ဒီမိုကရေစီအရေခြုံထားပြီး န.အ.ဖ က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်လို့ရအောင် အကွက်ကျကျ စီမံပြင်ဆင်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပဖို့က နာရီ ၅၀ လောက်သာ လိုပါတော့တယ်။ န.အ.ဖ အဖွဲ့ကို ဘယ်တော့ ဖျက်သိမ်းမယ်၊ ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လက်ရှိရာထူးတွေက ဘယ်တော့ နှုတ်ထွက်မယ် ဆိုတာတွေကတော့ ခုချိန်ထိ မကြေညာသေးပါဘူး။
တကယ်တန်းကြည့်ရင် န.အ.ဖ ရော၊ စစ်တပ်ရော၊ ကြံ့ဖွံ့ရော အကုန်လုံးက အတူတူပါ။ န.အ.ဖ အဖွဲ့ထဲမှာ အရပ်သားတဦးမှ မပါပါဘူး။ ဝန်ကြီးတွေထဲမှာလည်း ကျန်းမာရေး၊ ပညာရေးကလွဲရင် စစ်ဗိုလ်ချုပ်တွေပါပဲ။ ကြံ့ဖွံ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အကုန်လုံးကလည်း စစ်ဗိုလ်ချုပ်တွေပါ။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၆ အရ စစ်တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်ရမယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်း အပိုင်ယူထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ ရှင်းနေတာက ကာကွယ်ရေးဦးစီးချုပ်က ရာထူးအကြီးဆုံး၊ အာဏာအရှိဆုံးဖြစ်နေတာပါ။ ဒါဟာ ဒီမိုကရေစီကို ပုံဖော်မယ့်အနေအထား မဟုတ်တာတော့ သေချာနေပါပြီ။
စစ်တပ်က ရွေးကောက်ပွဲဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်းယူထားပြီးဖြစ်တဲ့အပြင် စစ်တပ်အရာရှိကြီး တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊သူတို့အပါအဝင် ဗိုလ်ချုပ်အများအပြားက စစ်တပ်က နှုတ်ထွက်ပြီး နောက်ထပ် ၇၅ ရာခိုင်နှုန်းထဲက ရသမျှဖဲ့ယူဖို့ ရွေးကောက်ပွဲ ဝင်ကြမှာပါ။
စစ်ဗိုလ်ချုပ်တွေ ကိုယ်စားပြုပြီး ဝင်ပြိုင်ကြမယ့် ပါတီကလည်း ကြံ့ဖွံ့ပါတီဆိုတော့ ကြံ့ဖွံ့က အာဏာရ ပါတီလို ဖြစ်နေတာပါ။ ဒါ့ကြောင့်လည်း ထင်တိုင်းကျဲနိုင်ကြတာပါ။ ဥပဒေက သူတို့အောက်မှာပါ။ ကျန်တဲ့ပါတီတွေ၊ ပြည်သူတွေကသာ ဥပဒေကို လိုက်နာရတာပါ။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်း သဘောတူမှ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အဆိုတင် သွင်းနိုင်မှာဆိုတော့ ဒီအတိုင်းသာ ဆိုရင် စစ်တပ်နဲ့ ကြံ့ဖွံ့ကပဲ ၇၅ ရာခိုင်နှုန်းရပြီး သူတို့စိတ်ကြိုက် ထပ်ပြင်ချင်တာပြင်ဖို့ ဖြစ်နေတာပါ။
ဒီမိုကရေစီအင်အားစုတွေအနေနဲ့က ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ရွေးကောက်ပွဲ နည်းလမ်းနဲ့တော့ အိပ်မက်တောင် မက်လို့ မရနိုင်တော့ပါ ဘူး။ ရွေးကောက်ပွဲ မစခင်ကတည်းက ကြံ့ဖွံ့က တချို့ မဲဆန္ဒနယ်တွေမှာ ပြိုင်ဘက်မရှိ အလိုလို အနိုင်ရထားပြီးသားပါ။ နိုင်မှာလည်း သေချာနေပြီးသား၊ လွှတ်တော်ထဲဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားကြည့်မယ်ဆိုတဲ့ ဒီမိုကရေစီအင်အားစုပါတီတွေ ဒီအချက်ကို အလေးအနက်ထား စဉ်းစားသင့်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အနိုင်ရသူတွေက ပထမဆုံး အကြိမ် ပါလီမန်ခေါ်မှ စတင် အသက်ဝင်မှာ ပါ။ အခု န.အ.ဖ ကတော့ နိုင်ဖို့ ကျိန်းသေ တွက်ထားပြီးသားပါ။ အလံတွေကိုလည်း ပြောင်းလိုက်ပါပြီ။ မလုပ်သင့်တဲ့ကိစ္စပါ။ ပြီးတော့ တရားဝင်ကြေညာပြီး လုပ်တာ လည်း မဟုတ်ပါဘူး။ အတွင်းအမိန့်နဲ့ တိုးတိုးတိတ်တိတ်ပါ။ နောက် တော်တော်ကြာတော့မှ အလံသစ် အကြောင်းကို နောင်နှစ် ဒုတိယတန်းဖတ်စာမှာ ထည့်သွင်းသင်ကြားမယ်ဆိုပြီး ကြေညာတာပါ။
နိုင်ငံတော်အလံကိုတောင် ခိုးကြောင်ခိုးဝှက်တင်သလို ဖြစ်နေပါတယ်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီကို အာမခံပေး နိုင်တဲ့ ရွေးကောက်ပွဲမဟုတ်တာကတော့ ဒါလောက်ဆို သေချာနေပါပြီ။ န.အ.ဖ အတွက်ကတော့ တချက်ခုတ် ၅ ချက်၊ ၆ ချက်လောက် ပြတ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုကြီးပါ။
ရွေးကောက်ပွဲပြီးတာနဲ့ ဒီမိုကရေစီရွေးကောက်ပွဲဖြစ်တယ်၊ သူတို့က အာဏာသိမ်းအစိုးရ မဟုတ် တော့ဘူး၊ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တယ်ဆိုတာကြေညာပြီး စီးပွားရေး ပိတ်ဆို့မှု တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုကြပါလိမ့်မယ်။
အမေရိကတို့ အီးယူတို့ကလည်း မဟုတ်မဟပ် လုပ်ထားမှန်းသိရက်နဲ့ သိသိကြီးနဲ့ပဲ လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ စဉ်းစားကြပါလိမ့်မယ်။ ပြည်သူအများစုကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားကြပါဘူး။ ရွေးကောက်ပွဲက သူတို့နေ့စဉ်ဘဝအတွက် အရေးလည်း မပါပါဘူး။ ဒီတော့ မဲပေးကြမှာလည်း မဟုတ်ပါဘူး။ မဖြစ်မနေ မဲထည့်ရမယ်ဆိုရင်လည်း နံကြားထောက် ရွေးရုံပဲ ဆိုတာမျိုး ဖြစ်နေတာပါ။ စိတ်ဝင်စားသူတွေကလည်း ရွေးကောက်ပွဲအပြီး ကြီးကြီးမားမား ပြောင်းလဲလာမယ်လို့ မျှော်လင့်မထားကြတဲ့ အတွက် မဲမထည့်ဖို့ ဆုံးဖြတ်ကြမယ်လို့ ပြောနေကြပါတယ်။