ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အသံတွေ နည်းနည်းတော့ ထွက်လာတယ်။ ရပ်ကွက်ထဲက လူတွေ ကြည့်လိုက်တော့ သိပ်လှုပ်လှုပ်ရှားရှား မတွေ့ရပါဘူး။ အုတ်အော်သောင်းနင်းလည်း မဖြစ်ကြပါဘူး။
လူတွေကြားမှာ ခုချိန်ထိ အရေးတယူသိပ်မရှိကြသေးပါဘူး။ ဖာသိဖာသာ၊ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ဒီရက်ထဲမှာတော့ မီဒီယာတွေ အထူး သဖြင့် ဂျာနယ်တွေက မဲပေးရင် ဘယ်လိုပေးမလဲ။ လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်သူဘယ်ဝါ၊ ဘယ်ပါတီက မဲဆန္ဒ ဘယ်နှစ်နေရာမှာ ဝင်ပြိုင်မယ်ဆိုတဲ့ အင်ဖော်မေးရှင်းတွေ တသီးတခြားဖော်ပြလာကြတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အကဲခတ်နိုင် တာက အဲဒီဂျာနယ်စာမျက်နှာတချို့လောက်ပါပဲ။ အစိုးရပိုင်သတင်းစာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာ မဖော်ပြသလောက်ပါပဲ။ တခုတော့ ရှိပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေကိုတော့ ခပ်စိပ်စိပ် ဖော်ပြလာတာတွေ့ရတယ်။
ပါတီတွေက ရပ်ကွက်ထဲဆင်း မဲဆွယ်နေတယ်လို့ ဂျာနယ်တွေထဲမှာဖတ်ရတယ်။ ဒီနေ့အထိ လူထု အစည်းအဝေးလို Campaign ကြီးကြီးမားမားလည်း မမြင်ရသေးပါဘူး။ ဟိုတနေ့ကတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တယောက် လက်ဘက်ရည်ဆိုင်ကြီးတဆိုင်ထဲမှာ တစားပွဲဝင် တစားပွဲထွက် လက်ကမ်းစာရွက်တွေ လိုက်ဝေနေတာ တွေ့ရတယ်။
လမ်းထောင့်တွေမှာတော့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဆိုင်းဘုတ်တွေ နေရာတော်တော်များများမှာ ထောင်ထားတာတွေ့ရပြီး ပါတီ တချို့ကတော့ ရပ်ကွက်ထဲက ကန်ထရိုက်တိုက်ခန်းတွေရဲ့ လူခေါ်ကြိုး တွေမှာ သူတို့ရဲ့လက်ကမ်းစာရွက်တွေ လာချိတ်သွားကြတာ တွေ့ရတယ်။ တချို့ပါတီတွေကတော့ လူစည်ကားရာ နေရာတွေမှာ ကျူရှင်ကြော်ငြာစာရွက်ဝေသလို၊ ရုပ်ရှင်ကား ပဲန်ဖလက်ဝေသလို လိုက် ဝေနေတာတွေ့ရတယ်။ လူတွေကယူပြီး ကြော်ငြာဖတ်သလိုဖတ်ပြီး တချို့လည်း လွှင့်ပစ်လိုက်ကြ၊ တချို့လည်း ခေါက်သိမ်းကြတာ တွေ့ရတယ်။
သေချာတာတခုကတော့ လူတွေဟာ ဒီရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိကြဘူးဆိုတာပါ။ အယုံ အကြည်ကင်းမဲ့တဲ့ အစိုးရအဖွဲ့တခုရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာရတဲ့ ပြည်သူတွေ အတွက် အစိုးရဘာလုပ်လုပ် အယုံအကြည်မရှိတော့တာ တကယ်တော့ မဆန်းပါဘူး။
“သြော်… ရွေးကောက်ပွဲလား၊ သိပ်မထူးပါဘူးကွာ။ သူတို့ပဲ တက်အုပ်ချုပ်ဦးမှာပါ”
“တသက်လုံး လိမ်လာတဲ့ကောင်တွေ ဆက်လိမ်ဦးမှာပဲ”
“စိတ်မဝင်စားဘူး၊ လာမပြောနဲ့”
“မျှော်လင့်စရာ သိပ်မရှိပါဘူး၊ ဒီအတိုင်းပဲ သွားမှာပါ။ နာမည်လေးပြောင်းသွားရုံပေါ့”
“ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ပါတီက ရွေးကောက်ပွဲ ဝင်မယ်တဲ့။ ဒါဆို သူတို့ အာဏာရပါတီပေါ့။ ဘယ်သူက အာဏာပေးထားလို့ရတဲ့ ပါတီလဲ”
“နိုင်ငံတော် ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတော်အကြီးအကဲဆိုသူက ဦးဆောင်တဲ့ လူမှုရေးအဖွဲ့အစည်းတခု ဟာ ပါတီတခုအသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဒါ တရားသလား၊ မတရားသလား စဉ်းစားသာကြည့်”
“ပြိုင်ပွဲတခုဆိုတာ Fair Play ဖြစ်ရမယ်၊ Fair Play မဖြစ်တဲ့ပြိုင်ပွဲဟာ ညစ်ပတ်တဲ့ ပြိုင်ပွဲ Dirty Game ပဲဖြစ်မယ်” အောက်ခြေလူတန်းစားကအစ ပညာတတ်ဆိုသူတွေအထိ ကြားရတဲ့ အသံတချို့ပါ။
“နိုင်ငံရေးကို စိတ်မဝင်စားဘူး”
“ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး” ဆိုသူတွေဟာ ဒီအစိုးရအပေါ် စိတ်အချဉ်ပေါက်နေသူတွေပါ။ သူတို့ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်း နေတာက လက်ရှိအစိုးရအပေါ် မနှစ်မြို့ခြင်းနဲ့ အကြောက်တရား ပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး တက်ကြွသူတွေကတော့ “မကြောက်ကြပါနဲ့။ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြပါ”လို့ အော်နေပေမဲ့လည်း ဒီစကားဟာ ပြည်သူ့ကြားမှာ တိုးမပေါက်ခဲ့ပါဘူး။ လူတိုင်းလူတိုင်းကသာ အဲဒီ မကြောက်တရားနဲ့ရပ်တည်ခဲ့ရင် ဒီအခြေအနေအထိ ရောက်လာစရာ အကြောင်း မရှိဘူး။
လက်တွေ့ကျကျ စဉ်းစားနိုင်တာက ဒီရွေးကောက်ပွဲကနေ ဘယ်လိုအကျိုးရလဒ်တွေ ဖြစ်လာနိုင်မလဲ ဆိုတာပါ။ ရွေးကောက်ပွဲကြောင့် ခေါင်းဆောင်အသစ်၊ အိုင်ဒီယာအသစ်ပေါ်လာနိုင်မလား။ တစုံတရာ အကျိုးထူးလာဖွယ်ရာမရှိတဲ့ အလုပ်တခုအပေါ် လူအများစု စိတ်မဝင်စားဘဲနေတာဟာ တကယ်တော့ မဆန်းပါဘူး။
အခုလာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေကြားမှာ ဖြစ်လာနိုင်တဲ့ မဲဆန္ဒပြုသူ အုပ်စု (၄) စုရှိပါတယ်။
၁။ မဲမပေးဘဲ နေမယ်။
၂။ မဲပေးမယ်။ (ပြည်ခိုင်ဖြိုးကို ဆန့်ကျင်ပြီး အခြားပါတီတခုခုကို ရွေးမယ်။)
၃။ မဲပေးမယ်။ (အကြောက်တရားကြောင့် မကင်းရာမကင်းကြောင်း၊ ပတ်သက်ရာပတ်သက်ကြောင်း အခွင့်အရေးအခြေအနေတခုကြောင့် ပြည်ခိုင်ဖြိုးကို မဲပေးမယ်။)
၄။ မဲပေးမယ်။ (လူပြိန်းအချို့၊ ၁၉၈၈ နောက်ပိုင်း မွေးဖွားလာပြီး မြန်မာနိုင်ငံရေးဖြစ်စဉ်အမှန်ကို ရေရေ ရာရာမသိသော မျိုးဆက်သစ်များက ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီများကို ရောရောနှောနှော ဆန္ဒပြု ကြလိမ့်မယ်။)
မြန်မာနိုင်ငံ၊ ရွေးကောက်ပွဲများ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ အာဏာရပါတီ၊ အဓိက အတိုက်အခံ ပါတီနဲ့ အခြားပါတီများရှိကြပြီး လူထုထောက်ခံမှုဟာ အာဏာရပါတီကိုသော်လည်းကောင်း၊ အတိုက် အခံနဲ့ အခြားပါတီကိုသော်လည်းကောင်း အခြေအနေပေါ်မူတည်ပြီး အင်အားအပြောင်းအလဲရှိတာ တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ အဓိက အတိုက် အခံပါတီ NLD ကို ပုံအောပြီး ဆန္ဒမဲပေးခဲ့ကြတယ်။ ဒီတကြိမ်မှာတော့ လူထုအတွက် မျှော်လင့်စရာ အတိုက်အခံပါတီ မရှိတော့ဘူး။ လူထုအပေါ် သြဇာလွှမ်းမိုးထားနိုင်တဲ့ National Figure ကို ဒီ ရွေးကောက်ပွဲမှာ မတွေ့ရဘူး။
လတ်တလောပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုဆိုတာတွေကလည်း လူထုအပေါ်ကြီးကြီးမားမား သြဇာလွှမ်းမိုးနိုင်ခြင်းမရှိသေးဘူး။ ဒီ ပါတီတွေအနေနဲ့ မျှော်လင့်ရနိုင်တာကတော့ အစိုးရပါတီ (ပြည်ခိုင်ဖြိုး) ကို ဆန့်ကျင်တဲ့ မဲဆန္ဒများပါပဲ။