အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အရှေ့အလယ်ပိုင်း (၅) ကြိမ်မြောက်ခရီးစဉ်ဟာ ဂါဇာမှာ အပစ်ရပ်စဲရေး ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်သူတချို့ ရှိပေမဲ့ အမေရိကန် အရာရှိကြီးတဦးကတော့ ဒီအတွက် အာမ မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီပြဿနာ ပြေလည်ရေး အလားအလာ ဘယ်လိုရှိသလဲ။ မပြေလည်ဘဲ ပိုကျယ်ပြန့်လာနိုင်သလား စတာတွေကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခုဆိုရင် ဂါဇာမှာ တိုက်ပွဲတွေဖြစ်လာနေတာဆိုရင် လေးလကျော်လာပါပြီ။ အခြေအနေတွေက ဘယ်လိုရှိပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ အခြေအနေတွေက ဆိုးနေပါတယ်။ အခြေအနေတွေက မကောင်းလာသေးပါဘူး။ ပိုတောင်ဆိုးတယ်လို့ ပြောရမလား။ သေတဲ့လူများတော့ ပိုဆိုးတယ်ပေါ့။ အဓိကအားဖြင့် တိုက်ပွဲတွေက အဓိကပြဿနာ ဖြစ်ပါတယ်။ တိုက်ပွဲကြောင့်သေဆုံးတဲ့လူတွေများတယ်။ နောက်တခါ စာနာမှုအခက်အခဲ။ အဲဒီမှာ ဒုက္ခသည်တွေအတွက်၊ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ၊ ဆေးဝါးစားနပ်ရိက္ခာတွေ အလုံအလောက်မရရှိတဲ့ ပြဿနာတွေ အများကြီးရှိနေပါတယ်။ နောက်တခုကတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ အခုထိ တစ်ရာကျော်ကျန်နေသေးတယ်။ ဟိုဘက်က ဖမ်းထားတဲ့ အကျဉ်းသားတွေလည်း အများကြီးရှိနေသေးတယ်ဆိုတော့ ဒီပြဿနာ ၃ ခုစလုံးဟာ မပြေလည်နိုင်သေးပါဘူး။ တိုက်ပွဲတွေကတော့ ပြင်းပြင်းထန်ထန် အခြေအနေ မကောင်းဖြစ်နေပါသေးတယ်။ ဒီမနက်ပဲ သတင်းဖတ်တာ ဘယ်နှစ်ယောက်သေတယ် - ၉၀ ကျော်ဆိုတော့ ပါလက်စတိုင်းဘက်ကသေတာ အခုဆိုရင် နှစ်သောင်းခုနှစ်ထောင်ကျော်တောင် ရှိခဲ့ပြီလို့ ထင်ပါတယ်ဆိုတော့ အခြေအနေကဆိုးနေတုန်းပါ။
မေး ။ ။ အဲဒီတော့ အပစ်ရပ်ရေးအလားအလာကော ဘယ်လိုရှိပါသလဲ။ နိုင်ငံတကာက ကြိုးပမ်းနေပေမဲ့ အဓိကစိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံတကာကြိုးပမ်းပေမဲ့ ထိရောက်မှုမရှိသေးဘူးလို့ပဲ ပြောရမှာပါ။ အခုပဲ သုံးလေးလကြာလာပြီဆိုတော့။ အပစ်ခတ်ရပ်စဲရေးကိုကော တကယ်လိုလိုလားလား ဘယ်လောက်ရှိသလဲ။ တိုက်ပွဲဖြစ်နေတဲ့နှစ်ဘက်ကို အရင်ဦးဆုံးကြည့်မယ်ဆိုရင် ဟာမက်စ်ဘက်ကတော့ လိုလားတဲ့အကြောင်း ပြနေပါပြီ။ သူတို့က သိပ်အထိနာနေတယ်။ အသက်ရှူပေါက်လိုချင်တာပေါ့။ လိုလားတဲ့အကြောင်းပြတာကိုတော့ လက်ခံနိုင်ပါတယ်။ အစ္စရေးဘက်က သိပ်လိုချင်ဟန် မတွေ့ပါဘူး။ အစ္စရေးဘက်က ဝန်ကြီးချုပ်နေတန်ရာဟုက လက်ယျာသမားဖြစ်တယ်။ နောက် သူဖွဲ့စည်းထားခဲ့တဲ့ လွန်ခဲ့တဲ့ ၁၈-၁၉ နှစ်လောက်က ဖွဲ့စည်းထားခဲ့တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ သူလည်းပဲ လက်ယျာစွန်းပါတီရဲ့ ထောက်ခံမှုက သိပ်အရေးကြီးတဲ့အဖွဲ့ ဖြစ်နေပါတယ်။ သူတို့က ဒါကို လက်မခံချင်ပါဘူး။ ဒါပေမဲ့ အစ္စရေးပြည်သူတွေ တော်တော်များများဟာ အပစ်ခတ်ရပ်စဲရေး၊ အဓိကအားဖြင့် ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ဖို့ အပြင်းအထန်ဖိအားပေးနေကြပါတယ်။ ဒါပေမဲ့ ဟိုဘက်ကလည်း သိပ်ပြီးတော့ စိတ်ပါလက်ပါ မရှိလှဘူးထင်ပါတယ်။ စေ့စပ်ပေးတဲ့အထဲမှာတော့ အီဂျစ်နိုင်ငံက အဓိကစေ့စပ်ပေးတယ်။ သူကတော့ ၂၀၀၇ ခုနှစ်လောက်ကတည်းက ငြိမ်းချမ်းရေး၊ ဒီဘက်မှာ စစ်ရေးပြန်မဖြစ်ရေးအတွက် အီဂျစ်ဘက်က အဓိကစေ့စပ်တယ်။ အီဂျစ်က အိမ်ရှင်လုပ်ပြီးတော့ ကာတာနိုင်ငံနဲ့ သူတို့ညှိနှိုင်းတယ်။ အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တော်နီ ဘလင်ကန်လည်း အဲဒီကို ရောက်နေတယ်။ ငါးကြိမ်မြောက် ဖြစ်နေပြီ။ တချို့ကလည်း ခန့်မှန်းကြတယ်။ အမေရိကန်ကလည်း ဒီကိစ္စမှာ Truce ခဏလေး ရပ်ကြပါအုံး။ စာနာမှုအကူအညီပေးဖို့အတွက် ပြောလိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ဘိုင်ဒန်အစိုးရရဲ့ မူဝါဒကလည် အပစ်ခတ်ရပ်စဲဖို့ လုံးဝပြတ်ပြတ်သားသား ထောက်ခံတယ်ဆိုတာ မဟုတ်ပါဘူး။ သူ့အစိုးရထဲမှာလည်း အပစ်ခတ်ရပ်စဲရေးကို မလိုလားတဲ့၊ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ရှိတယ်။ ကွန်ဂရက်မှာလည်း ရှိတယ်ဆိုတော့ သူတို့ နောင်လာမယ့် ရွေးကောက်ပွဲအတွက် တွက်ကောင်းလည်း တွက်မှာပေါ့။ အဲဒါကိုလည်း ချင့်ချိန်းပြီးတော့ အပစ်ခတ်ရပ်စဲရေးကိုလည်း မတင်မကျ သိပ်ရှင်းရှင်းလင်းလင်း တက်တက်ကြွကြွ လိုချင်တဲ့ပုံစံတော့ မတွေ့ရဘူးလို့ ပြောရင်မှန်မယ် ထင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်သူ တော်တော်များများ၊ တချို့ကလည်း အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုနေကြတာကို တွေ့ရပါတယ်။ ဆိုတော့ အပစ်ခတ်ရပ်စဲရေးကလည်း လောလောဆယ်မှာတော့ ဖြစ်မလာသေးပါဘူး။ မျှော်လင့်တော့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ အကောင်အထည် ဖော်မလာသေးပါဘူး။
