နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ စီးပွါးရေး
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအတိုင်း ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်ကဖြုတ်ချ အာဏာသိမ်းယူခဲ့တာ (၃) နှစ် ပြည့်လုနီးပါးအချိန်၊ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအခြေအနေ ဘယ်လိုရှိနေပါသလဲ။ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွါးရေးကဏ္ဍ လွှမ်းခြုံသုံးသပ်ချက်ကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ၂၀၂၃ ကုန်တော့မယ်ဆိုတော့ တနှစ်တာ မြန်မာ့အရေးကို အနှစ်ချုပ်သုံးသပ်ဖို့အချိန်တော့ ရောက်ပါပြီ။ အခုဆိုရင် စစ်ကောင်စီက အာဏာသိမ်းထားတာ သုံးနှစ်နီးပါး ရှိပြီပေါ့။ ဒီသုံးနှစ်မှာ စစ်ကောင်စီဘက်ကနေ အာဏာတည်မြဲရေး ကြိုးပမ်းမှုနဲ့ နိုင်ငံရေးအခြေအနေအရ ဘယ်လောက်အထိ ခရီးပေါက်နေပါပြီလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပုံရိပ်ဟာ အတော်လေးဆိုးနေပါတယ်။ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးနဲ့ အာဏာသိမ်းပြီးတော့ အုပ်ချုပ်လာခဲ့တာ။ နောက်ပိုင်းမှာတော့ အရေးပေါ်အခြေအနေ ကြေညာအုပ်ချုပ်တယ်။ ဆိုတော့ ဒီနှစ်မှာပဲ အရေးပေါ်အခြေအနေဟာ ဇန်နဝါရီလမှာတခေါက် ကြေညာတယ်။ အခု ဇူလိုင်မှာ တခေါက်ကြေညာတယ်။ ခြောက်လဆီ သက်တမ်းတိုးပြီး ဖြစ်ပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံအရ သာမန်အခြေအနေမှာဆိုရင် အစွမ်းကုန်ပဲ။ နောက်ပိုင်းမှာ သာမန်အခြေအနေ မဟုတ်လို့ဆိုပြီး တိုးမယ်ထင်ပါတယ်။ ဆိုတော့ စစ်ကောင်စီ ခန့်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးမြင့်ဆွေကလည်း နိုင်ငံအခြေအနေဟာ ပုံမှန်မရောက်သေးလို့ သက်တမ်းတိုးရပါတယ်။ အရေးပေါ်အခြေအနေလို့ ပြောပါတယ်။ ကျနော့် စိတ်ထဲမှာ ပေါ်လာတဲ့မေးခွန်းက ပုံမှန်အခြေအနေ ဘယ်တော့ရောက်မှာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ လောလောဆယ်မှာ ရောက်နိုင်စရာအကြောင်း မရှိပါဘူး။
နိုင်ငံရေးအခြေအနေဟာ သိပ်ပြီးတော့ ဆိုးဝါးနေပါတယ်။ ပိုပြီးပုံရိပ် ကျဆင်းစေတာကတော့ အဓိက နိုုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ကောင်စီက ဒီနှစ်အတွင်းမှာ ဖျက်သိမ်းခဲ့ပါတယ်။ နိုင်ငံရေးပုံရိပ် ကျဆင်းသွားတယ်။ နိုင်ငံရေးအားဖြင့် လမ်းစမရှိတော့ဘူးဆိုတဲ့သဘော ဖြစ်သွားပါတယ်။ အဲဒီအပြင် စစ်ကောင်စီရဲ့ အကြီးအကဲကိုယ်တိုင်က နောက်ပိုင်းမှာ ဒါဟာ နောက်ဆုံးမှာတော့ နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာကြဖို့ကို စပြီးပြောလာပါတယ်။ သူက လက်နက်ကိုင်အင်အားစုတွေ၊ တပ်ဖွဲ့တွေ ဆက်လက်မိုက်မဲမနေကြနဲ့တော့၊ ပြည်သူကို ငဲ့ညှာပြီးတော့ နိုင်ငံရေးအားဖြင့် အဖြေရှာဖို့ဆိုပြီးတော့ ပြောလာပါတယ်။ အဲဒါကိုကြည့်ရင်တော့ နိုင်ငံရေးအခြေအနေဟာ ၂၀၂၃ အတွင်းမှာ အတော်လေးဆိုးဝါးနေပါတယ်။ နောက် ပုံရိပ်တက်ဖို့ ကြိုးပမ်းတယ်လို့ ပြောနိုင်တဲ့ကိစ္စတခုတော့ ရှိတယ်။ အဲဒါက အောက်တိိုဘာလမှာပဲ ထင်ပါတယ်။ ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး ရှစ်နှစ်မြောက် အခမ်းအနားဆိုတာ လုပ်တယ်။ သို့သော်လဲ နိုင်ငံရေးပုံရိပ်က ဘာမှတက်မလာပါဘူး။ အဲဒါဟာလဲ ရုပ်ပြသဘော၊ စတိသဘောလောက်သာ ဖြစ်ပါတယ်။ သိပ်အရေးပါတဲ့ တိုးတက်မှု တစုံတရာ မပြနိုင်ခဲ့ပါဘူး။ ပိုဆိုးတာက အဲဒီ့ပြည်လုံးကျွတ် အပစ်ရပ်စဲရေး ဂုဏ်ပြုတဲ့ ညီလာခံမလုပ်ခင်မှာပဲ စစ်ကောင်စီက လိုင်ဇာဘက်မှာ တိုက်တဲ့အတွက် အရပ်သား ၃၀ ကျော်လောက် ကလေးသူငယ် ၁၃ ဦးအပါအဝင် သေဆုံးခဲ့တယ်။ အဲဒီနောက်မှာလည်း တိုက်သေးတယ်ဆိုတော့ အခြေအနေက အတော်ဆိုးပါတယ်။ နိုင်ငံရေးအခြေအနေက သိပ်ယိုယွင်းခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီသုံးနှစ်လောက်မှာ စစ်တပ်က စစ်ရေးအရ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။ ဆက်ပြီးတော့ တည်မြဲမယ့်အလားအလာကော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ အာဏာသိမ်းပြီးတော့ သူတို့က သူတို့ရဲ့အာဏာ တည်မြဲရေးအတွက် စစ်အင်အားနဲ့ပဲ သူတို့လုပ်ခဲ့တာပါ။ လူထုထောက်ခံမှု မရတော့။ ဆိုတော့ စစ်တပ်နဲ့ တိုက်ခိုက်နှိမ်နင်းပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေဘက်ကလည်း အတိုက်အခံတွေဘက်ကလည်း လက်နက်ကိုင်တဲ့နည်းလမ်းကို နောက်ဆုံးရွေးလာတော့ စစ်တပ်က သူတို့ကို လက်နက်နဲ့ ခုခံတယ်။ ဟိုဘက်က တိုက်ခိုက်တယ်။ အဲဒီလိုပုံစံမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ၂၀၂၃ မှာတော့ တိုက်ပွဲတွေက အမြင့်ဆုံး ဖြစ်လာတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်က အရေးနိမ့်တဲ့ အခြေအနေက သိပ်ပြီးတော့ မြင့်မားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ၁၀၂၇ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းမြောက်စစ်ဆင်ရေးဟာ သိပ်ပြီးတော့ သိသာပါတယ်။ အဲဒီမှာ စစ်စခန်းပေါင်း သုံးရာကျော်လောက်ကို သိမ်းသွားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မြို့တွေလည်း အများကြီးသိမ်းနိုင်တယ်။ နောက်ပြီးတော့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို အဓိက ပိတ်ပင်တားဆီးနိုင်ခဲ့တယ်။ တရုတ်တောင်မှ မနေနိုင်မထိုင်နိုင်ဘဲ ဒီကိစ္စကို ရပ်ပါတော့ဆိုပြီး ပြောလာရတဲ့အထိ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ တော်တော်လေး အရေးနိမ့်တဲ့အခြေအနေ ဖြစ်ပါတယ်။
အဲဒီ့မတိုင်မီကလည်း တောင်ဘက်ပိုင်းမှာလည်း ကော်ဘရာ စစ်ဆင်ရေး ဘာညာဆိုပြီးတော့ တောင်ပိုင်းက တိိုင်းရင်းသားအင်အားစုတွေကလည်း လှုပ်ရှားခဲ့တာရှိတော့ အခြေအနေက တော်တော်လေးဆိုးပါတယ်။ အခု ၁၀၂၇ ထိုးစစ်ကြီးပြီတဲ့အခါမှာ ကျန်တဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေကလည်း အများကြီးပြင်းထန်လာတာကို တွေ့ရပါတယ်။ ရခိုင်ဘက်မှာဆိုရင် ပေါက်တော၊ ရသေ့တောင်တို့ဘက်မှာ ဖြစ်တယ်။ နောက် ရခိုင်ပြည်မြောက်ပိုင်း ချင်းပြည်နယ်ထဲက ပလက်ဝရဲ့ မြောက်ပိုင်း ဗျူဟာစခန်းကုန်နဲ့ အရေးကြီးတဲ့ စခန်းကုန်တွေ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က စခန်းကို AA က သိမ်းထားပြီလို့ ကြေညာပါတယ်။
ချင်းပြည်နယ်ဘက်မှာလည်း CNF တပ်ဖွဲ့တွေက ရိဒ်ကော့ဒါမြို့ကို သိမ်းပြီးပြီလို့ ကြေညာပါတယ်။ တခု သတိပေးချင်တာကတော့ စစ်သတင်းဆိုတာက နှစ်ဘက်စလုံးက မှန်ပါတယ်လို့ ဝန်မခံကြသမျှတော့ အတိအကျတွေလို့ ပြောရတာ ခက်ပါတယ်။ အနည်းအကျဉ်း အတိမ်းအစောင်တော့ ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာပြည် ပြည်တွင်းစစ်သည်မကပါဘူး နေရာတကာမှာ ဒီလိိုပဲ ဖြစ်နေတာ။ သို့ပေမဲ့လဲ လွှမ်းခြုံပြီးတော့ ကြည့်မယ်ဆိုရင် ၂၀၂၃ သည် စစ်ကောင်စီအတွက် စစ်ရေးအရ အင်မတန် အထိနာတဲ့ခေတ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တပ်ရင်းအလိုက် လက်နက်ချသွားတဲ့အဖွဲ့တွေ၊ အရှုံးပေးရတာ၊ လက်မြှောက်တာတွေ၊ အထိအခိုက် ဒဏ်ရာရမှု၊ သေဆုံးမှု၊ တပ်မမှူးအဆင့်ထိတော့ပါတယ်။ နောက် လေယာဉ်ပျံ ပစ်ချခံရမှု စသည်ဖြင့် အဲဒီလိုအထိ ဖြစ်လာတယ်။ နောက် အထူးသဖြင့် ကယားပြည်နယ်မှာ တိုက်ပွဲဆိိုရင် တော်တော့်ကို ပြင်းပြင်းထန်ထန် KNDF က တိုက်တယ်။ တော်လှန်ရေးအင်အားစုတွေက ပေါင်းတိုက်တဲ့အတွက်ကြောင့် ပြည်နယ်ကို သိမ်းထားနိုင်ပြီလို့တောင် သူတို့က ကြေညာပါတယ်။ လွိုင်ကော်ကိုတောင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီလို့ ပြောတဲ့အထိ ကြားရပါတယ်ဆိုတော့ အကုန်လုံးလွှမ်းခြုံကြည့်မယ်ဆိုရင် ၂၀၂၃ သည် စစ်ကောင်စီကို စစ်ရေးအရ အထိနာဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ အတိုက်အခံဘက်က ဒါဟာ ဘယ်လောက်အထိ အလေးသာနာပြီလို့ ပြောလို့ရပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီဘက်က အရေးနိမ့်တယ်ဆိုတော့ ဟိုဘက်က အရေးသာလာလို့ပေါ့။ အဲဒါကတော့ သေချာပါတယ်။ သို့ပေမဲ့ တချို့ကလည်း သုံးသပ်ကြတယ်။ ရှမ်းမြောက်မှာ စခန်းပေါင်း သုံးရာကျော် သိမ်းတာ မှန်ပါတယ်။ တချို့နေရာတွေမှာ သိမ်းပေမဲ့လဲ တကယ့်စစ်တပ်က အခိုင်အမာချထားတဲ့ ဌာနချုပ်ကြီးတွေတော့ မဟုတ်ပါဘူးဆိိုပြီးတော့ ပြောတယ်။ နယ်စွန်းနယ်ဖျားမှာထားတဲ့ စခန်းတွေသာ ဖြစ်တယ်လို့ သုံးသပ်သူတချို့က အဲဒီလို မှတ်ချက်ချတာ ရှိပါတယ်။ ဒါပေမဲ့ အဓိကပြောရမယ့် စကားတခုကတော့ တော်လှန်ရေးခုခံတွန်းလှန်ရေး အင်အားစုတွေဘက်က အလေးသာပြီးတော့ စစ်ကောင်စီ မရှု့မလှ ရှုံးနှိမ့်တယ်ဆိုတာကိုတော့ လူတိုင်းက ဝန်ခံကြပါတယ်။ တနည်းအားဖြင့် ခုခံတွန်းလှန်ရေးအင်အားစုတွေက အစတုန်းက ခံစစ်သဘောမျိုးကနေ ထိုးစစ်သဘောမျိုးနဲ့ စစ်ဆင်နွှဲလာနိုင်ပြီဆိုတာကို တွေ့ရပါတယ်။ သူတို့ စိတ်ဓါတ်တွေလည်း အင်မတန် တက်ကြွလာကြတယ်ဆိုတော့ တဘက်က စေ့စပ်ဖို့ခေါ်တာကိုတောင် ငြင်းပယ်တဲ့အဆင့်ထိ ဖြစ်လာတယ်ဆိုတော့ အဲဒီဘက်က ဘယ်လောက်အထိ စစ်အင်အားသာနေတယ်လို့သာ ဖြစ်ပါတယ်။ စစ်အင်အားက သိပ်အရေးကြီးတယ်ဆိုတာကို သူတို့လည်း သဘောပေါက်တယ်။ သူတို့က အရေးသာလာတယ်လို့ ပြောနိုင်ပါတယ်။ လူတိုင်း သုံးသပ်ကြပါတယ်။
မေး ။ ။ တော်လှန်ရေးအင်အားစုတွေဘက်က ဒီအခြေအနေကို ဘယ်လောက်အထိ ဆက်ပြီးတော့ ထိန်းထားနိုင်ပါ့မလဲ။ ဆက်ပြီးတော့ အလေးသာမယ့် အနေအထား ရှိလား။
ဖြေ ။ ။ အဲဒါကတော့ အဓိကမေးစရာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ရရှိမှု ပမာဏဟာ၊ လက်နက်ရရှိနိုင်မှုဟာ စစ်ကောင်စီရဲ့ လက်နက်ရရှိနိုင်မှုကို မမှီပါဘူး။ စစ်ကောင်စီမှာ နောက်က နိုင်ငံကြီးတွေ ရှိတယ်။ အထူးသဖြင့်က ရရှား၊ တရုတ်တို့။ သူတို့ဆီက ရရှိတဲ့လက်နက်တွေက ထပ်ပြီးတော့ ဖြည့်ပေးနိုင်တယ်။ နောက် လေတပ်အင်အားကောင်းတယ်။ အမြှောက်အင်အားကောင်းတယ်။ သူတို့ဆီမှာ တခုတည်းသော စုစည်းမှု ဗဟိုက ချုပ်ကိုင်ထားတဲ့ Central Command ရဲ့ အမိန့်အတိုင်း လုပ်ကြတယ်။ တွန်းလှန်ခုခံရေး အင်အားစုတွေဘက်ကတော့ သူတို့က ရရာလက်နက်နဲ့ ကိုင်ဆွဲပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ သူတို့မှာ စိတ်ဓါတ်သာသည် အဓိက ဖြစ်တယ်။ စစ်ကောင်စီဘက်က စစ်သားတွေက စိတ်ဓါတ်ပျက်ပြားနေတယ်။ ဟိုဘက်ကတော့ သိပ်တက်ကြွနေကြတယ်။ ဒါကို အဓိကထားပြီးတော့ တိုက်နေကြတာ ဖြစ်ပါတယ်။ လက်နက်အားဖြင့်တော့ ဘာမှမယှဉ်သာပါဘူး။ နောက်ပြီးတော့ တချို့က သုံးသပ်ကြတယ်။ စစ်ရေးအထူးကျွမ်းကျင်သူတွေက မြို့ပေါ်တွေတက်ပြီးတော့ သိမ်းတဲ့အထိ တော်လှန်ရေးအင်အားစုတွေက ဆင်နွှဲနိုင်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူတို့တိုက်ပွဲတွေဟာ ဗဟိုက စုစည်းထားတဲ့ တိုက်ပွဲတွေထက် ညှိနှိုင်းမှုတော့ ရှိတယ်။ သူတို့ရဲ့ တခုတည်းသော ဘုံရည်မှန်းချက်က စစ်ကောင်စီ ဖြုတ်ချရေးအတွက်ဆိုပြီး ကိုယ့်နေရာကနေကိုယ် တိုက်နေကြတဲ့သဘောသာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီလို Conventional warfare သမာရိုးကျတပ်နဲ့ ထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်တဲ့ အနေအထားတော့ မရှိဘူး။ ဒါကြောင့် ဒီအခြေအနေကို ဆက်လက်ထိန်းပါ့ထိန်းနိုင်ပါ့မလား ဆိုတာကိုလည်း ပြောနေကြပါတယ်။ စစ်တပ်ဘက်ကနေ ပြန်ပြီးတော့ ချေမှုန်းနိုင်ပါ့မလား။ အခုအချိန်အထိတော့ တော်လှန်ရေး၊ ခုခံတွန်းလှန်ရေးအင်အားစုတွေဘက်က အရေးနိမ့်မယ့်အခြေအနေ မတွေ့ရသေးပါဘူး။ ရေရှည်မှာတော့ ပြောရခက်ပါလိမ့်မယ်။
မေး ။ ။ ဒါပေမဲ့ ဒီအချိန်မှာပဲ တရုတ်က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဝင်ပြီးတော့ စေ့စပ်ဖို့ ကြိုးစားလာတာကို တွေ့ရတယ်။ တစုံတရာ အောင်မြင်မှု ရှိလာနိုင်ပါသလား။
ဖြေ ။ ။ တစုံတရာ အောင်မြင်မှု ရှိလာနိုင်မလားဆိုတော့ စစ်ကောင်စီဘက်ကကော သူတို့ တရုတ်နဲ့ သူတို့ဆွေးနွေးနေပါတယ်ဆိုတာကို အတိအလင်းဝန်ခံတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့တပတ်လောက်က ဘယ်နေ့မှာ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကြေညာချက်ထုတ်တယ်။ တရုတ်ကလည်း သူတို့ဆွေးနွေးတယ်ဆိုတာကို ပြောတယ်။ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကိုယ်နှိုက်က NUG ယာယီသမ္မတ ဒူဝါလရှိးလက မဖြစ်နိုင်ဘူး၊ ဒီအခြေအနေမှာ စစ်ကောင်စီကို မယုံဘူး၊ မဆွေးနွေးနိုင်ဘူးလို့ ပြောတယ်ဆိုတော့ ဆွေးနွေးပွဲ တရုတ်စီစဉ်ပေးခဲ့လို့ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ NUG ပါဝင်လို့ မရပါဘူး။ အဲဒီမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဘယ်နေ့ရာမှာ တွေ့တယ်ဆိုတာလည်း မပြောထားပါဘူး။ ဘယ်လောက်ကြာတယ်ဆိုတာလည်း မပြောထားဘူး။ တရုတ်ကတော့ အလားအလာကောင်းတယ်လို့ ပြောတယ်။ ဒါပေမဲ့လဲ တရုတ်ကပြောတဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆက်လက်ပြီး ထိုးစစ်ဆင်နေတယ်။ သူတို့ကလည်း အဲဒါကို လက်မခံပါဘူး။ အလားအလာကောင်းတယ်ဆိုတာကို သူတို့က ပယ်ချပါတယ်ဆိုတော့ တရုတ်ကတော့ ဖြစ်စေချင်တာပေါ့။ သူတို့နယ်စပ်မှာ အဓိကဖြစ်နေပြီး၊ လောလောဆယ်မှာ ဒုက္ခတွေ ရောက်နေကြတယ်ဆိုတော့။ သူတို့ဘက်က နစ်နာမယ်။ သူတို့ဒေသကို စစ်ဘေးဒုက္ခသည်တွေ အစရှိတဲ့ ပြဿနာတွေ ဝင်လာမှာကိုကြောက်လို့ ဟန့်တားစေချင်တယ်။ စစ်ကောင်စီကလည်း အရေးနိမ့်နေတဲ့ အခြေအနေမှာဆိုတော့ ၂၀၂၃ တခုလုံး အရေးနိမ့်လာတော့ သူတို့ ဒီလိုပြေပြေလည်လည် နိုင်ငံရေးနည်းလမ်းနဲ့ စစ်ကောင်စီအကြီးအကဲကိုယ်တိုင်က ပြောခဲ့တာဟာ တရုတ်ကို မေတ္တာရပ်ခံပြီးတော့ ညှိပြီးတော့ လုပ်ခဲ့တာလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ဟိုဘက်က လက်မခံကြပါဘူးဆိုတော့ လောလောဆယ်မှာ တရုတ်က ဘယ်လိုပင်ပြောပြော လောလောဆယ်တော့ ခရီးမပေါက်သေးဘူး။ တရုတ်စကားက မပေါက်ရောက်သေးဘူးလိို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ၂၀၂၃ အတွင်းမှာတော့ မပေါက်ရောက်သေးဘူးပေါ့။
မေး ။ ။ တရုတ်အပြင် တခြားပြည်ပနိုင်ငံတွေကကော သံတမန်ရေးအရ ဒါမှမဟုတ် ဘယ်လို ကြားဝင်ဆောင်ရွက်နေတာ ရှိပါသလဲ။
ဖြေ ။ ။ ကမ္ဘာ့နိုင်ငံအားလုံးက မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်ကြတယ်။ ဘယ်လို လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ အကြိမ်ကြိမ်ပြောကြပါတယ်။ ပြောရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။ အမေရိကန်ကတော့ စီးပွားရေးအားဖြင့် ဒဏ်ခတ်ပိတ်စို့မှုလုပ်တယ်။ EU က လုပ်တယ်။ အဲဒီလောက်ပဲ လုပ်နိုင်ကြပါတယ်။ တကယ် သူတို့တွန်းပေးတာ အာဆီယံကိုပဲ တွန်းပေးတယ်။ နောက်ဆုံး မင်းတို့က ဒေသတွင်းအဖွဲ့အစည်းပဲ လုပ်ကြလို့။ အာဆီယံမှာလည်း အကန့်အသတ်တွေနဲ့ ဒီဟာကဖြင့် Consensus ဘုံသဘောတူညီချက်ရမှ ဖြစ်မယ်ဆိုတော့ သူတို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ၊ မြန်မာမပါရင် (၉) နိုင်ငံ ဘယ်လိုမှ ဘုံသဘောတူညီချက်က မဖြစ်နိုင်ဘူး။ အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီ ဆန်ချင်တယ်။ အနောက်နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ စီးပွားရေး တိုးတက်အောင် လုပ်ချင်တယ်။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးနေတဲ့ နိုင်ငံတွေ ရှိတယ်။ နောက် သက်ဦးစံပိုင်နိုင်ငံတွေ - ဥပမာ ဘုရင်သြဇာမကင်းတဲ့ ထိုင်း၊ နောက် ဘရူးနိုင်းနိုင်ငံ ရှိတယ်။ အဲဒီနိုင်ငံတွေကြားမှာ ဘုံသဘောတူညီချက်က သိပ်ခက်ရာခက် ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက် (၅) ချက်ကို ရခဲ့တာ အင်မတန် အောင်မြင်တဲ့၊ ကြီးမြှင့်တဲ့ အဆင့်တဆင့် ဖြစ်ပါတယ်။ အဲဒီလို ရနိုင်ဖို့ မလွယ်ပါဘူး။ အဲဒါရအောင် မနည်းလုပ်ခဲ့ကြတာ။ သို့သော် အဲဒီဘုံသဘောတူညီချက်က ခရီးမရောက်ဘူး ဖြစ်နေတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးတော့ သဘောတူညီချက် လက်ခံခဲ့တယ်။ ဒီရောက်တော့ ငြင်းလိုက်တယ်။ ဘာမှ လက်မခံဘူးဆိုတာ ဖြစ်နေတော့ အာဆီယံလည်း ဘာမှခရီးမရောက်ပါဘူး။ ဆိုတော့ အခုနောက်ဆုံးမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောတယ် သူတို့ဟာ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးနေတယ်။ အလားအလာကောင်းတယ် ပြောတယ်။ အဲဒါကို ဟိုဘက်က ပယ်ချတယ်။ မဟုတ်ပါဘူး ဆိုပြီးတော့ - အတိုက်အခံ Opposition, NUG ဘက်က ပယ်ချပါတယ်ဆိုတော့ မဖြစ်နိုင်ဘူး။ အာဆီယံက မကြာခင်မှာ လားအိုလက်ထဲကို ရောက်သွားမယ်ဆိုရင်တော့ နောက်နှစ်ကို ကြည့်ရမှာပေါ့။ ၂၀၂၃ အတွင်းမှာတော့ အာဆီယံက ခရီးမပေါက်ပါဘူး။ သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံထဲက တချို့က သူ့တို့ဘာသာ ကြိုးစားတာ ရှိတယ်။ ထိုင်းနိုင်ငံက အာဆီယံ မူ (၅) ချက်ကို ချိုးဖောက်၊ အာဆီယံဘောင်ထဲက ထွက်ပြီးတော့ သီးခြားထိတွေ့ဆက်ဆံမှု ရှိတယ်။ ဒါပေမဲ့ သူလည်းပဲ သူ့အကြောင်းပြချက်နဲ့သူ အာဆီယံထဲမှာ ထိုင်းက အခံရဆုံး၊ ဗမာပြည်နဲ့ ထိုင်းက နယ်နမိတ်အရှည်ဆုံး ကပ်နေတော့ ဖြစ်သမျှ ငါတို့ပဲ ခံရတာ။ အာဆီယံ ညီညွှတ်တာ မညီညွှတ်တာ အပထား၊ ငါတို့က နှစ်နိုင်ငံ ဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့ သူက ဖိတ်ခေါ်ပြီးလုပ်တယ်။ ဒါကိုလည်း အပြစ်ပြောစရာတော့ မရှိဘူး။ သူတို့ကလည်း တကယ်ခံနေရတဲ့ကိစ္စဆိုတော့ အဲဒါလုပ်တာကို တွေ့ရပါတယ်။ အဲဒါအပြင် အာဆီယံက လောလောဆယ်မှာ ဘာမှမထိရောက်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
အိန္ဒိယကတော့ အာဏာ ဘယ်အစိုးရပြီးသွားပြီလဲ။ အာဏာရလာပြီလဲဆိုကာ သူက ဝင်ပြီး လက်ဆွဲနှုတ်ဆက်ပြီး၊ သူတို့နယ်စပ်မှာ လုပ်နေတဲ့ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း ဆက်ဖြစ်အောင်လုပ်မယ်။ အခုကတော့ ရခိုင်က အဲဒီဒေသ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့နေရာတွေကို ဝင်တိုက်နေတော့ အိန္ဒိယကလည်း တော်တော်လေး စိုးတထိတ်ထိတ်နဲ့ ဖြစ်နေမယ် ထင်ပါတယ်။ ဒီတိုက်ပွဲမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို တွက်နေပါလိမ့်မယ်ဆိိုတော့ ဘယ်နိုင်ငံကမှ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ဝင်ရောက်ဖြေရှင်းနိုင်ခြင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ နောက်ထပ် ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကြောင့် မြန်မာနိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ ။ ။ သိပ်တော့မဖြစ်နိုင်ပါဘူး။ တချို့ကပြောကြတယ်။ ပြည်ပဝင်ရောက်လို့လဲ သိပ်အားကိုးမရပါဘူး။ တရုတ်ရဲ့ ဖိအားကတော့ တရုတ်ကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ထွန်းကားပြီးတော့ သီးခြားလုံးဝရပ်တည်သွားနိုင်တဲ့ နိုင်ငံ ဖြစ်သွားမယ်ဆိုတာကိုလည်း မလိုချင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီလိုဆိုရင် သူ ဝင်စွက်ဖက်လို့ မရဘူးဆိုတော့ သူ့ရဲ့ အကျိုးစီးပွားလည်း မြန်မာနိုင်ငံထဲမှာ အဓိက ရှိနေတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကြီးဖြစ်ပြီး အနောက်နဲ့ နီးစပ်မှာကိုလည်း တရုတ်က စိုးရိမ်တယ်။ ဆိုတော့ မြန်မာနိုင်ငံကို ပြိုလည်းမပြိုကွဲစေချင်ဘူး၊ သူ့စီးပွားရေး လုပ်လို့ရတဲ့ အနေအထားအတွက် ညီလည်မညီညွှတ်စေချင်ဘူး။ အဲဒီအနေအထားမျိုးကို သူက ဖန်တီးချင်တယ်လို့ ပြောပါတယ်။ လုံးဝတိုးတက်ကောင်းမွန်အောင် ဖြစ်ထွန်းလာဖို့ကိုတော့ ဘယ်နိုင်ငံမှ ကြိုးစားနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ် လိုချင်တဲ့ ပုံစံမျိုးကိုတော့ ဖြစ်ကောင်းဖြစ်လာလေမလား။ သို့သော်လဲ သုံးသပ်သူတချို့က ဘာပြောသလဲဆိုရင် မြန်မာနိုင်ငံအရေးကို ကမ္ဘာက လက်ပိုက်ကြည့်နေကြတယ်။ ဘယ်သူမှ ထိထိရောက်ရောက် ဝင်ရောက်ခြင်း မရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ မတည်မငြိမ်မှုတွေက ပိုပြီးနက်ရှိုင်းသထက်နက်လာတယ်လို့ ပြောပါတယ်။ အမေရိကန်ကလည်း သူ့မှာ ယူကရိန်း၊ အစ္စရေးကိစ္စတို့နဲ့ တခြားကိုင်တွယ်စရာတော့ ရှိတယ်ဆိုတော့ သူကလည်း ထဲထဲဝင်ဝင်ကြီးလာပြီး လုပ်စရာအကြောင်းမရှိဘူး ထင်ပါတယ်။ တရုတ်နဲ့လည်း ထိပ်တိုက်မတွေ့ချင်ဘူး။
မေး ။ ။ နောက်တခုက ၂၀၂၃ က မြန်မာ့စီးပွားရေး အဘက်ဘက်က ကျဆင်းလာတာကိုလည်း တွေ့ရပါတယ်။ ဒီအပေါ်ကိုလည်း သုံးသပ်ပေးပါအုံး။
ဖြေ ။ ။ သိပ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးက အများကြီးဆုတ်ယုတ်ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေထဲမှာ ရေးထားတာက ကိုဗစ်ကာလနောက်ပိုင်းကစပြီး ကျူံ့သွားတဲ့ စီးပွားရေးက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပိုပြီးတော့ ကျဆင်းသွားခဲ့ပါတယ်လို့ ဆိုပါတယ်။ စီးပွားရေးပမာဏဟာ ၂၀၂၃ စီးပွားရေး ပမာဏဟာ ကိုဗစ်မဖြစ်ခင် ပမာဏထက် သုံးဆယ်ရာခိုင်နှုန်း ကျူံ့သွားတယ်လို့ ပြောပါတယ်။ လူတဦးချင်းရဲ့ per capital GDP ဆယ့်သုံးရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ စီးပွားရေး နလန်ထူဖို့အတွက် သိပ်ပြီးတော့ အခက်အခဲ ရှိနေတယ်။ အလားအလာ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၃ ဖွံ့ဖြိုးမှုက မသိမသာလေး တိုးတက်မှုတွေ ဘာညာဆိုတယ်။ အခုလည်း ကမ္ဘာ့ဘဏ်ကပြောတယ် တစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အံ့သြဖို့ကောင်းတာက မြန်မာ့စီးပွားရေးက ကျဆင်းတယ်ဆိုပြီး ဘာကြောင့် ဖွံ့ဖြိုးမှုစာရင်းထဲမှာ တက်နေလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြန်မာ့စီးပွားရေးကို နှစ်ပိုင်းခွဲလို့ ရပါတယ်။ တနည်းအားဖြင့်တော့ လူတွေရဲ့ သာမန်ဘဝနေ့စဉ် သိပ်ပြီးတော့ ထိခိုက်ပါတယ်။ ကုန်ဈေးနှုန်းတက်တယ်။ မြန်မာငွေတန်းဖိုး အဆမတန် နိမ့်ကျသွားတယ်။ အရေးထဲမှာ လောင်စာဆီ၊ ဓါတ်ဆီ ရှားပါးလာတဲ့အတွက်ကြောင့် ကူးသန်ရောင်းဝယ်ရေး ကုန်စည်ပို့ဆောင်ရေး ချောမွေ့မှု မရှိဘူးဆိုပြီး အဘက်ဘက်က ကျဆင်းနေပါတယ်။
ဒါပေမဲ့ မြို့ပေါ်တွေမှာတော့ အစားအသောက်မပြတ် နေနေကြတာ ရှိတယ်။ သိပ်တော့ကျပ်တည်းလာတယ်။ မိသားစုဝင်ငွေ နည်းသွားတယ်။ အလုပ်အကိုင် ရှားသွားတယ်။ သို့သော်လဲပဲ တဘက်မှာ တတိုင်းပြည်လုံးကို လွှမ်းခြုံပြီးတော့ Macroeconomy ကြည့်မယ်ဆိုရင် မကျဆင်းဘူးလို့ ပြောပါတယ်။ ဖွံ့ဖြိုးမှုရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့စီးပွားရေးကို နှစ်ပိုင်းခွဲ နိုင်တယ်လို့ ပြောကြတယ်။ တဝက်လောက်က Normal Economy မဟုတ်ဘူး။ အဲဒါက Illegal Illicit တရားမဝင် စီးပွားရေး။ ကျွန်သစ်၊ ကျောက်သံပတ္တမြား၊ မူးယစ်ဆေးဝါး၊ ကျားဖြန့်လို ရိုက်စားလုပ်ကြတဲ့ အဲဒီလို မသမာစီးပွားရေးတွေနဲ့ လည်ပတ်နေတာ အများကြီး။ အဲဒီစီးပွားရေးထဲမှာ အဓိက စီးပွားရေးလောကသားကြီးတွေပြောရမယ့် စစ်တပ်လည်းလုပ်တဲ့ စီးပွားရေး ရှိတယ်။ အဲဒီကိစ္စတွေမှာလည်း အဲဒီစီးပွားရေးတွေက အများကြီးပါနေတော့ သာမန်ပုံမှန်အတိုင်း ကြည့်လို့မရဘူး။ အဲဒီနေရာမှာတော့ တက်နေတယ်ဆိုတာကို တွေ့ရတယ်။ အဲဒီအပိုင်းကိုတော့ မထိနိုင်ဘူး။ သို့သော်လဲ အခြေခံနိုင်ငံတကာ ပြုစုထားတဲ့ စာရင်းဇယားတွေအရ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေမှာတော့ အထူးကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ဟိုတုန်းကလည်း ပြောကြတယ်။ မြန်မာနိုင်ငံမှာ ဘိန်းထွက်တဲ့အချိန်ကြရင် စီးပွားရေး၊ မြန်မာငွေက တန်းဖိုးနည်းနည်း တက်လာတယ်။ နယ်စပ်မှာ ဘိန်းအရောင်းအဝယ် လုပ်ကြတယ်။ အဲဒါမျိုးတွေ အများကြီးရှိနေပါတယ်။ တရားမဝင် စီးပွားရေး။ သို့သော်လဲ သိပ်ပြီးစိတ်မကောင်းစရာက ကမ္ဘာမှာ ဘိန်းအထွက်ဆုံးနိုင်ငံက အာဖဂန်နစ္စတန် မဟုတ်တော့ဘူး၊ မြန်မာနိုင်ငံ ဖြစ်တယ်လို့ နောက်ဆုံးကုလသမဂ္ဂ UNODC မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျသထက်ကျပြီးတော့ ပြည်သူတွေရဲ့ဘဝက ဘိန်းမှာတော့ နာမည်ထွက်ပြီး ဘိန်းထွက်ကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ လာမယ့် ၂၀၂၄ မှာကော မြန်မာနိုင်ငံအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်မလဲ။ တည်ငြိမ်အေးချမ်းမယ့် အလားအလာကော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ နိုင်ငံရေးအားဖြင့်ကတော့ အရေးပေါ်အခြေအနေ သက်တမ်းပြည့်ပြီဆိုတော့ ကျနော်တို့က ဒီနေ့ ဒီဇင်ဘာ ၁၈ မှာ ပြောတယ်ဆိုတော့ ဒီဇင်ဘာအတွင်းမှာ ဖြစ်ကောင်းဖြစ်မယ်။ နောက်နှစ်ဆန်းမှာ ဖြစ်ကောင်းဖြစ်မယ်။ စစ်ကောင်စီက တခုခုတော့ လုပ်လာပါလိမ့်မယ်။ အရေးပေါ်သထက် ပေါ်ရပြန်ပြီဆိုကာ အရေးပေါ်အခြေအနေလုပ်၊ မတည်မငြိမ်ဖြစ်တယ်ဆိုပြီး တခုခုတော့ လုပ်လာပါလိမ့်မယ်။ အဲဒါကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ပုံမှန်ဖြစ်မလာသေးပါဘူး။ တိုက်ပွဲတွေကလည်း ပြင်းထန်နေတယ်။ စီးပွားရေးကလည်း နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီးတော့၊ စစ်ရေးပေါ် မူတည်ပြီးတော့ ဆက်လက်ကျဆင်းနေတာ ဖြစ်ပါတယ်ဆိုတော့ တိုးတက်တယ်ဆိုတာ အဆင့်လိုက်ဆိုတော့ အောက်ကိုကျကျနေပြီး ပြန်တက်လာဖို့ဆိုတာကတော့ အခြေအနေ တည်ငြိမ်အေးချမ်းလာဖို့ဆိုတာကတော့ အလှမ်းဝေးအုံးမယ် ထင်ပါတယ်။ ဖြစ်ပါစေလိို့တော့ ဆုတောင်းပါတယ်။ အမြဲတမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် ကိုယ်တွေရဲ့ မွေးဖွားခဲ့တဲ့ အမိနိုင်ငံအတွက် ဆုတောင်းနိုင်တာကလွဲပြီး မလွဲမရှောင်သာ ကြုံရမှာကတော့ ကျဆင်းမှုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။
မမြသဇင်အောင် ။ ။ အခုလို သုံးသပ်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။