ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီက အလွယ်တကူ မရနိုင်လို့ မြန်မာပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတွေ စိတ်ပျက်နေကြပါတယ်။ မီဒီယာတွေတင်မက နိုင်ငံရေးပါတီတွေကလည်း ကော်မရှင်နဲ့ဆက်ဆံတဲ့နေရာမှာ ချောမွေ့သွက်လက်မှု မရှိလို့ ညည်းညူနေကြပါတယ်။ ဘာကြောင့်ရွေးကောက်ပွဲ ကော်မရှင်က ဆက်ဆံရ ခက်နေရသလဲ ဆိုတာကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်တွေကလည်း ပိုပြီး အရေးကြီးလာနေပါတယ်။ ဒါပေမဲ့လည်း ရွေးကောက် ပွဲကော်မရှင်ကနေပြီး သတင်းအချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလွယ်တကူ ထုတ်ေ၀ ဖြန့်ချိတာတွေ မရှိသလို သတင်းမီဒီယာတွေက ပြည့်ပြည့်စုံစုံ သိချင်လို့ စုံစမ်းတဲ့အခါမှာလည်း ပြန်ပြီး ရှင်းပြတာတွေမရှိလို့ မြန်မာပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတွေ ရွေးကောက်ပွဲ ကော်မရှင်ကို စိတ်ပျက်နေကြပါတယ်။
ရန်ကုန်အခြေစိုက် အီလဲဗင်း (Eleven) သတင်းဂျာနယ်ကလည်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်တွေကို ထုတ်ပြန်ပေးဖို့ နေပြည်တော်မှာရှိတဲ့ ရွေးကောက် ပွဲကော်မရှင်ရုံးဆီ ဒီကနေ့ပဲ အကြောင်းကြားစာ ပေးပို့လိုက်တဲ့အကြောင်း အီလဲဗင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းကိစ္စ ဆက်ဆံရတာ အလုပ်မဖြစ်တဲ့အကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းသမားတဦးက ရှင်းပြပါတယ်။
“ပါတီတွေ မှတ်ပုံတင်တယ်။ ဘယ်သူတွေ ရနေပြီလဲဆိုတာ ကျနော်တို့က လှမ်းပြီး confirm လုပ်တဲ့အခါမှာ သူတို့က အထက်လူကြီးရဲ့ ပြောခွင့်ရမှပဲ သူတို့က ထုတ်ပြန်ပေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုးရယ်။ နောက်ပြီးတော့ တဖက် မြို့နယ်ကော်မရှင်တွေ ဖွဲ့တဲ့ဘက်ရောက်ရင် မြို့နယ်တို့ တိုင်းတို့ကို ဆက်ပြီးမေးကြည့်တဲ့အခါမှာ သူတို့က ခုနကလိုပေါ့ အပေါ်ကနေပြီးတော့ မီဒီယာကို ပြောရမယ်ဆိုတဲ့ ညွှန်ကြားချက်မရသေးဘူးလို့ သူတို့က ပြောတဲ့အတွက် ကျနော်တို့ကတော့ ကော်မရှင်ကို အဲဒီကနေပြီးတော့ ဆက်သွယ်ပြီးတော့ မလုပ်ဘူး။ လုပ်တဲ့အခါမှာ ကျနော်တို့က ပါတီတို့၊ candidate တို့နဲ့ပဲ သူတို့ဘက်ကပဲ တိုက်ရိုက် သတင်းတွေ ရယူတာပဲလုပ်တယ်။”
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြတယ်ဆိုပေမဲ့ ပိုပြီး စုံစုံလင်လင် သိနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို ဆက်သွယ် မေးမြန်းကြတဲ့အခါတိုင်း ဘာမှ အကြောင်းမထူးတာကြောင့် သတင်းဂျာနယ် တော်တော်များများက ကော်မရှင်ဆီကို အဆက်အသွယ် မလုပ်တော့ဘူးလို့ ဆိုပါတယ်။
“မီဒီယာသမားတွေကတော့ မချဉ်းကပ်ဖို့တော့ မဟုတ်ပါဘူး။ ချည်းကပ်ပါတယ်။ ရသလောက်တော့ ဖော်ပြပါတယ်။ ဒါပေမဲ့ အခွင့်အရေး မရသေးလို့သာ သူတို့ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်သေးတာပါ။ သူတို့ဘက်က တခုခုလုပ်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဘာတွေလုပ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာတော့ သူတို့ ကြေညာပေးဖို့ကောင်းတယ်။”
ရန်ကုန်က အပါတ်စဉ်ထုတ် ဂျာနယ်သတင်းသမား တဦး ပြောပြခဲ့တာပါ။ ရွေးကောက်ပွဲကော်ရှင်နဲ့ ဆက်ဆံလုပ်ကိုင်ရတာကို စိတ်ပျက်နေကြတာ သတင်းလောကတခုတည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကလည်း စိတ်ပျက်နေတာပါ။
“ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်လို့ကတော့ ကျနော်တို့ သိချင်တာရှိတာတွေကို ကျနော်တို့ ပေးနိုင်တယ်လို့တော့ ပြောတယ်ဗျာ။ ဒါပေမဲ့ တကယ်တောင်းတဲ့အခါကျတော့ လုပ်ငန်းစဉ် အဆင့်ဆင့်တွေက များနေတယ်။ များတဲ့အပြင်ကို သူတို့မှာက အချက်အလက်တွေက အချိန်မီ စုစောင်းထားတာ မရှိဘူးဖြစ်နေတယ်ဗျ။ အဲဒီတော့ ကျနော်တို့က သိပ်ပြီး အားမကိုးတော့ဘူးဗျာ။ အားမကိုးဘဲနဲ့ ကိုယ့်ဟာကိုယ်ပဲ ပြည်သူကြား ဆင်းပြီးတော့ပဲ လှုပ်ရှားမှုတွေ လုပ်ရတော့တာပဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတော့တာပဲ။”
အဲဒါကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က အထွေထွေအတွင်းရေးမှူး ဦးသိန်းတင်အောင် ပြောခဲ့တာပါ။ သူဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်သူပါ။ ရွေးကော်ပွဲကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်တဲ့နေရာမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်သူတွေ အလွယ်တကူ သိနိုင်အောင် မလုပ်လို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မဲထည့်မယ့် ပြည်သူတွေ အဆက်အစပ်ရှိဖို့ ခက်ခဲနေတယ်လို့ ဦးသိန်းတင်အောင်က ရှင်းပြပါတယ်။
“အခု ကျနော်တို့ ဥက္ကဌ ကိုသိန်းဌေးပေါ့ဗျာ။ ပဲခူးမြို့နယ် အမျိုးသားလွှတ်တော်မှာ သူ ဝင်ပြိုင်ဖို့ သူ့ရဲ့ မဲဆန္ဒနယ် ကျေးလပ်တွေကို ဆင်းတဲ့အခါကျတော့ အဲဒီကျေးလပ်တွေမှာရှိတဲ့ ရပ်ကွက် ကော်မရှင်ရုံးတွေမှာ ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို မကပ်ထားဘူးခင်ဗျ။ ကပ်မထားကြတော့ ပေးရမယ့် မဲဆန္ဒရှင်ပြည်သူတွေက ဘယ်သူ့ကို ရွေးရမှန်း ခုချိန်ထိမသိဘူး ဖြစ်နေတယ်။ အဲဒီတော့ ရပ်ကွက်ကော်မရှင် ရုံးတွေတိုင်းမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ အားလုံးက ပြည့်ပြည့်စုံစုံ ဖော်ပြသင့်တယ်လို့ ကျနော်တို့က တောင်းဆိုချင်တယ်ဗျာ။”
ကော်မရှင်ကနေပြီး ရွေးကောက်ပွဲကျင်းပဖို့ရက် သတ်မှတ်ခဲ့တာကလည်း အချိန်တို၊ ကော်မရှင်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ညွန်ကြားချက်တွေကလည်းများ၊ ရတဲ့အချိန်အတွင်း ဘောင်ဝင်အောင် လုပ်နိုင်ရေး စီစဉ်ပြန်တော့လည်း ကော်မရှင်ရဲ့ ရုံးလုပ်ငန်းအဆင့်ဆင့် ကြန့်ကြာမှုတွေကြောင့် ခရီးမတွင် စတဲ့ အခက်အခဲတွေကြောင့် ရွေးကောက်ပွဲ ဝင်ကြမယ့်ပါတီတွေက ရွေးကောက်ပွဲ ကော်မရှင်ကို စိတ်ပျက် ညည်းညူတဲ့အသံတွေ တောက်လျှောက် ထွက်ပေါ်နေတဲ့အချိန်မှာပဲ သတင်းမီဒီယာ တွေကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ဝေဖန်လာနေတာကြောင့် တကယ့် ရွေးကောက်ပွဲကာလမှာ ဘယ်လိုအခက်အခဲတွေ ထပ်ပြီးကြုံရဦးမလဲ ဆိုပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။