မေး ။ ။ အခု ဒီလိုအခြေအနေမှာ သန်းနဲ့ချီတဲ့လူတွေအတွက် အဓိက အပစ်ခတ်ရပ်စဲရေးနဲ့ နောက် လူသားချင်းစာနာမှု ထောက်ကူမှု အကူအညီတွေပေးဖို့က အရေးတကြီး လိုအပ်နေတယ်ဆိုပြီးတော့ အကူအညီပေးတဲ့ အဖွဲ့တွေက ပြောပါတယ်။ ဒီလို လူသားချင်း စာနာထောက်ကူမှု ပြဿနာတွေ ပြေလည်ဖို့က ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ အဲဒါလည်း ပထမပြောခဲ့သလိုပဲ အပစ်ခတ်ရပ်စဲဖို့က အရေးကြီးတယ်။ အဲဒါမှသာ ဂိတ်တွေကို ဖွင့်ပေးပြီးတော့ စားနပ်ရိက္ခာတွေ၊ အကူအညီတွေ သယ်လာတဲ့ကားတွေက များများစားစား ဝင်လာနိုင်မယ်။ လောလောဆယ် အခြေအနေ အဆင်ပြေအောင်။ နောက်တခုကလည်း အဲဒီမှာ အကူအညီပေးနေတဲ့ အဖွဲ့ထဲမှာ UNWRA (United Nations Works and Relief Agency) - အဲဒီအဖွဲ့က ၁၉၄၈ အာရပ်-အစ္စရေး ပထမစစ်ပွဲပြီးကတည်းက အခြေအနေမဲ့ဖြစ်သွားတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေကို အကူအညီပေးဖို့ ဖွဲ့စည်းခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပါ။ သူတို့က ကူညီလာကြတယ်။ အခု အဲဒီအဖွဲ့ကို အစ္စရေးက စွပ်စွဲတယ်။ သူတို့ဆီကို ဝင်ရောက်ပြီးတော့ တိုက်ခိုက်ခဲ့တုန်းက အောက်တိုဘာတုန်းက တိုက်ခိုက်ခဲ့တုန်းက ဒီအဖွဲ့က လူတချို့ပါတယ်ဆိုပြီး အစ္စရေးဘက်က စွပ်စွဲလိုက်တယ်။ စွပ်စွဲတဲ့အတွက် အဲဒါကို လက်ခံခဲ့ပြီး နိုင်ငံတော်တော်များများ ၂၀-၂၁ နိုင်ငံတွေက အဲဒီအဖွဲ့ကို အကူအညီပေးတာတွေကို မပေးတော့ဘူးလို့ လုပ်လိုက်ကြတယ်ဆိုတော့ အဲဒီမှာ ခက်တာပဲ။ အဲဒီ့အကူအညီပေးရေးကလည်း ထိခိုက်မှု ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒီလို စွပ်စွဲတာက ဘယ်လောက်ထိ မှန်ကန်မှု ရှိပါသလဲ။
ဖြေ ။ ။ အဲဒါလည်း ပြောရခက်ပါတယ်။ အဲဒီအဖွဲ့မှာ ပါလက်စတိုင်းလူမျိုးတွေကို ရာထူးအလုပ်ခန့်ထားတာတော့ အများကြီး။ တချို့ပါဝင်တယ်ဆိုတယ်လို့ စွပ်စွဲကြတယ်ဆိုတော့ အဲဒါကိုလည်း ယုံကြည်ရခက်၊ မယုံကြည်ရခက်ပါပဲ။ အစ္စရေးဘက်ကတော့ အစကတည်းက ဒီအဖွဲ့ကို အမြင်မကြည်တာလည်းပါတယ်။ သူတို့ပါဝင်တယ်ဆိုတာကို နှစ်ဘက်တရားဝင် ကြားလူက သေရှာထိုင်ပြီးတော့ ဆုံးဖြတ်တာထက် ခုံရုံးဘာညာနဲ့ စစ်ဆေးတာမရှိတော့ စစ်ဖြစ်နေတဲ့ကာလမှာ အဲဒီလိုမျိုးတွေက စွပ်စွဲမှုတွေက ယတိပြတ်ပြောဖို့ သိပ်ခက်တယ်လို့ ပြောရမှာပေါ့။ ဒီဟာက အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းတဲ့အခါမှာ အဖြေရှာမှသာ အဖြေပေါ်လာလိမ့်မယ် ဖြစ်တယ်လို့ ပြောရမှာပါ။
မေး ။ ။ နောက်တခုက ဟားမက်စ်ကို ထောက်ခံတဲ့ ဟူတီသူပုန်တွေက အမေရိကန်တပ်တွေကို တိုက်ခိုက်နေတာလည်း ရှိပါတယ်။ ပင်လယ်နီထဲမှာ သင်္ဘောတွေကို တိုက်ခိုက်လာတာတွေ ရှိပါတယ်။ ဒီတော့ စစ်ပွဲကျယ်ပြန့်လာတဲ့ သဘောပါလား အနေအထားပါလား။
ဖြေ ။ ။ အခုတောင်ပဲ ကျယ်ပြန့်လာပြီလို့ ပြောလို့ရပါတယ်။ ဟူတီသူပုန်တွေ၊ နောက်ပြီးတော့ အီရန်က မြှောက်ပေးထားတယ်ဆိုတဲ့ အဖွဲ့တွေ။ အဲဒီအဖွဲ့တွေကို ဟားမက်စ်တွေဘက်က ဝင်ပြီးတော့ ဟားမက်စ်တွေကို တိုက်တဲ့နေရာမှာ ကူညီရကောင်းလာဆိုပြီးတော့ အစ္စရေးကို တိုက်တယ်။ အမေရိကန်က ကူညီရကောင်းလားဆိုပြီး အမေရိကန်စခန်းတွေကို တိုက်တော့၊ ဂျော်ဒန်မှာ အမေရိကန်စစ်သား ၃ ယောက်၊ သေတဲ့အထဲမှာ ပါသွားတယ်ဆိုတော့ အဲဒါကို အမေရိကန်က အတင်းဖိပြီး သူတို့ကို တိုက်နေတယ်။ အဲဒီတိုက်တဲ့နေရာမှာ အီရန် အားပေးထားတဲ့ အဖွဲ့တွေ အဓိကရှိတဲ့ အီရတ်၊ ဆီးရီးယားတို့ရှိတဲ့ ဟူတီနဲ့ အီရန်လိုလားတဲ့ အဖွဲ့တွေရဲ့စခန်းကို တိုက်တယ်။ နောက်ပြီးတော့ ဟူတီတွေ အဓိကရှိနေတာတော့ ယီမင်နိုင်ငံမှာ ဖြစ်တယ်။ ယီမင်ကိုလည်း တိုက်တယ်။ ယီမင်ကတော့ ပင်လယ်နီကို အဓိကလွှမ်းမိုးထားတယ်။ နောက်ပြီးတော့ Adan ပင်လယ်လည်း ယီမင်နိုင်ငံရဲ့ တောင်ဘက်ဆိုတော့ အဲဒီနှစ်မှာလာတဲ့ အမေရိကန်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေကို သူတို့က ပစ်တယ်ခတ်တယ်ဆိုတော့ အဲဒီမှာ အပစ်အခတ်က ပိုပြီးတော့ ကျယ်ပြန့်လာတဲ့သင်္ဘော ရှိတယ်ဆိုတော့ အခုကို တိုက်ပွဲက ကျယ်ပြန့်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတင်မကဘူး၊ အမေရိကန်ကပြောတယ် သူတို့က Tit-for-Tat ငါတို့ကိုတိုက်ရင် ငါတို့ပြန်တိုက်မယ် - အဲဒီလောက်ထိ ပြောပါတယ်။ ချဲ့ထွင်မယ့်စကားတော့ သူတို့ မပြောသေးပါဘူး။
မေး ။ ။ ဒါက အီရန်နဲ့ ထိပ်တိုက်တွေ့နိုင်ပါသလား။
ဖြေ ။ ။ အီရန်ကတော့ ငြင်းတယ်။ အီရန်ကတော့ ဒီလိုတိုက်ခိုက်တဲ့ထဲမှာ ငါတို့မပါဘူးလို့ ပြောတယ်။ ဒါပေမဲ့ တိုက်တဲ့လူတွေကတော့ အီရန်လိုလားတဲ့ ဟူတီတို့ ဘာတို့။ ငါတို့လက်ချက်တော့ သေချာတယ်။ ငါတို့တိုက်တာပဲလို့ ပြောတယ်။ တိုက်တဲ့လူကတော့ ငါတို့တိုက်တယ်လို့ပြောတယ်။ တိုက်တဲ့လူတွေကို အီရန်အကူအညီပေးတယ်ဆိုတာလည်း ဟုတ်တယ်။ သို့သော်လည်း အီရန်ကတော့ ငါတို့မပါဘူး၊ သူတို့သဘောနဲ့ သူတို့တိုက်တာလို့ ပြောတယ်။ ဆိုတော့ သူတို့ပြောပြတာက ဘယ်လိုဟာကို နမူနာပြသလဲဆိုရင် အီရန်ဘက်က ဖြေရှင်းချက်တခုကတော့ ဥပမာအားဖြင့် အောက်တိုဘာတုန်းက အစ္စရေးကို ဟားမက်စ်တွေ ဝင်တိုက်တုန်းက ဟားမက်တွေကို အီရန်က အကူအညီပေးထားတာ မှန်တယ်။ သို့သော်လည်း အဲဒီလို တိုက်ခိုက်တာကို ငါတို့ မသိခဲ့ဘူး။ သူတို့တိုက်လိုက်တာပဲလို့ ပြောတယ်။ အခု ဖြစ်နေတဲ့ကိစ္စမှာလည်း အီရန်က ငါတို့မပါဘူး၊ သူတို့ဘာသာသူတို့ တိုက်တာ။ သူတို့နဲ့ အဆက်အသွယ်ရှိတာတော့ ဟုတ်တယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါပြောဖို့က သိပ်ခဲယဉ်းတယ်ဆိုတော့ အီရန်ကလည်း ထိပ်တိုက်မတွေ့ချင်ဘူး။ အီရန်ကလည်း ဒီလိုရှောင်နေကတည်းက အမေရိကန်ကို ထိပ်တိုက်မတွေ့ချင်ဘူး။ တချိန်တည်းမှာ အမေရိကန်ကလည်း ထိပ်တိုက်တွေ့လိုတဲ့သဘော မရှိပါဘူး။ စောစောက ပြောခဲ့သလိုပါပဲ tit-for-tat ငါတို့ကို လာတိုက်ရင် ငါတို့ပြန်တိုက်မယ်၊ ဒါပဲ။ လုံးဝချဲ့ထွင်ပြီးတော့ အီရန်နဲ့ ရင်ဆိုင်စစ်တိုက်ဖို့ဆိုတာ အမေရိကန်ဆန္ဒလည်း မရှိဘူး ထင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်က ဂျိုဘိုင်ဒန် မှတ်မိပါလိမ့်မယ်။ အာဖဂန်က တပ်ဆုတ်လာပြီးနောက် သတိပေးခဲ့တယ်။ ဘယ်အမေရိကန် စစ်သားကိုမှ ကမ္ဘာမှာ စစ်မြေပြင်ကို မလွှတ်တော့ဘူး။ သွားမတိုက်ခိုင်းတော့ဘူးလို့ ရှိတယ်ဆိုတော့ အမေရိကန်က အီရန်နဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလိုဆို Proxy War တဆင့်ခံ တိုက်ပွဲတွေနဲ့ တိုက်နေတဲ့သဘော ဖြစ်နေပါတယ်။ တိုက်ပွဲတွေကတော့ ကျယ်ပြန့်လာတယ်။ ဘယ်လောက်ထိ ကျယ်ပြန့်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ လောလောဆယ်မှာ နှစ်နိုင်ငံ ထိပ်တိုက်ဖြစ်မယ့် အလားအလာတော့ မတွေ့ရသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီစစ်ပွဲတွေကနေပြီးတော့ ကမ္ဘာမှာ စီးပွားရေး အခြေအနေ ဂယက်ရိုက်လာနိုင်တာကကော ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ သိပ်အရေးကြီးပါတယ်။ အဓိက ပင်လယ်နီ အေဒင်ပင်လယ်ကလာပြီး ပင်လယ်နီထဲကိုဝင်တယ်။ ပင်လယ်နီထဲကနေ မြေထဲပင်လယ်ထဲကိုသွားဖို့ ဆူအက်တူးမြောင်းကို ဖြတ်ရတယ်။ ဆူအက်တူးမြောင်းက မြေထဲပင်လယ်နဲ့ ပင်လယ်နီကို ဆက်ထားတာ။ ဆိုတော့ ပင်လယ်နီမှာ သွားလို့မရရင်၊ ဆူအက်ကိုဖြတ်ပြီး သွားလို့မရတော့ဘူးဆိုတော့ အိန္ဒိယသမုဒ္ဒရာဘက်က လာတဲ့သင်္ဘောတွေနဲ့ မြေထဲပင်လယ်နဲ့ ပင်လယ်နီတို့ကလာတဲ့ သင်္ဘောတွေက ဖြတ်သန်းတိုတိုလေး မရှိတော့ဘူး။ တကယ်လို့ အဲဒါသာ လုံးဝပျက်သွားရင် အာဖရိကတိုက်ကြီးကိုပတ်ပြီး သွားရမယ်ဆိုတော့ မိုင်ပေါင်းများစွာ ဖြတ်သန်းသွားရမယ်ဆိုတော့ သယ်ယူပို့ဆောင်ခ စရိတ်စခ အစစအရာရာ အင်မတန် စျေးကြီးလာနိုင်တယ်။ လူတွေက ငြီးတွားနေကြပြီ - အဲဒီလို ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ သိပ်အရေးကြီးပါတယ်။ ကမ္ဘာ့စီးပွားရေးက အများကြီး အခက်ကြုံလာနိင်ပါတယ်။ ဟိုတုန်းက အာရပ်-အစ္စရေး စစ်ပွဲ ဖြစ်တုန်းက ဆူအက်တူးမြောင်းကို ပိတ်ခဲ့ဖူးတယ်။ ပင်လယ်နီကို မဟုတ်ဘူး။ အခုက ပင်လက်နီကို ပိတ်လိုက်တော့ ဆူအက်ကို ဝင်လို့မရဘူးဆိုတော့ အဲဒီကိစ္စတွေကြောင့် စီးပွားရေး အခက်အခဲ တွေ။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာက လိုလားကြတယ်။ သို့ပေမဲ့ အဓိက Crux of the problem က ပါလက်စတိုင်းကိစ္စ ဖြစ်နေပါတယ်။ ဒီကိစ္စ မပြေလည်ရင် ဂါဇာမှာ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
မေး ။ ။ ဒီတော့ ၂၀၂၄ အရှေ့အလယ်ပိုင်း ညီညွှတ်ရေးအလားအလာ မျှော်လင့်ချက်က ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ တည့်တည့်ပြောရရင်တော့ ဝေးတယ်လို့ ပြောရမှာပါ။ ၂၀၂၄ တင်မက ရေရှည်ကို လှမ်းကြည့်ရင်တောင်မှ ဒီငြိမ်းချမ်းရေးဟာ တော်တော်နဲ့ ပြေလည်မှာ မဟုတ်ဘူး။ ကျနော်တို့ အရင်ပြောခဲ့သလို အရှေ့အလယ်ပိုင်းမှာ ကမ္ဘာမှာ အရှေ့အလယ်ပိုင်းက ဟိုတုန်းကတည်းက အရေးကြီးတယ်။ တိုက်ကြီးသုံးတိုက်၊ မြစ်သုံးစင်း၊ ဥရောပ၊ အာရှ၊ အာဖရိကတိုက် တိုက်သုံးတိုက်စုံတဲ့နေရာ။ အဲဒီအသွားအလာ ကမ္ဘာမှာ ဟိုတုန်းကတည်းကလည်း အရေးကြီးတယ်။ နောက်ပြီးတော့ ရေနံ တွေ့လာတယ်။ ဆူအက်တူးမြောင်း ဖြစ်လာတဲ့အခါ ဆူအက်တူးမြောင်းကနေ ကုန်သွယ်ရတယ်။ နောက် ရေနံ တွေ့လာတဲ့အခါ ရေနံကြောင့် ပိုအရေးကြီးလာတယ်။ တနှစ်ထက်တနှစ် ပိုမိုအရေးကြီးလာတယ် ဖြစ်ပါတယ်ဆိုတော့၊ ဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာ အစကတည်းက အပြိုင်အဆိုင် လုခဲ့ကြတယ်။ ဟိုတုန်းကတည်းက ဒီမှာ Fertile Crescent လို့ခေါ်တယ်၊ Euphrates and Tigris မြစ်နှစ်ခုကြားမှာ အဲဒီနေရာက သဲကန္တာရကြားမှာ မြေဩဇာကောင်းတဲ့ ရပ်ဝန်းလေး ဖြစ်ခဲ့တယ်။ ဒီနေရာမှာ နေဖို့အတွက် မြောက်ပိုင်း-တောင်ပိုင်း အမြဲတမ်း စစ်တိုက်နေခဲ့တယ်။ အခုခေတ်အထိလည်း စစ်တိုက်လာတော့ အဲဒီဒေသ ငြိမ်းချမ်းအတွက် ပြေလည်နိုင်ပါ့မလားဆိုတာ သိပ်ခဲယဉ်းပါတယ်။ အခု အစ္စရေးနဲ့ အာရပ်စစ်ပွဲဆိုလည်း ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဖြစ်လာခဲ့တာ နှစ်နိုင်ငံထောင်လိုက်တော့ စစ်ပွဲဖြစ်ပြီး၊ ဘယ်တော့မှ ပြေလည်မှု မရရှိခဲ့ဘူးဆိုတော့ ၂၀၂၄ မှာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ နည်းနည်း ခဏယာယီ အသက်ရှူပေါက်လေးရအောင် အပစ်ခတ်လေး ရပ်ကြဖို့၊ ဒုက္ခသည်တွေကို ဘယ်လိုကူဖို့ လုပ်ကောင်းလုပ်နိုင်မယ်။ ငြိမ်းချမ်းရေးတော့ မမျှော်လင့်နိုင်ဘူးလို့ ပြောရပြီး၊ ရေရှည်တောင် မျှော်လင့်ဖို့ အလှမ်းဝေးတယ်လို့ ပြောရမှာပါ။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့ ကျေးဇူးတင်ပါတယ်ရှင်။