သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန်မြင့်လာတဲ့ မြန်မာပဋိပက္ခ


အရှိန်မြင့်လာတဲ့ မြန်မာပဋိပက္ခ
please wait

No media source currently available

0:00 0:11:30 0:00

လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်း‌ဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။

လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်း‌ဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ဒီပြဿနာ ပြေလည်နိုင်မယ့် အခြေအနေ ရှိပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစခဲ့တဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ပိုပြီးတော့ အရှိန်မြင့်လာတာကို တွေ့ရပါတယ်။ ဒီအပေါ် လွှမ်းခြုံပြီးတော့ သုံးသပ်ပေးပါအုံး။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ တိုက်ပွဲအရှိန်မြင့်လာတယ်ဆိုတာ မှန်ပါတယ်။ နေရာအနှံ့အပြားမှာပါပဲ။ ချင်း၊ ရခိုင်နဲ့ အရှေ့မြောက်ပိုင်းတို့နဲ့၊ အခုဆိုရင် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာ ဖြစ်တယ်။ နောက်ပြီးတော့ တောင်ပိုင်း ကော့ကရိတ်နဲ့ နယ်မြေအများကြီးမှာ ဖြစ်လာတယ်။ တိုက်ပွဲတွေကတော့ သူ့အကြောင်းနဲ့သူ တိုက်ကြတာကို အဓိက မပြောလိုပါဘူး။ အဓိက ကျနော် ပြောလိုတာကတော့ အရပ်သားတွေ ထိခ်ိုက်မှု၊ အထူးသဖြင့် ကလေးတွေ သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီးတွေ သေကြေဒဏ်ရာရတယ်။ ဒုက္ခသည်တွေ ပိုများလာတယ်။ လမ်းပန်ဆက်သွယ်ရေး အခက်အခဲကြောင့် ကျနော်တို့ဆီကို ပြီးခဲ့တဲ့နေကပဲ သောတရှင်တွေ စာရေးကြတယ်။ လမ်းဖွင့်ပေးဖို့အတွက်၊ ရှမ်းမြောက်ပိုင်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်ဆိုတာကို ပြောကြတယ်။ အရပ်သားတွေ ထိခိုက်မှု များပြားလာတာဟာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ နောက်တခုကတော့ အရပ်သားတွေရဲ့ အဆောက်အအုံတွေကို၊ Civilian Institution တွေ။ ဥပမာ လွိုင်ကော်တက္ကသိုလ်မှာဆို စစ်တပ်က တပ်ရင်းအလိုက် တပ်စွဲထားတယ်။ အဲဒါကို ကရင်နီတပ်ဖွဲ့က ဝင်တိုက်ပြီးတော့ ဆရာ၊ ဆရာမတွေ ကြားညှပ်ရတယ်။ နောက် စစ်တပ်ကလူတွေက လက်နက်ချလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာတခု စိတ်ချမ်းသာရတာက လက်နက်ချတဲ့လူတွေကို ကရင်နီတပ်ဖွဲ့တွေဘက်က ရက်ရက်စက်စက် မလုပ်ကြဘူး။ သက်သက်ညှာညှာပဲ အကုန်လုံးကို - သူ့ရဲဘော်တွေကို ဘာမှမလုပ်ရဘူး၊ လုပ်ရင် ထောင်ချပြစ်မယ်ဆိုပြီးတဲ့ ဗီဒီယိုကို ကျနော်တို့ ကြည့်ရပါတယ်။ အဲဒီလိုလုပ်တာ ကောင်းပါတယ်။ တိုက်တာကတော့ တိုက်တာပဲ။ ရန်သူတပ်ဖွဲ့ဝင်တွေကို ဖမ်းမိရင် အဲဒီလို လူသားဆန်ဆန် ထိတွေ့ဆက်ဆံတာကို တွေ့ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ ဒါပေမဲ့ တချို့သတင်းတွေမှာ ကြားရတာကတော့ အဲဒီလိုမဟုတ်ဘဲနဲ့ လက်စားချေတယ်၊ သွေးကြွေးဆပ်တယ် ဘာညာဆိုပြီး ရက်ရက်စက်စက် သတ်ပြစ်တဲ့ သတင်းတွေလည်း ကြားရတော့ သိပ်စိတ်မကောင်း ဖြစ်ရပါတယ်။ တိုက်ပွဲကျယ်ပြန့်လာတာ အကြောင်းမဟုတ်ဘူး။ စောစောက ပြောသလိုပဲ အရပ်သားတွေ ထိခိုက်မှု၊ နောက်ပြီးတော့ အရပ်သားပစ်မှတ်တွေကို အရပ်သားအဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ ပစ်ခတ်တာ၊ ဖမ်းမိတဲ့လူတွေကို လူသားဆန်ဆန် ဆက်ဆံပြီး၊ အရေးကြီးတာက လက်စားချေသတ်ဖြတ်တာမျိုးတွေ မလုပ်ဖို့ပါ။ လက်စားချေ သတ်ဖြတ်ပြခြင်းအားဖြင့် ဘယ်ဘက်ကမဆို အဲဒီလို လုပ်လိုက်ရင် အဲဒီအဖွဲ့အနေနဲ့လည်း ဂုဏ်သိက္ခာ တက်မလာပါဘူး။ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ မြင်ရတဲ့လူတွေကလည်း စိတ်မကောင်းဖြစ်ကြမှာ ဖြစ်ပါတယ်။ အဓိကတော့ အပြစ်မဲ့တဲ့လူတွေ သက်သာဖို့နဲ့ လူသားဆန်ဖို့ အရေးကြီးပါတယ်။

မေး ။ ။ အဲဒီတော့ အခုလို အခြေအနေမျိုးမှာ ဘယ်ဘက်ကဖြစ် အလေးသာနေပြီလို့ ယတိပြတ် ပြောလို့ရပါပြီလား။

ဖြေ ။ ။ မရပါဘူး။ သိပ်ခက်ခဲပါတယ်။ နယ်မြေ အခိုက်အတန့်အားဖြင့် သိမ်းပိုက်နိုင်တာတွေတော့ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လောက်နယ်မြေကို ငါတို့ သိမ်းပိုက်နိုင်ပြီလို့ ပြောတယ်။ စစ်ကောင်စီဘက်ကလည်း ဘယ်ကို ပြန်သိမ်းတယ်။ ဆိုတော့ ဒီကိစ္စတွေလည်း အတိအကျတော့ ယုံလို့မရဘူး။ ဟိုဘက်ဒီဘက် သူတို့ပြောကြတဲ့ ကိစ္စတွေပါ။ အငြင်းပွားစရာတွေ အများကြီး ရှိပါတယ်။ နောက်တခုက ဒီနယ်မြေကိစ္စအပြင် တခုပြောစရာ ရှိတာကတော့ တပ်မတော်ဘက်ကလူတွေက တိုက်ချင်တဲ့စိတ်တွေ လျော့နည်းလာတယ်။ ဟိုဘက်ကို ဘက်ပြောင်းတယ်ဆိုတာတွေ တွေ့ရတယ်။ ဒီလို ပြောင်းသွားရင်တော့ တဖြည်းဖြည်း စစ်ကောင်စီဘက်က လူတွေ ဟိုဘက်ကို ပြောင်းသွားတယ်ဆိုရင်တော့ သူတို့အင်အား တဖြည်းဖြည်း ကျဆင်းသွားနိုင်တယ်။ အခုတောင်မှ သူတို့ဟာ အင်အားသိပ်မရှိတော့တဲ့အတွက်ကြောင့် တပ်သားတွေ စုဆောင်းနေရတာ အရပ်ဘက်တွေ၊ အခုနောက်ဆုံး သတင်းကြားတာ တက္ကသိုလ်ကောလိပ်တွေမှာ အရန်တပ်ဖွဲ့ဝင်တွေ၊ အရန်တပ်ရင်းမှာ ပါဝင်တဲ့လူတွေကို စာရင်းကောက်ပြီးတော့ စစ်ဌာနချုပ်ကို သတင်းပို့ရမယ်ဆိုပြီး လုပ်နေတယ်လို့ ကြားရပါတယ်ဆိုတော့ ဒါကိုကြည့်မယ်ဆိုရင် သူတို့ဘက်က အင်အားနည်းနည်းဆုတ်ယုတ်နေတယ်၊ တိုက်လိုတဲ့လူတွေ စစ်အင်အား အတော်နည်းနေတယ်လို့ ပြောရမယ်။ လက်နက်တော့ မနည်းဘူးပေါ့။ လူအင်အားမှာ စိတ်ဓါတ်ရေးရာ ကျဆင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလို Social Media ခေတ်မှာ စစ်ကောင်စီဘက်က ပြောတာကြတော့ တဘက်က မီဒီယာကို ဝါဒဖြန့်တဲ့အနေနဲ့ သုံးတယ်။ ဒီတော့ လူထုကြားမှာ စိုးရိမ်စိတ်တွေက ပိုများလာတယ်ဆိုတဲ့သဘော ပြောပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ စစ်ပွဲဆိုတာကို ဝါဒဖြန့်တာနဲ့ ဘယ်လိုမှ ခွဲလို့မရပါဘူး။ Propaganda ဆိုတာ တဘက်လူရဲ့ Will to fight တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒကို ချေမှုန်းသွားဖို့၊ ကျဆင်းသွားအောင်လုပ်တဲ့ နည်းပါပဲ။ သိပ်ထိရောက်ပါတယ်။ စစ်ပွဲအဆက်ဆက်မှာ ဝါဒဖြန့်တဲ့ကိစ္စက သိပ်အရေးကြီးပါတယ်။ စစ်ကောင်စီဘက်ကလည်း ဝါဒဖြန့်တာပဲ။ တွန်းလှန်တိုက်ခိုက်နေသူတွေဘက်ကလည်း ဝါဒဖြန့်တာပဲ။ စစ်ကောင်စီဘက်က တိုက်ခိုက်နေသူတွေက တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အဖျက်သမားတွေလို့ ပြောလာကတည်းက ဝါဒဖြန့်ပြီး သုံးနှုန်းထားတာ ဖြစ်ပါတယ်။ ဒီလူတွေက သူတို့ ဒီမိုကရေစီအရ ရွေးကောက်ထားတဲ့ အစိုးရကို အာဏာသိမ်းလိုက်တာကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြတာကို စစ်တပ်က ပစ်ခတ်တယ်။ ပစ်ခတ်တော့ သူတို့က ငါတို့မခံနိုင်တော့ဘူးဆိုကာ တောခိုပြီး လက်နက်ကိုင် တွန်းလှန်ကြတယ်။ ဒါကို စစ်တပ်က အဖျက်သမားသက်သက်ဆိုပြီး ဝါဒဖြန့်ပြီးတော့ သုံးထားတာပဲ။ ဟိုဘက်ကလည်း စစ်ကောင်စီကို ဝါဒဖြန့်ပြီး ခေါ်ကြတာပဲ။ အပြန်အလှန် ဝါဒဖြန့်တယ် - စစ်ကောင်စီလည် ဝါဒဖြန့်တယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ဝါဒဖြန့်တာပဲ။ ဝါဒဖြန့်တာ အပြစ်မဟုတ်ပါဘူး။ စစ်ပွဲမှာ ဝါဒဖြန့်တာ ညံ့ဖျင်းရင် စစ်ရှုံးရမယ့် အကြောင်းတရင်း ဖြစ်ပါတယ်။ နောက်တခုက ဒီဝါဒဖြန့်မှုကို လူထု ယုံသလားဆိုတဲ့ ကိစ္စမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိလို့ အဓိက ခံရတာပါ။ Freedom of Press မရှိရင် အတိုက်အခံကြီးပဲ ဆုံးရှုံးတာ မဟုတ်ဘူး၊ အစိုးရဘက်ကလည်း ဆုံးရှုံး - နှစ်ဘက်စလုံးကိ အမှန်တရားကို မရှိတော့ပါဘူး။ အဲဒါကြောင့် တချို့ကပြောတယ် - စစ်ဖြစ်လာပြီဆိုရင် The first victim of the war is the truth - အမှန်တရား ကွယ်ပျောက်သွားပြီး၊ နှစ်ဘက်စလုံးက ဟိုဘက်ဒီဘက် ပြောကြမယ်ဆိုတော့ ဒါက သဘာဝပါပဲ။ ကျနော်တို့က ဘယ်သူ့ကိုမှားတယ်။ ဘယ်သူ့ကို မှန်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အပြစ်ပြောစရာတော့ မရှိဘူးလို့ ထင်ပါတယ်။ ဥပမာဆိုကြပါစို့ - အစ္စရေးနဲ့ ဟားမက်စ် ဖြစ်တဲ့စစ်ပွဲ။ အဲဒီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ကုလသမဂ္ဂလည်း ရှိတယ်။ အများကြီး ရှိတယ်။ ကမ္ဘာ့ထိပ်တန်းကြဲ သတင်းဌာနတွေ ရှိတယ်။ သူတို့ဆီမှာတောင် အမှန်တရား မပေါ်ထွက်နိုင်ဘူး။ ဒီဆေးရုံဟာ ဟားမက်စ်တွေရဲ့ ဌာနချုပ် ဖြစ်တယ်။ ဟိုဘက်က မဟုတ်ဘူး ပြောလိုက်၊ ဘယ်သတင်းဌာနမှ ယတိပြတ် အခုထိ မပြောနိုင်ဘူး။ အဲဒီလိုမျိုး အခြေအနေ ဖြစ်နေတယ်ဆိုတော့ မြန်မာပြည်မှာက အဲဒီလို လွတ်လပ်တဲ့ သတင်းဌာနတွေလည်း မရှိဘူး။ ကုလသမဂ္ဂလည်း မရှိဘူး။ အကုန်ပိတ်ထားတော့ ပိုပြီးတော့ အခြေအနေဆိုးတာပေါ့။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေးကစခဲ့တာ အခုဆိုရင် တစ်လနီးပါး ရှိလာပြီ။ အဲဒီတော့ စစ်ကောင်စီက ပြောတာကြတော့ တရုတ်နိုင်ငံကနေ သူ့ရဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေကို ဖြိုခွဲဖို့ ကြိုးစားတာကနေစပြီး ဒါနဲ့ပတ်သက်တယ်။ ဒီအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေက ပေါင်းပြီးတော့ အချိန်ကိုက် ထိုးစစ်ဝင်လုပ်တယ်၊ ထိုးစစ်ဆင်လာတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီမှာ တရုတ်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ စစ်ဖြစ်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့ သမိုင်းကို ပြန်ကြည့်ရင် စစ်ပွဲမှာ အကြောင်းရင်းနှစ်ခု ရှိပါတယ်။ Underlying causes အခြေခံအကြောင်းရင်း - ဝေးဝေးလျံလျံက အကြောင်းတည်လာတဲ့ အခြေခံအကြောင်းရင်း ရှိတယ်။ Immediate Cause လတ်တလော ထဖြစ်လာတဲ့ အကြောင်းရင်းဆိုတာ ရှိပါတယ်။ အခုလောလောဆယ် အရှေ့မြောက်စစ်ပွဲဟာ - ဟုတ်ပါလိမ့်မယ် - တရုတ်က မီးစိမ်းပြတယ် ဘာညာဆိုတာ အဲဒါက Immediate Cause ပါပဲ။ လတ်တလော အကြောင်းရင်းသာ ဖြစ်ပါတယ်။ အခြေခံအကြောင်းရင်းကတော့ မြန်မာနိုင်ငံသမိုင်းမှာ သမိုင်းနဲ့ချီပြီးတော့ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေ မကျေနပ်လို့ ပုန်ကန်မှုက အမြဲတမ်း ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာ ဒီမိုကရေစီ ဆုံးရှုံးသွားတယ်။ ဒီမိုကရေစီလမ်းကြောင်းလေး ပွင့်နေတာ၊ ၂၀၂၁ မှာ အာဏာသိမ်းခံရပြီး ပျက်ဆီးသွားတယ်ဆိုတော့ အဲဒီမှာ ပိုပြီးတော့ အခြေခံအကြောင်းတရား ပိုမြင့်မားလာတယ်။ အဲဒါကြောင့် တိုက်ပွဲတွေ ပိုဖြစ်လာတာပါ။ အခု တရုတ်လုပ်ပေးလိုက်တယ်ဆိုတာက ဟုတ်မယ် - တရုတ်ဘက်က နစ်နာလာတဲ့အခါ ဒီကိစ္စကို လက်ပိုက်ကြည့်နေခဲ့တယ်ဆိုတော့ ဒါကိုအကြောင်းပြခဲ့တယ်ဆိုပေမဲ့ တော်လှန်တဲ့အင်အားစုတွေက အဲဒီအကြောင်းတခုတည်းနဲ့ ထတိုက်တာ မဟုတ်ပါဘူး။ သူတို့တွေဟာ ကြိုတင်ပြီးတော့ well plan စီစဉ်ထားတာ ဖြစ်ပါတယ်။ အခွင့်သာရင်ချမယ်ဆိုတာက အမြဲတမ်း တော်လှန်ရေး လုပ်နေကြတာပဲ ဒီစစ်အုပ်စုကို ဖြုတ်ချဖို့ လုပ်နေကြတယ်ဆိုတော့ အစကတည်းက တွက်ထားကြမှာပါ။ သာတဲ့နေရာကနေ စပြီးတော့ထိုးတယ်လို့ အဲဒီလိုပဲ ကျနော် မြင်ပါတယ်။ တရုတ်ရဲ့ အခန်းကဏ္ဍ - တရုတ်ကတော့ ကျနော်တို့ မကြာခဏပြောသလိုပဲ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ဖို့ပဲ။ အခုတောင်မှ အဲဒီလမ်းမှာ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ဟာ တရုတ်ကုန်သွယ်ရေးလမ်းကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းနဲ့ မပတ်သက်တဲ့နေရာတွေမှာ ဖြစ်တာထက် အဲဒီနေရာမှာ ထိခိုက်မှာကို သူတိို့ အရင်ဦးဆုံးတားမှာပေါ့။ ဒီလိုနေရာမျိုးတွေမှာ မဖြစ်ဖို့တော့ သူတို့ပြေလည်အောင် လုပ်ပါလိမ့်မယ်။ ကျန်တဲ့နေရာတွေမှာ ဖြစ်နေတာကိုတော့ တရုတ်က ဒီလောက်ထိ ဦးစားပေးမှာ မဟုတ်ပါဘူး။ စောစောကပြောခဲ့သလိုပဲ ဗမာပြည် သိပ်စည်းလုံးညီညွှတ်နေပြီး ဒီမိုကရေစီ ဖက်ဒရယ်ကြီး ဖြစ်သွားမှာကိုလည်း တရုတ်က ကြိုက်မှာ မဟုတ်ပါဘူး။ သူတို့ ဝင်စွက်ဖက်လို့ မရတော့ဘူးပေါ့။ တရုတ်အနေအထားက အဲဒီလို ရှိပါတယ်။ သို့သော်လဲ စစ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက တရုတ်ကြောင့်တော့ မဟုတ်ပါဘူး။

မေး ။ ။ တိုက်ပွဲတွေက ဒီထက်ပိုပြီးတော့ ကျယ်ပြန့်လာနိုင်ပါသလား။ ပြေလည်နိုင်မယ့် အခြေအနေ၊ တစုံတရာ ရှိနိုင်ပါသလား။

ဖြေ ။ ။ မမြင်ပါဘူး။ စောစောက ပြောတဲ့ဟာ။ တရုတ် ဖြန့်ဖြေပေးတဲ့အတွက်ကြောင့်၊ သူတို့ရဲ့ အကျိုးစီးပွားရှိတဲ့ နေရာကိုတော့ ငြိမ်းချမ်းအောင် ထိန်းထားနိုင်ဖို့အတွက် သူတို့က ဖိအားပေးပါလိမ့်မယ်။ သို့သော်လဲ စောစောကပြောတဲ့ ရေရှည်အကြောင်းရင်းတွေ Underlying causes တွေက နိုင်ငံရေး၊ တိုင်းရင်းသားအခွင့်အရေး အများကြီး ဆွေးနွေးဖို့ လိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ဆွေးနွေးလိုတောင် မဖြစ်တော့ဘူး။ ပြီးခဲ့တဲ့ တရက်နှစ်ရက်မှာပဲ KNU က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက် ပဒိုတစ်ယောက်ပြောတာ ကြားရပါတယ်။ စစ်ကောင်စီကို သူတို့ မယုံဘူး၊ စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို အကြိမ်ကြိမ်ခေါ်ခဲ့ပြီးပြီ။ တခါမှ သဘောရိုးနဲ့ လုပ်ခဲ့တာ မရှိဘူး။ ခေါ်ပြီးတော့ သူတို့ အမြတ်ထုတ်ဖို့၊ သူတို့ အာဏာတည်မြဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ အသုံးချခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို မယုံကြည်မှု ပပျောက်ပြီးတော့ ယုံကြည်မှု တည်ဆောက်ရမယ်။ ဆိုတော့ သူတို့အချင်းချင်း ဆွေးနွေးလည်း ဖြစ်မှာတော့ မဟုတ်တော့ဘူး။ တချို့ကလည်း သုံးသပ်ကြတယ်။ နှစ်ဘက်ယုံကြည်တဲ့ ပြည်ပတခုခု - ဥပမာ စစ်ကောင်စီက သူတို့ဘက်က တိုက်လိုတဲ့အင်အား မရှိ၊ တဖြည်းဖြည်းကျလာရင် လုံးဝပျက်ဆီးသွားတာထက်၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အခွင့်ပေးမယ့် အကြောင်းတခုခု လုပ်လာမှာပေါ့။ သူတို့လည်း ပြောထားတာ တွေ့ပါတယ်။ KNU တာဝန်ရှိသူတွေ ပြောထားတာလည်း တွေ့ပါတယ်။ အရေးကြီးတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးချင်ပါတယ်၊ ဘာညာပုံစံမျိုးနဲ့ လုပ်လာလိမ့်မယ်။ ဒီလိုလုပ်လာတောင်မှ သူတို့က မယုံနိုင်ဘူး။ တကယ့် သမာသမတ်ရှိတဲ့ ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုနဲ့ နိုင်ငံရေးအတွက် ရေရှည်ပြေလည်မယ့် နည်းလမ်းကိုရှာပြီး ဖြေရှင်းမှ ဒီပြဿနာ ပြေလည်မှာပါ။ သို့မဟုတ်ရင်တော့ ဆေးမြီးတိုနဲ့ ကုခဲ့တာ၊ မကြာခဏ ကုခဲ့ပြီးပြီ။ အဲဒီလို ကုရင်တော့ ပြန်ဖြစ်မှာပဲ။ KIA နဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့တာ နှစ်ပေါင်းတစ်ဆယ်ကျော် ခံခဲ့တယ်။ ဒါပေမဲ့ ဆေးမြီးတိုဆိုတော့ ခဏပျက်ဆီးပြီးတော့ အခု အပြင်းအထန် ဖြစ်လာတယ်။ အခြားဒေသတွေမှာလည်း အများကြီး ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ ပြေလည်မှုရရှိဖို့ကိုတော့ အကြာကြီးအချိန်ယူရပါလိမ့်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG