သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ္တိရှိရှိ ရင်ဆိုင်ကြပါ


ဒီရက်ပိုင်းတွေမှာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးဟောပြောတာတွေ သတင်းစာမှာ၊ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပေးနေတာ သတိထားမိ ပါတယ်။ သတိထားမိတယ်ဆိုတာက သတိထားမိရုံပါပဲ။ ထဲထဲဝင်ဝင် စိတ်ဝင်စားစရာ မရှိဘူးလို့ ဆိုလိုတာပါ။ အားလုံးက ထူးမခြားနားပါ။

သတင်းစာ တမျက်နှာစာလောက်ကို ပါတီတွေအားလုံး နံမည်ပြောင်းပြီး ဖတ်ပြသွားရင်တောင် လူတွေက သိလိုက်မှာ မဟုတ်ပါဘူး။ ဘောင်တစ်ခုတည်း၊ ပုံစံခွက်တစ်ခုတည်းကနေ ပြောနေရမှန်း သိသာပါတယ်။ လက်ကမ်းစာစောင်တွေ အနေနဲ့ကတော့ ကြံ့ဖွံ့နဲ့ တ၊ စ၊ ည တို့က အပတ်စဉ်ထုတ်ပြီး အခမဲ့ဖြန့်ဝေပါတယ်။ မနက်မိုးလင်းတာနဲ့ အိမ်တံခါးပေါက် ရောက်နေတာပါ။

ဒီမိုကရေစီ အင်အားစုပါတီတွေကတော့ လက်ကမ်းစာစောင် အပတ်စဉ်ထုတ်ဝေပြီး အခမဲ့ဖြန့်ချိဖို့ မဆိုထားနဲ့၊ ဘာကိုမှ မလုပ်နိုင်ကြပါဘူး။ ပါတီစာစောင်အနေနဲ့ ထုတ်ဝေနိုင်တာဆိုလို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ဒေါင်းအိုးဝေဆိုတာပဲ မြင်ဖူးပါတယ်။

တကြိမ်ထုတ်ဝေဖူးတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ယူနီယံ ဆိုတဲ့ စာစောင်ကလည်း တစ်စောင်ပဲထွက်ပြီး ရပ်သွားပါပြီ။ ပြည်သူလူထုကို အခမ်းအနားနဲ့ မဲဆွယ် စည်းရုံးနိုင်ဖို့လည်း ဘဏ္ဍာရေးအခြေအနေ အဆင်ပြေပုံ မရကြပါဘူး။ သူတို့ပါတီတွေရှိနေမှန်း၊ ထောင်ထားမှန်း လူထုသိအောင်ကို မနည်းလုပ်နေကြရတာပါ။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကျတော့လည်း ဂျာနယ် တစောင်စောင်နဲ့ အင်တာဗျူးလုပ်ပြီး သူတို့သတင်းပါလာတဲ့ ဂျာနယ် စာမျက်နှာလေးကို ဖြုတ်ယူပြီး တတ်နိုင်သလောက် မိတ္တူကူးပြီး လိုက်ဖြန့်နေရတဲ့အဆင့်ပါ။

ဒါတွေကို ပြောနေတာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ဖွံ့ရဲ့ ကြိုတင်မဲဆွယ် လှုပ်ရှားမှုတွေအကြောင်း ပြောချင်လို့ပါ။

ဝေဘာဂီ မြို့သစ်ဘက်မှာ ကြံ့ဖွံ့တွေက ရ၊ ဝ၊ တ အကူအညီနဲ့ တအိမ်တက်ဆင်း မိသားစု သန်းကောင်စာရင်း ကောက်သလို ပုံစံမျိုးနဲ့ ကြိုတင်မဲ ယူနေတဲ့အကြောင်း ဒေသခံ မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။ ရနိုင်မယ်ထင်တဲ့ ဆင်းရဲသား လက်လုပ်လက်စား မိသားစုတွေ ကို အဓိက ဦးတည်တယ်လို့ ဆိုပါတယ်။

လှိုင်သာယာဘက်မှာလည်း အလားတူဖြစ်ရပ်မျိုးတွေ ရှိတယ်လို့ အဲဒီမှာနေတဲ့ မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။ သူတို့ဘက်မှာ မဖြစ်စလောက် ငွေကြေးနဲ့ မက်လုံးပေးပြီး ကြိုတင်မဲ ဝယ်တဲ့အဆင့်အထိ ရှိတယ်လို့လည်း သူက ပြောပါတယ်။ ကြံ့ဖွံ့က ကြိုတင်မဲစာရင်း ဖြည့်သွင်းတဲ့ စာရွက်ကို လျှို့ဝှက် ရိုက်ယူထားတဲ့ ဓာတ်ပုံတချို့လည်း ထုတ်ပြပါတယ်။ မရမ်းကုန်း၊ ၇ မိုင်ဘက် ယခင် ဆရာ ဗန်းမော် တင်အောင် မိသားစု နေသွားတဲ့ လမ်းမှာတောင် ကြံ့ဖွံ့က ကြိုတင်မဲကောက်ယူတာတွေရှိတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပြတာပါ။

ကျနော်တို့က စာ၊ နယ်၊ ဇင်း သမားတွေဆိုတော့ ဒီလိုဖြစ်ရပ်တွေကို ဖော်ထုတ်ရေးသားနိုင်မလားလို့ သူတို့ မျှော်လင့်ကြပုံရပါတယ်။ လက်ရှိ အနေအထားမှာ ဂျာနယ်တွေအားလုံးက ပရိုအီလက်ရှင် ရွေးကောက်ပွဲကို ထောက်ခံတာမျိုးပဲ ရေးကြရပါတယ်။ The Voice Weekly တို့ Popular News တို့၊ ပြည်သူ့ခေတ်တို့ကလည်း ရွေးကောက်ပွဲ ထောက်ခံရေးလိုင်းကိုပဲ ရေးနေကြရတာပါ။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အရေးအသားမျိုး၊ အခုနက မိတ်ဆွေတွေ ပြောတဲ့ သတင်းမှန်မျိုး ရေးမိရင် ဘယ်လောက်မှန်မှန် ငါးပါးမှောက်သွားနိုင်ပါတယ်။ ရပ်တည်ရေးအတွက် အလေးထားရတဲ့အခါ အစိုးရမကြိုက်တာမျိုးလည်း မရေးရဲကြပါဘူး။ စိစစ်ရေး ကလည်း မှန်ဘီလူး ကိုင်ပြီး စောင့်နေတာပါ။ ဘာကိုမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။

ပြည်သူတွေဘက်က စိုးရိမ်နေတာ ရှိပါတယ်။ ရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့အတွက် မဲမပေးဘဲလည်း နေချင်ပါတယ်။ ဒါပေမဲ့ သူတို့ မဲသွားမပေးရင် ၂၀၀၈ ဆန္ဒခံယူပွဲတုန်းကလို ရ၊ ဝ၊ တ က သူတို့ကိုယ်စား မဲထည့်လိုက်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့ ဆိုတာမျိုး စိုးရိမ်နေကြတာပါ။

ပြည်သူတွေ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ ရပ်ကွက်ထဲမှာ ဘယ်သူ ဘယ်ဝါ မဲမထည့်မှန်း သေချာပြီဆိုတာနဲ့ သက်ဆိုင်ရာ ရ၊ ဝ၊ တ တွေက ပုံမှားရိုက်ပြီး ကြံ့ဖွံ့အတွက် အမှန်ခြစ်ကြပါလိမ့်မယ်။

အမှန်အတိုင်း ဘာမှ ရေးသားဖော်ပြခွင့်မရတဲ့ မြန်မာနိုင်ငံ စာ၊ နယ်၊ ဇင်း သမားတွေအနေနဲ့ နိုင်ငံတကာကို မေတ္တာရပ်ခံချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဒီအတိုင်း လက်လွတ်စပယ် လွှတ်မထားပေးကြပါနဲ့။ ထိုက်သင့်တဲ့ စွက်ဖက်မှုမျိုး မလွဲမသွေ လုပ်ဆောင်ကြပါ။ သံခင်း တမန်ခင်းနဲ့ အဆင်မပြေရင် ဖိအားပေး အကြပ်ကိုင်ပြီး ရွေးကောက်ပွဲကို တည့်မတ်ပေးကြပါ။

ပြည်သူလူထု အနေနဲ့ကလည်း ဒီတစ်ပွဲတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တောင့်ခံပါ။ သူတို့လက်ခုပ်ထဲက ရေဘဝထဲကနေ ရအောင် ရုန်းထွက်ကြပါ။ သတ္တိရှိရှိ ရင်ဆိုင်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG