ပြင်သစ်မဲဆန္ဒရှင်တွေက အလယ်အလတ်ဝါဒီ Emmanuel Macron ကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြပြီး အီးယူနဲ့ ပူးပေါင်းရေးနဲ့ ရွေ့ပြောင်း နေထိုင်သူတွေအရေးကို ဆန့်ကျင်သူ ပြိုင်ဘက် Marine Le Pen ကို လက်မခံ ပယ်ချလိုက်ကြပါတယ်။
တနင်္ဂနွေနေ့က မဲရုံတွေ ပိတ်ပြီးပြီးချင် ထွက်လာတဲံ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ Macron က မဲအရေအတွက် ၆၅% အနိုင်ရခဲ့ပြီး Le Pen ကတော့ ၃၄% ကျော် အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
သမိုင်းအစဉ်အလာနဲ့ တည်ရှိခဲ့တဲ့ ကျွနု်ပ်တို့နိုင်ငံအတွက် စာမျက်နှာအသစ်ကို ဒီညမှာ လှန်လိုက်နိုင်ပြီလို့ - အပြန်အလှန် အပြင်းအထန် ထိုးနှက်မှုတွေနဲ့ ပြည့်နေခဲ့တဲ့၊ ခေတ်သစ် ပြင်သစ်သမိုင်းမှာ အစဉ်အလာအရ ထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ နိုင်ငံရေး ပါတီကြီး ၂ ခုစလုံး မပါဝင်တဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဆန့်ကျင်သူတွေရဲ့ တွန်းပို့မှုတွေနဲ့ ပြည့်နေခဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီး ပြောကြားတဲ့ အောင်ပွဲခံ မိန့်ခွန်းအတွင်း Macron က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း Macron က အခုလို ပြောကြားခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲ အနိုင်ရ Emmanuel Macron က " ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားပြီး၊ ရဲစွမ်းသတ္တိနဲ့ ကြင်နာမှုကို ပြသခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒီအောင်ပွဲဟာ ပြင်သစ်ရဲ့အောင်ပွဲဖြစ်ကြောင်း" ပြောကြားသွားတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေဟာ မကြာသေးခင် ကာလတွေအတွင်း အကြိတ်အနယ် ရွေးကောက်ပွဲအဖြစ် ပြင်သစ်လူမျိုးတွေက မှတ်ယူထားကြတာ ဖြစ်ပါတယ်။