[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ နေ့စဉ်ပြတ်တောက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတွေ ထိခိုက်နေသလို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ လျှပ်စစ်မီး အဓိကထားပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေမှာ မီးစက်တွေရှိပေမယ့်လည်း စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံနေကြရပါတယ်။ လျှပ်စစ်မီးပြတ်လပ်မှုနဲ့ စက်သုံးဆီဈေးကြီးမြင့်နေမှုကြောင့် တပိုင်တနိုင်စီးပွား ရေးလုပ်ငန်းတွေထိခိုက်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွင်းက မြို့နယ်တော်တော်များများမှာ တနေ့ကို လျှပ်စစ်မီးတကြိမ်မက ပြတ်တောက်မှုတွေ ဖြစ်နေပြီး ပြတ်တောက်ချိန် ကြိုမသိရတာ၊ ကြာမြင့်တာ တွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေ ထိခိုက်နေပါတယ်။ မီးပျက် ချိန်ကြာပြီး ပုံမှန်မီးပျက်ချိန် ခန့်မှန်းလို့ မရတာကြောင့် လုပ်ငန်းခွင်မှာ ဆုံးရှုံးမှုတွေများလာသလို ဝင်ငွေပိုင်းလည်း ထိခိုက်လာတယ်လို့ အပ်ချုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်တဲ့ ဒေါ်အေးမှုံက ပြောပါတယ်။
“မီးက ပုံမှန်မရှိဘူး။ ပျက်ချိန်တဲ့အချိန် ပျက်သွားတယ်။ လာချင်တဲ့အချိန်လာတယ်။ တခါပျက်ရင် ၃ နာရီ ၄ နာရီကြာတယ်။ ဘာမှ လုပ်လို့မရဘူး။ စက်ချုပ်တဲ့အလုပ်ဆိုတော့ မီးလာမှ လုပ်လို့ ရတာလေ။ အကုန်လုံးနီးပါး ထိခိုက်တာပေါ့။ မီးလာမှ လုပ်ရတဲ့ အလုပ်ဆိုတော့ မီးမလာတော့ အလုပ်လည်း မပြီးဘူး။ အဲဒီတော့ အလုပ်ထိခိုက်တာပေါ့။”
စီးပွားရေးလုပ်ငန်းလုပ်သူတွေက မီးပျက်တဲ့အခါသုံးဖို့ မီးစက်တွေရှိကြပေမယ့် မီးစက်ထဲထည့်ရတဲ့ စက်သုံးဆီဈေးတွေကလည်း မြင့်တက်နေတာကြောင့် အခက်တွေ့နေကြပြန်ပါတယ်။ ဒီအခက်အခဲကို ရန်ကုန်မြို့ သုဝဏ္ဏဈေးအနီးမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မချောစုကခုလို ပြောပြပါတယ်။
“ထိခိုက်မှုတွေကတော့ အများကြီးရှိတာပေါ့နော်။ ဆီဈေးကလည်း တက်နေတာဆိုတော့လေ၊ မီးစက်တော့ ရှိတယ်။ ဒါပေမယ့် ဆီဈေးကတက်နေတော့ အဆင် မပြေဘူးပေါ့နော်၊ လုပ်ငန်းမှာဆိုရင်လည်း မီးက တနေ့ကို လေးငါးနာရီလောက် ပျက်တယ်။ အလုပ်လုပ်ရတာ ဧည့်သည်တွေ (ဆံပင်ပြုပြင်ရန်လာသူ) တွေနဲ့ဆိုတော့ ကသိကအောက်ဖြစ်တယ်လေ၊ မီးမလာတဲ့အတွက်ကြောင့်ပေါ့လေ။”
မီးပျက်ရင် ရေရရှိနိုင်ဖို့ပါ ခက်သွားတဲ့အတွက် သူတို့လို အလှပြင်ဆိုင်လုပ်ငန်းတွေ ပိုပြီး ဒုက္ခရောက်ကြရပါတယ်။
“မီးစက်ကလည်း အမြဲတမ်းမရဘူးပေါ့နော် ဆီဈေးတက်နေတာဆိုတော့၊ တချို့ဆိုင်ကို လာတဲ့ ဧည့်သည်တွေဆိုရင် ပြန်လွှတ်လိုက်ရတာ ရှိတယ်ပေါ့နော်၊ အဲခါကျတော့ အများကြီးတော့ နစ်နာမှုတွေတော့ ရှိတာပေါ့၊ အလုပ်လုပ်နေရင်း မီးပျက် သွားတဲ့ အခါကျတော့ ဧည့်သည်တွေကို အားနာရတာပေါ့နော်၊ စောင့်ခိုင်းရတာတွေ ဘာတွေလည်း ရှိတယ်၊ မီးမပျက်စေချင်ဘူး။ အလုပ်က မီးနဲ့ပဲ အလုပ်လုပ်နေရတာဆိုတော့လေ ရေကလည်း အမြဲတမ်းရှိမှလည်း ဖြစ်တာဆိုတော့ မီးမလာရင် ရေလည်းမလာဘူး၊ အဲဒါကြောင့် မီး ၂၄ နာရီ်ရအောင် လုပ်ပေးပါလို့ ပြောချင်ပါတယ်ရှင့်။”
ရခိုင်ပြည်နယ်မှာဆိုရင်လည်း တနေ့ကို ၂ ကြိမ်လောက် လျှပ်စစ်မီးပြတ်တောက်နေပြီး တခါပျက်ရင် အနည်းဆုံး ၆ နာရီလောက်ကြာတာမို့ ဒေသခံတွေရဲ့ လုပ်ငန်းတွေ ထိခိုက်နေကြပါတယ်။ ရုံးချိန်အတွင်း မီးပျက်တာကြောင့် အလုပ်မတွင် ကျယ်ရုံသာမက အကုန်အကျလည်း များနေတယ်လို့ စစ်တွေမြို့က ပုဂ္ဂလိက ရုံးဝန်ထမ်းတဦးက ပြောပါတယ်။
“မီးပျက်ရင်တော့ မီးစက်နိုးရတာပေါ့ မီစက်နိုးဖို့ကျတော့လည်း ဆီဈေးတွေကတက်နေတော့ အခက်အခဲဖြစ်တာပေါ့။ မီးပျက်တာကလည်း တချိန်တည်းပျက်တာမဟုတ်ဘူး။ တခါတလေ တကြိမ် နှစ်ကြိမ် အထိပျက်တယ်။ တခါပျက်ရင်လည်း ၃ နာရီ ၄ နာရီ အထိကြာတယ်။ အဲဒီတော့ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ပျက်တာ သိပ် မသိသာပေမယ့် ရုံးချိန်အတွင်းမှာ မီးပျက်တာကတော့ ကုန်ကျစရိတ် ပိုများတာပေါ့။”
စွမ်းအင် မလုံလောက်မှုကြောင့် ၂၀၂၁ အောက်တိုဘာလကစပြီး လျှပ်စစ်မီးဖြတ်တောက်တာ၊ အလှည့်ကျပေးတာတွေကို သက်ဆိုင်ရာက စတင်လုပ်ဆောင်ခဲ့ပါတယ်။ မြို့နယ်အလိုက် မီးပျက်မဲ့အချိန်တွေကို စစ်ကောင်စီက အစပိုင်း ကြိုတင်အသိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသိပေးခြင်းမရှိတော့သလို မီးပျက်ချိန်နဲ့ အကြိမ်အရေအတွက်လည်း ပိုများလာပါတယ်။ ဓါတ်ဆီဈေးကလည်း အခုလောလောဆယ် ၁ လီတာကို ကျပ် ၂,၀၀၀ ကျော်ဖြစ်နေတာကြောင့် မီးပျက်ရင် မီးစက် အားကိုး အလုပ်လုပ်ကြရသူတွေ အကြပ်ရိုက်နေကြပါတယ်။
=================
[[Unicode]]
=================