တိုင်းရင်းသားအင်အားစုတွေရဲ့ ၁၀၂၇ ထိုးစစ်ကို လွှတ်ပေးထားခဲ့တဲ့ တရုတ်ဟာ အခုအခါ သူတို့ကို ထိန်းချုပ်ပြီး စစ်ကောင်စီကို ပုံအောထောက်ပံ့လာပါတယ်။ ဒါဟာ သူ့အကျိုးစီးပွါးအတွက် တချိန်က မိတ်ဆွေဖွဲ့ထားတဲ့ လူမျိုးစုအရေးကို တရုတ်က စွန့်လွှတ်စတေးလိုက်တာလား။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ တရုတ်က ၁၀၂၇ ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေးမှာတုန်းက သူ့ဘက်က တိုက်ရိုက်မကူညီတောင်မှ လွှတ်ပေးထားခဲ့ပါတယ်။ အခုကြတော့ အတိုက်ရပ်ဖို့ ပြောပြီးတော့ စစ်ကောင်စီဘက်ကနေ ကာကွယ်တဲ့ပုံစံ ဖြစ်လာပါတယ်။ အဲဒီအပေါ် ဘယ်လိုသဘောရပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ တရုတ်ရဲ့ သဘောထားမူ ပြောင်းသွားတာက အစကတည်းက ညီနောင်သုံးဖွဲ့ စစ်ဆင်ရေးကို လွှတ်ပေးထားတာကိုက သူ လိုချင်တဲ့ အတိုင်းအတာက နယ်စပ်မှာ ဖြစ်နေတဲ့ ကျားဖျန့် ရာဇဝတ်ဂိုဏ်းတွေကိ နှိမ်နင်းရာမှာ အသုံးချခဲ့တာ ဖြစ်တယ်။ အခုလို တိုင်းရင်းသားညီနောင်သုံးဖွဲ့က ပိုပြီးတော့ စစ်ရေးချဲ့ထွင်လာပြီးတော့ လားရှိုးအထိ သိမ်းလာတယ်။ မန္တလေးအထိ ခြိမ်းခြောက်လာတယ်ဆိုတော့ တရုတ်က စိုးရိမ်လာတယ်။ ဒီအတိုင်းသာဆိုရင်တော့ စစ်ကောင်စီက ကျရှုံးသွားနိုင်တယ်။ စစ်ကောင်စီ ကျရှုံးသွားရင် သူ့ရဲ့ အကျိုးစီးပွားကို လောလောဆယ် ထိန်းသိမ်းကာကွယ်ပေးမယ့် အဖွဲ့အစည်း မရှိဘူး။ စစ်ကောင်စီကို သံယောဇဉ် ရှိလို့တော့ မဟုတ်ဘူး။ နောက်တခုက စစ်ကောင်စီသာ ကျရှုံးခဲ့မယ်ဆိုရင် အနောက်နိုင်ငံတွေဘက်က NUG ကို အသိအမှတ်ပြုလာမယ်။ အဲဒီလို ဖြစ်လာခဲ့ရင် တရုတ်အတွက် အခက်အခဲ ဖြစ်လာခဲ့မယ်။ အဲဒါကြောင့် ဒီတိုင်းရင်းသားအဖွဲ့တွေကို ထိုးစစ်မဆင်တော့နဲ့ ရပ်တော့ဆိုပြီး အမိန့်ပေးညွှန်ကြားနေရုံတင်မကဘူး၊ NUG နဲ့ မဆက်ဆံနဲ့ဆိုတာကို တခါတည်းထည့်ပြီး ပြောဆိုနေတာ သိသာလွန်ပါတယ်။ စစ်ကောင်စီ ကျပြီးတော့ ဖရိုဖရဲဖြစ်မှာ ကြောက်တယ်။ အဲဒီထက်ပိုကြောက်တာကတော့ NUG ကို အစားထိုး အသိအမှတ်ပြုလာရင် အနောက်နိုင်ငံတွေရဲ့ သြဇာက ပိုပြီးကြီးသွားမယ်ဆိုတာကို သူက အဓိက စိုးရိမ်နေလို့ အခုလိုလုပ်ရတယ်လို့ ပြောနိုင်ပါတယ်။
မေး ။ ။ အဲဒီတော့ တရုတ်က ဒီလို ဆက်မတိုက်ဖို့ ဖိအားပေးတာကို တိုင်းရင်းသား လက်နက်ကိုင်တွေကကော လိုက်နာပါ့မလား။ နောက် AA တို့ KIA တို့ နောက် စစ်ကိုင်းတိုင်းဘက်မှာ ဆိုရင် PDF တွေလည်း ဆက်တိုက်နေတာ ရှိတယ်။ သူက သူ့ သြဇာ သက်ရောက်မလား။
ဖြေ ။ ။ အဲဒါကနှစ်ပိုင်း တချို့အဖွဲ့တွေပေါ့လေ MNDAA ကိုးကန့် ဆို လိုက်နာတယ်။ သူတို့က လိုက်နာမှာပဲ။ MNDAA တို့ဟာ UWSA နဲ့အတူတူ ဗကပ ခွဲထွက်လာပြီးတော့ တရုတ်ဘက်ကို တရုတ်က မြှောက်ပေးလို့ သူတို့က အင်အားကြီးထွားလာတယ်လို့ အဓိကအားဖြင့် ပြောရမှာ ဖြစ်ပါတယ်။ သူတို့က တရုတ်က ရပ်ဆိုရပ်လိုက်မှာပဲ။ ဒါပေမဲ့ ကျန်တဲ့အဖွဲ့တွေကတော့ လိုက်နာစရာ သိပ်မရှိဘူးလို့ ထင်ပါတယ်။ သူတို့က သူတို့တိုင်းရင်းသားအရေးအတွက် သူတို့ တော်လှန်နေကြတာ ဖြစ်တယ်။ အခုပဲ TNLA ဆိုရင် ဆက်တိုက်နေတာပဲ။ နောက်ပြီးတော့ KIA လည်း ဆက်တိုက်နေတာပဲ။ KIA ကို သူတို့ တရုတ်က တားလို့မရပါဘူး။ KIA ဟာ တရုတ်ရဲ့ အကျိုးစီးပွားတွေကို အများကြီး ကိုင်ထားနိုင်လို့ မြစ်ဆုံကို တရုတ်က ပြန်စချင်တယ်။ KIA လက်ထဲမှာ ရှိနေတယ်။ ဒါ့အပြင် ပန်ဝါက တရုတ် မြေရှားသတ္တုတွေကို ဝယ်ယူနေတဲ့ နေရာ။ အဲဒီ ပန်ဝါကိုလည်း KIA က သိမ်းလိုက်တယ်။ တရုတ် တားနေတဲ့ကြားထဲက။ ဆိုတော့ သူတို့ သိမ်းပိုက်တော့ တရုတ်က ဘာမှမတတ်နိုင်ဘူး။ နယ်စပ်ကို ပိတ်ထားရုံပဲ ရှိတယ်။ နောက် AA က ပိုဆိုးသေးတယ်။ AA ဟာ တရုတ်နဲ့ နယ်နမိတ်ချင်းလည်း ထိဆက်မနေဘူး။ AA ရဲ့ အနောက်ဘက် Border ဘက်က အိမ်နီးချင်းတွေ ရှိသေးတယ်။ နောက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ု့တို့ ရှိတယ်။ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာကို သူ ဆက်သွယ်လို့ ရတယ်။ ဆိုတော့ AA ဟာ ကုန်းထဲမှာ ပိတ်နေတဲ့နိုင်ငံ မဟုတ်ဘူး။ နောက်ပိုပြီး အရေးကြီးတာက တရုတ်ရဲ့ အဓိက အချက်အခြာက Strategic Open Area ထွက်မယ့် ထွက်ပေါက်ကိုလည်း သူတို့က ကိုင်ထားတယ်။ စီးပွားရေးဇုန် ရေနံပေါက်လိုင်းတို့ ဘာတို့ အကုန်လုံးကို သူက ကိုင်ထားတယ်ဆိုတော့ သူက အများကြီးတင်းနိုင်ပါတယ်။ နောက်ပိုပြီး ဒီနေရာမှာ တခုသတိရတာက ဗိုလ်ချုပ်ထွန်းမြတ်နိုင် AA က တခါ သူပြောဖူးတယ်။ ကျနော် မှတ်မိတယ်။ တရုတ်က ကူညီတယ်၊ ဘာညာပြောတဲ့ဟာကို ချေပပြီးတော့ တရုတ်က ကူညီရင် ငါတို့ နေပြည်တော်တောင် တက်သိမ်းတာကြာပြီလို့ ပြောတာ မှတ်မိလိမ့်မယ်။ ဒီလိုဟာကို စဥ်းစားကြည့်မယ်ဆိုရင်တော့ တရုတ်ရဲ့ သြဇာက တချို့အဖွဲ့အစည်းတွေမှာ သက်ရောက်နိုင်ပေမယ့် တိုင်းရင်းသားအဖွဲ့အစည်း သူ့သြဇာပေါ်မှာ မနာခံမယ့် တိုင်းရင်းသား အဖွဲ့အစည်းတွေ အများကြီးရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ သိပ်ထိရောက်နိုင်မှု့ မရှိဘူးလို့ ယူဆနိုင်ပါတယ်။
မေး ။ ။ အမေရိကန်အပါအဝင် အနောက်အုပ်စုကကော မြန့်မာအရေးမှာ စွက်ဖက်ဖို့အတွက် သူတို့က အဆင်သင့် ဖြစ်နေသလား။ သူတို့ ဝင်လာမှာကို တရုတ်ကကော ချက်ချင်းစိုးရိမ်ရလောက်တဲ့ အနေအထားမှာ ရှိလား။ အခုနက ဦးကျော်ဇံသာ ပြောတယ်ဆိုရင် ဒီ NUG ကို အသိအမှတ် ပြုလာနိုင်တယ်ဆိုရင် ဒီအပေါ်မှာကော အနောက်အုပ်စုတွေက အမေရိကန်အပါအဝင်ပေါ့ သူတို့တွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ ဆန္ဒရှိပါသလား။
ဖြေ ။ ။ဆန္ဒရှိပေမယ့်လည်း လက်တွေ့တော့ တကယ်လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့စောစောက ပြောသလို စစ်ကောင်စီ ပြုတ်ကျသွားရင်တော့ သူတို့က NUG သာလျှင် ထိန်းနိုင်တယ်ဆိုပြီးတော့ လုပ်လာမှာပဲ။ အဲဒီတော့ ဝင်စွက်တဲ့သဘော မဟုတ်ဘူး။ နိုင်ငံရေးအားဖြင့် သူတို့ အသိအမှတ်ပြုလိုက်တာ ဖြစ်မယ်။ အဲ့ဒါကိုလည်း တရုတ်ကကြိုပြီးတော့မြင်တာ ဖြစ်မယ်။ လောလောဆယ်မှာတော့ ပိုပြီးအရေးကြီးတာက အမေရိကန်ဦးဆောင်တဲ့ QUAD အဖွဲ့ပေါ့လေ။ ဒီအဖွဲ့ က သိပ်ပြီးတော့ ခြေလှမ်းသွက်လာတယ်။ QUAD ဆိုတာက အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတေးလျတို့ ပါတယ်။ သူတို့က အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုပြီးတော့ လုပ်လာတယ်။ အင်ဒို-ပစိဖိတ်က အရင်က နိုင်ငံခြားရေး ဝန်ကြီးအဆင့်လောက် လုပ်ခဲ့တာ။ နောက်ပြီးတော့ အဲဒါက ကျယ်ပြန့်လာပြီးတော့ အင်ဒို-ပစိဖိတ်မြေပြင်မှာ ကမ်းစောင့်လုံခြုံရေးတပ်ဖွဲ့အတွက် ပူးပေါင်းဆောင်ရွက်မယ် ဘာညာဆိုပြီး လုပ်လာတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာမှာ လုပ်ခဲ့တဲ့ လေးကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲမှာ သမ္မတဘိုင်ဒန်က တော်တော်လေးကို အခိုင်အမာပြောခဲ့တယ်။ ဒီ QUAD အဖွဲ့ရဲ့ လုပ်ရပ်ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးရင်လည်းပဲ ဆက်လက်ပြီး လုပ်နေရမှာပဲ။ အိန္ဒိယသမုဒ္ဒရာ၊ တရုတ်ရဲ့ ရည်မှန်းချက် နောက်ပြီးတော့ ပစိဖိတ်ဆိုတာလည်းပဲ တောင်တရုတ်ပင်လယ်တို့ ဘာတို့ အဲဒီဒေသတွေရဲ့ Maritime Freedom and Fairness နဲ့ ဆိုပြီးတော့ ပြောတာပေါ့။
အဲဒီမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှု လုပ်မယ်ဆိုတာကို တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အဓိက ဟန့်တားလိုတယ်ဆိုတာကို တိုက်ရိုက် သူတို့ပြောလာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ တောင်ကိုရီးယား တစ်ခါမှ မတက်ဘူးတဲ့ သမိုင်းမှာ မတက်ဖူးတဲ့ အခုပေါင်းပြီးတော့လည်း သူကမြောက်ကိုရီးယားကို ဆန့်ကျင်တာ ဖြစ်လာတော့ QUAD အဖွဲ့ရဲ့ အင်အားကပိုပြီးတော့ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ ဒါကို တရုတ်ကတော့ သိပ်ပြီးတော့ စိုးရိမ်နေဟန် တူတယ်။ နောက်ပိုပြီး စိုးရိမ်ဖို့ကောင်းတာက အဲဒီ QUAD အဖွဲ့မှာပါတဲ့ အိန္ဒိယကလည်းပဲ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားတယ်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်း အဝေးပြေးလမ်းမကြီးအတွက် အထူးစိတ်ဝင်စားနေတယ်။ နောက် ရခိုင်မှာ ကုလားတန်ဘက်စုံ စီမံကိန်းလုပ်ဖို့ စိတ်ဝင်စားနေတယ်။ ဆိုတော့ ဒီဟာအတွက် AA ကို အသိအမှတ်ပြုဖို့ AA နဲ့ ဆွေးနွေးမှု့တွေ ရှိတယ်။ သီးခြား State Authorities မဟုတ်သော်လည်း သူတို့နည်းနဲ့ သူတို့ဆွေးနွေးနေတယ်။ AA ကလည်း သူတို့လုံခြုံရေးကို စီမံကိန်း လုံခြုံရေးကို ကာကွယ်လို့ ပြောထားတယ်ဆိုတော့ အိန္ဒိယနဲ့လည်းဘဲ သူတို့မဖြတ်ဘူး။ တရုတ်က သိပ်အင်အားနည်းရင် ဟိုဘက် ရောက်ချင် ရောက်သွားမှာဘဲလေ။ AA တို့က ဘာတို့က အဲ့ဒါကိုလည်း စိုးရိမ်တယ်။ နောက် ဘင်္ဂလားဒေ့ရှ်မှာ Sheikh Hasina ဟာ ဗဟို Chinese လို့ပြောလို့ရတယ်။ တရုတ်စီးမံကိန်းတွေက တရုတ်စကား နားထောင်တယ်။
အခု Muhammad Yunus ကတော့ နည်းနည်း Pro West လို့ တရုတ်က မြင်ဟန်ရှိတယ်။ တရုတ်ကို လိုလားတဲ့သူလို့ သူတို့က မသတ်မှတ်ဘူး။ ဆိုတော့ အဲ့ဒါတွေကိုလည်း ဘင်္ဂလားဒေ့ရ်ုတို့ အိန္ဒိယတို့ကိုလည်း ကြည့်ပြီးတော့ တရုတ်က စိုးရိမ်ပါလိမ့်မယ်။ ဒီအကြောင်းအားလုံး ခြုံကြည့်ရင် သူတို့က တိုက်ရိုက်တော့ ဝင်မစွက်သည့်တိုင်အောင် တရုတ်ရဲ့ သြဇာကို ဖယ်ရှားချင်တယ်။ ဖြစ်နိုင်ရင် NUG တက်လာရင်တော့ သူတို့ကြိုဆိုမယ်ဆိုတဲ့ သဘောမှာ ရှိတယ်။
မေး ။ ။ ဒါဆို တဘက်က မြန့်မာ့အရေးမှာ တရုတ်က မျှော်မှန်းသလိုပေါ့ စစ်ကောင်စီက ဆက်ပြီးတော့ တည်မြဲပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးသွားနိုင်ပါမလား။
ဖြေ ။ ။ ဒါကတော့ ပြောရခက်ပါတယ်။ ဒါက ဘယ်ပေါ်မှာ မူတည်သလဲဆိုတော့ ကာကွယ်ပေးလို့ ရနိုင်တဲ့ အခြေအနေ ရှိသေးတယ်ဆိုရင်တော့ သူတို့က ကာကွယ်မှာပေါ့။ တိုင်းရင်းသားတွေရဲ့ အင်အားက သိပ်များလာတယ် ဆိုရင်ပေါ့။ ကာကွယ်နိုင်လောက်တဲ့ အခြေအနေ မရှိဘူးဆိုရင်တော့ စစ်ကောင်စီကို သူတို့က ပစ်လိုက်မှာပါပဲ။ တချို့သုံးသပ်သူတွေက ပြောကြတာ တရုတ်က တကယ်တော့ ပြည်သူတွေရဲ့ တရုတ် မုန်းတီးစိတ်က ပိုမိုကြီးထွားလာနိုင်တဲ့အချိန်မှာ ဒီလိုလုပ်တာဟာ သူ့ရဲ့ မှားတဲ့ကစားနည်းပေါ့လေ။ သူ ဆုံးရှုံးမယ့်ကိန်းကို ကစားနေတာ ဖြစ်တယ်။ သူတနေ့မှာ အရှုံးနဲ့ ရင်ဆိုင်ရမှာပဲလို့ တွက်နေရတာဆိုတော့ စစ်ကောင်စီကို အဲဒီလောက်ထိ သူတို့က အားမပေးဘူး။ သို့သော် အဲ့လိုကိစ္စအတွက် တရုတ်က ဝင်တိုက်မလား။ အဲဒီလိုလည်း သူလုပ်မှာ မဟုတ်ပါဘူး။ အဲဒီလို လုပ်ရင်တော့ ပိုပြီးပြဿနာ ဖြစ်လာမှာပေါ့။ သူက စစ်မျက်နှာတခုလည်း မဖန်တီးချင်ဘူး။ နောက်ပြီး တိုင်းရင်းသားတွေကိုကော သူက လုံးဝ အသာတကြည်၊ လုံးဝဖယ်ရှားလိုက်မလား ဆိုတာကိုပဲ သူက မရှိပါဘူး။ သူက နှစ်ဘက်လုံး ထိန်းချုပ်ထားနိုင်တဲ့ နှစ်ဖက်ခွ ကစားချင်တဲ့ သဘောသာ ရှိတယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီကိစ္စမှာ တရုတ်က အပြတ်အသတ် စစ်ကောင်စီရဲ့ အကျိုးစီးပွားကို ယတိပြတ် လုံးဝကယ်တင်ပေးနိုင်မယ် ဆိုတာကလည်း သိပ်မမျှော်လင့်ရဘူး။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရဲ့ သြဇာအရှိန်အဝါ တက်လာရင် ပုံစံတစ်မျိုးတမည် ပြောင်းလာနိုင်ပါတယ်။
မေး ။ ။ တကယ်လို့ မကာကွယ်ပေးနိုင်ဘူး။ တရုတ်ရဲ့ အကျိုးစီးပွားကို စစ်ကောင်စီက မကာကွယ်ပေးနိုင်ဘူးဆိုရင် တရုတ်က ဘာလုပ်လာနိုင်ပါသလဲ။
ဖြေ ။ ။ အကာအကွယ် မပေးနိုင်ဘူးဆိုရင်တော့ သူက ဒီကိစ္စကို စွန့်လွှတ်လိုက်တော့မှာပေါ့။ ဆိုတော့ ဘယ်လိုနည်းနဲ့ သူကာကွယ်နိုင်မလဲ။ ဝင်စွက်တဲ့ထိတော့မဟုတ်ဘူး။ သို့သော်လည်း သူက တနည်းနည်းနဲ့ အဖြေရှာမယ် ထင်ပါတယ်။ အခုလောလောဆယ်တော့ သူက အစွမ်းကုန်ကြိုးစား နေတာပါပဲ။ ရွေးကောက်ပွဲလုပ်ပြီးသွားရင် ရွေးကောက်ပွဲလုပ်ပြီး သွားတာကို အသိအမှတ်ပြု စစ်ကောင်စီက NLD ပါတီကိုတောင် ပြန်လည်စည်းရုံးရေး လုပ်နေတယ်၊ ဘာညာဆိုတဲ့ သတင်းတွေ ထွက်တယ်။ သူတို့ဘက်က လွှင့်တာလားတော့ မသိသေးဘူး။ ဒီနေ့ တနင်္လာနေ့မှ အဲဒီသတင်းကို စကြားရတယ်။ တရုတ်ဟာ စစ်ကောင်စီထက်စာရင် NLD ကို ပိုပြီးတော့ သဘောကျခဲ့တယ်။ နှစ်သက်ခဲ့တာ အမှန်ပါ။ NLD နဲ့ သူက ပြေပြေလည်လည် ဆက်ဆံခဲ့တယ်။ NLD ကို ဖြုတ်ချလိုက်တဲ့အခါမှာ စစ်ကောင်စီကို အသိအမှတ်မပြုဘဲနဲ့ (၃) နှစ်လောက် ပစ်ထားခဲ့ပြီး အခုမှာ စောစောက အန္တရာယ်ကို သူတို့ ဆွေးနွေးခဲ့တဲ့ကိစ္စတွေကြောင့် သူက ရုတ်တရက် စစ်ကောင်စီကို အားပေးလာတဲ့သဘော ဖြစ်တယ်။ NLD ကို သံယောဇဥ် မပြတ်ပါဘူး။ NLD ဟာ ပိုပြီး သင့်တော်တယ်လို့ ယူဆတယ်။ ဒါကြောင့် ရွေးကောက်ပွဲ လုပ်လာရင်လည်း NLD မပါသော ရွေးကောက်ပွဲကို တရုတ်အနေနဲ့ ထောက်ခံအးပေးဖို့ သိပ်ခက်ပါတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲဆိုပြီးတော့ ဒါကြောင့်များ NLD ကို ပါအောင်ထည့်ဖို့ တရုတ်က တွန်းပေးဟန် တူပါလိမ့်မယ်။ အဲ့ဒါကို စိုးရိမ်လို့လည်း စစ်ကောင်စီက NLD ကို ရွေးကောက်ပွဲမှာ ပါဖို့ဆိုပြီး လုပ်နေတဲ့ သဘောရှိပါတယ်။ အဲ့လိုပုံစံမျိုးကို တရုတ်ကတော့ ကြိုးစားအုံးမှာပဲ။ နောက်ပြီးတော့ ကြိုးစားလို့ နောက်ဆုံး မအောင်မြင်ဘူးဆိုရင်လည်း တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့မူတွေကို ပြောင်းလဲဖို့ကတော့ အများကြီးပါပဲ။ ဟိုတုန်းက ဗကပကို အဓိကအားပေးခဲ့တယ်။ အဆင်မပြေဘူး၊ မအောင်မြင်ဘူး။ သူတို့ တော်လှန်ရေးကို မတင်ပို့တော့ဘူးဆိုတဲ့မူ ဖြစ်လာတယ်။ အဲဒီမူကို ရုတ်သိမ်းပြီးတော့ တခါပုံစံတမျိုး ပြောင်းတယ်။ မကြာခဏ ပြောင်းလဲပါတယ်။ တရုတ်က သူ့အကျိုးစီးပွား ကာကွယ်ပြီးတော့ ထဲထဲဝင်ဝင် ဝင်စွက်ဖက်တာ မဟုတ်ဘဲနဲ့ အဲဒီလို ပြောင်းလဲတယ်ဆိုတော့ အခုလည်းပဲ သူ့ Policy မအောင်မြင်ဘူးဆိုတာ သိလာချိန်မှာ တနေ့တော့ ပြောင်းလာမှာပါ။ သို့သော်လည်းပဲ လုံးဝဝင်တိုက်တဲ့နည်းကို ပြောင်းလိမ့်မယ်လို့တော့ မယူဆပါဘူး။ ပြည်သူတွေရဲ့ ဆန့်ကျင်မှု့ကလည်း သိပ်များနေတယ်။
မေး ။ ။ အဲဒီတော့ တရုတ်ကကော တိုင်းရင်းသားအရေးကို လုံးဝမျက်ကွယ်ပြုလိုက်နိုင်လား။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်ဖို့ တောင်းဆိုတာ မဟုတ်ဘဲနဲ့ ဆွေးနွေးပွဲကို ဖိတ်ခေါ်နေပါတယ်။ ပထမဆုံးပြောချင်တာက အဲ့ဒါပါပဲ။
ဖြေ ။ ။ လက်နက်ကိုင်တောင်းဆိုတာ မလုပ်နဲ့ဆိုတော့ သူက ဘယ်လို အာဏာတက်လာသလဲ။ လက်နက်မကိုင်ရဆိုတော့ မေးစရာ ရှိပါတယ်။ လက်နက်မကိုင်ဘဲ သူက ဒီနေရာ ရောက်လာမလား။ သူလည်း လက်နက်ကိုင်ပြီးတော့ တက်လာခဲ့တာဘဲဆိုတော့ ငါလုပ်သလို လိုက်မလုပ်ကြနဲ့လို့ ပြောတဲ့သဘောနဲ့ တူတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်ကိုတော့ တိုင်းရင်းသားတွေ နားဝင်လေ့ မရှိပါဘူး။ သူ မတက်ခင်ထဲက ဟိုလွတ်လပ်ရေး ရပြီးကထဲက တိုက်လာခဲ့တဲ့ အဖွဲ့တွေ အများကြီးပါ။ နှစ်ပေါင်းများစွာ အထူးသဖြင့် နောက်ပိုင်းမှာ ပေါ်လာတဲ့ အဖွဲ့တွေ နောက်ပိုင်းမှာပေါ်လာတဲ့ AA လို TNLA လို အင်အာကြီးမားလာတဲ့ အဖွဲ့တွေ အများကြီး ရှိနေတော့ ဘယ်သူမှလည်း သူ့ရဲ့ ဆွေးနွေးပွဲလမ်းစဥ်ကို လက်ခံတာ မဟုတ်ဘူး။ သူက အတင်းလုပ်သလို လုပ်ဖို့သာ ဖြစ်ပါတယ်။ တရုတ်ကလည်း ဘယ်လို တိုက်တွန်းတွန်း တရုတ်တောင်မှ ဂျက်လေယာဥ်တွေ ပို့ပေးပြီး မကြာမီမှာပဲ မန္တလေးမှာ တရုတ်ကောင်စစ်ဝန်ရုံးကို ဘယ်သူမှန်း မသိဘူး ဆော်ထပ်လိုက်ကြပြီဆိုတော့ တရုတ်ကတော့ နည်းနည်းစဥ်းစားရပါလိမ့်မယ်။ ဒီကိစ္စကို စစ်ကောင်စီမှာ ငါတို့ ဒီထိ ရှေ့တိုးလို့ ရမရ ဆိုတာကို စဥ်းစားလိမ့်မယ်လို့ ထင်ပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Forum