ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်ကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင် မယ့် ဥပဒေ မကြာခင် ပြဌာန်းနိုင်ရေး ဒီမိုကရက်နဲ့ ရီပတ်ဘလီကင်ကန်ပါတီ ၂ ရပ် ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်အောက်လွှတ်တော်အမတ် Elliot Engel က ဗွီအိုအေကို ပြောပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တေ်ာမှာ ပြုလုပ်တဲ့ Sittwe မှတ်တမ်း ရုပ်ရှင်ပြသပွဲနဲ့ ရိုဟင်ဂျာအကြပ်အတည်းအပေါ် သဘောထားအမြင်များ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ Mr. Engel က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ရက်စက်မှုတွေကို အမေရိကန်လွှတ်တော်က နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားတွေရဲ့ ဘေးဒုက္ခကြီးကျရောက်နေပြီး ဒါကို ကူညီဖြေရှင်းဖို့ အမေရိကန်လွှတ်တော်မှာ မကြာခင် ဥပဒေကြမ်းတင်သွင်းဖို့ရှိကြောင်း ဝါရင့် ဒီမိုကရက်အောက်လွှတ်တော်အမတ် Elliot Engel က ဗွီအိုအေကို အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ လူအများသိရှိလာအောင် ကျနော်တို့က လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းမသိကြတဲ့ လူတွေအများကြီးရှိနေပါတယ်။ ဒါ့အပြင် ကျနော်တို့က ဥပဒေကြမ်းတရပ် တင်သွင်းပြီး ဒီအကြောင်းကို မီးမောင်းထိုးပြခြင်းအားဖြင့် အကြမ်းဖက်မှု ကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်စေဖို့ ဖြစ်ပါတယ်။ ကျနော်တို့ က ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကင် ပါတီ ၂ ရပ်စလုံးအတူလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြီးမဟုတ်ပါဘူး။ လူသားတွေရဲ့ ဘေးဒုက္ခကြီးပါ။"
သြဂုတ်လ (၂၅) ရက်နေ့က ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကနေ လုံခြုံရေးစခန်း ၃၀ ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေရဲ့ အင်အားအလွန်အကျွံ သုံးပြီး နယ်မြေရှင်းလင်းမှုကြောင့် ၂ လအတွင်း ဒုက္ခသည်ပေါင်း သန်းတဝက်ကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရတဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း Mr. Engel က အခုလို ပြောပါတယ်။
"၁၉၉၉ခုနှစ်က ကိုဆိုဗိုမှာ Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ဖြစ်ခဲ့တယ်။ ၁၉၄၀ခုနှစ်များက ဂျူးတွေကို နာဇီတွေက အဆိပ်ဓါတ်ငွေ့သွင်းပြီး သတ်ဖြတ်ခဲ့တာရှိခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ နှုတ်ဆိတ်လို့ မနေသင့်ပါဘူး။ နိုင်ငံခြားရေးဌာနမှာ ဒီကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်သင့်ပေ မယ့် နိုင်ငံခြားရေးဌာနရဲ့ အရေးကြီးတဲ့ ရာထူးတွေကို ခန့်အပ်ရာမှာ သမ္မတက နှေးကွေးနေပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဌာနကို မြန်မြန်ထက်ထက် ဆောင်ရွက်စေချင် ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်တန့်အောင် လွှတ်တော်နဲ့ အတူ နိုင်ငံခြားရေးဌာနက လှုပ်ရှား ဆောင်ရွက်သင့်ပါတယ်။"
အခုလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီး ကျရောက်နေချိန် အမေရိကန်ပြည်ထောင်စုတဝန်း လှည့်လည်ပြသနေတဲ့ Sittwe မှတ်တမ်း ရုပ်ရှင်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာ နိုင်ငံ တကာ နားလည်သိရှိအောင် ရိုက်ကူးတင်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်အဖြစ် သူ့အနေနဲ့ အသိအမှတ်ပြုကြောင်းအောက်လွှတ်တော်အမတ် Engel က ရုပ်ရှင်ပြသပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးရတဲ့ အဓိကရည်ရွယ်ချက်နဲ့ ပတ်သက်လို့ “Sittwe” ရုပ်ရှင်ကို ထုတ်လုပ်တဲ့ Smile Education and Development Foundation တည်ထောင်သူ လည်းဖြစ် ပြည်တွင်းမှာ လူအခွင့်အရေးကြိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဦးမျိုးဝင်းက ဗွီအိုအေကို ပြောပါတယ်။
"ဒီဒေသမှာ လူငယ်လူရွယ်တွေဟာ ပညာရေးမရလို့ရှိရင်တော့ ရှေ့လျှောက်ပိုပြီးတော့ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်။ လူတွေဟာ မျှော်လင့် ချက်တွေ ကင်းလာလို့ရှိရင် လုပ်ချင်တာတွေလုပ်တော့မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ပညာရေးကို ရည်မှန်းချက် တခုအနေနဲ့ ဆောင်ရွက်လာနိုင်ဖို့ အတွက် အစိုးရကိုလည်း အသိပေးချင်တယ်။ နောက် တခုကတော့ နိုင်ငံတကာတွေကိုတွန်းအားပေးတဲ့အခါမှာ ဒီကိစ္စကို ဦးစားပေးမယ်။ နောက်တခုက ကျတော့ လူငယ်လူရွယ်တွေဟာ သူ့တို့လက်ကနေဘာမှ မလုပ်ခဲ့တဲ့ အပြစ်တွေကြောင့် အကျိုးဆက်အနေနဲ့ အခုလိုမျိုး ခံစားလာရတာတွေကို ကျနော်တို့က နေပြီးတော့မှ ဒါကလည်း သိပ်အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့်မို့လို့ သူတို့တွေအတွကို ထည့်သွင်းစဉ်းစားပါ၊ အဓိက ကတော့ ပညာရေး ဆိုင်ရာ အသီးအပွင့်တွေနဲ့ အနာဂတ်မှာ ပိုပြီးတော့ သဟဇာတဖြစ်မယ့်အခြေအနေကို ပြန်သွားနိုင်ဖို့အတွက် ကျနော်တို့ ရည်ရွယ်တယ်လေ။"
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးအပေါ်အခြေခံတဲ့ အကြမ်းဖက် မှုကြောင့် ဒုက္ခသည်စခန်းတွေကို အတင်းအဓမ္မရွှေ့ပြောင်းခံရတဲ့ လူငယ်တွေရဲ့ ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှုကို ရိုက်ကူးတင်ပြထားတာဖြစ်ပြီး မြန်မာအမည် "ကုစားရာ" လို့ ပေးထားကြောင်း ဦးမျိုးဝင်းကပြောပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူညီထောက်ခံနေတဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုလို ရခိုင်ပြည်နယ် အကျပ်အတည်း နိုင်ငံတကာကို ရိုက်ခတ် လာတာနဲ့ ပတ်သက်လို့ ပြန်ပြီး ဖိအားပေးတဲ့ မူဝါဒ ကျင့်သုံးလာကြောင်း တွေ့ရတယ် လို့လည်း မှတ်တမ်း ရုပ်ရှင်ပြသပွဲနဲ့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဒေါက်တာနိုင်အောင်က သုံးသပ်ပါတယ်။
မနေ့က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်တဲ့ "Sittwe” မှတ်တမ်းရုပ်ရှင် ပြသပွဲနဲ့ ရိုဟင်ဂျာအကြပ်အတည်းအပေါ် သဘောထားအမြင်များ ဆွေးနွေးပွဲမှာ ဦးမျိုးဝင်းနဲ့အတူ မြန်မာ-ရိုဟင်ဂျာများအသင်း ယူကေ ဥက္ကဋ္ဌဦးထွန်းခင်၊ Arakan အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က မဝေေ၀နု၊ United States Holocaust Memorial Museum က Andrea Gittleman တို့ဦးဆောင် ဆွေးနွေးခဲ့ကြပြီး ဝါရှင်တန်အခြေစိုက် AJWS ကမ္ဘာလုံး ဆိုင်ရာ အမေရိကန်-ဂျူး အသင်းနဲ့ NED ကမ္ဘာတဝှမ်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ထောက်ခံပေးနေတဲ့ အဖွဲ့ ကြီးတို့ ပူးတွဲ ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။