပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ထောက်ပံ့ကူညီနေတဲ့ ကိစ္စတွေကို စကားပြန်ကတဆင့် ခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ပါတ်သက်လို့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်တဲ့ကိစ္စတွေ။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဂျပန်အစိုးရရဲ့ သဘောထားတွေကို မြန်မာထိပ်ပိုင်းခေါင်းဆောင်တွေ ကစလို့ အောက်ခြေပိုင်းအထိကို အသိပေးပြောကြား ထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်အောင် အားပေးတဲ့အနေနဲ့ရော။ ရခိုင်ပြည်နယ်က ရှုပ်ထွေးတဲ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ရေရှည်အားပေးတဲ့အနေနဲ့ပါ။ ဂျပန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေ။ တခြားအစပြုဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်လုပ်ပေးနေပါတယ်။ ဒါက ဒေသခံတွေကြား ဟန်ချက်ညီညီ နေထိုင်နိုင်ကြရေးအထောက်အကူ ဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။ မြန်မာနဲ့ဘင်္ဂလားဒေရှ့်အတွက်ပေးထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအပြင် သီးခြားဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒီအစပြုဆောင်ရွက်ချက်တွေက ရခိုင်ကို ပြန်လာအခြေချကြမယ့် နေရပ်စွန့်ခွာသူတွေကို ပံ့ပိုးကူညီရေး။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပါတယ်။"

မြန်မာနိုင်ငံက နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း ရခိုင်ပြည်နယ်ပြဿနာကို အပြုသဘောနဲ့ မချဉ်းကပ်ဘူးဆိုရင် ဆိုးကျိုးတွေရှိလာနိုင်ပြီး ပြဿနာဖြေရှင်းမှုကို ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြောကြားသွားပါတယ်။ လူမှုအသိုက်အဝန်းအကြားပဋိပက္ခဟာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုနဲ့ မပတ်သက်သလို အယူဝါဒနှစ်ဖက်အကြား ပဋိပက္ခမဟုတ်ဘူးလို့လည်း ဝန်ကြီးဦးကျော်တင်က ပြောကြားသွားပါတယ်။

ဘင်္ဂလားဒေရှ့်ဖက်က ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ရခိုင်ပြည်နယ်ထဲက လူမှုအဝန်းအဝိုင်းတွေ ပြန်လည်ထူထောင်ရေး အစိုးရဆောင်ရွက်ချက်တွေမှာ UNDP နဲ့ UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တာကိုလည်း လူ့အခွင့်အရေးကောင်စီမိန့်ခွန်းထဲမှာ ထည့်သွင်းအသိပေးသွားပါတယ်။ Geneva မှာကျင်းပနေတဲ့ ၃၇ ကြိမ်မြောက်ကုလမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG