ရှမ်းမြောက်ထိုးစစ်နဲ့ တဆက်တည်း အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ ၂၀၂၄ မှာ ရပ်စဲပြီး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိလာနိုင်ပါသလား။ တရုတ်အပါအဝင် နိုင်ငံတကာကိုကော မြန်မာ့ပြဿနာပြေလည်ဖို့အတွက် တစုံတရာ အားကိုးအားထားပြုနိုင်ဖွယ် ရှိပါသလား။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ၂၀၂၃ တနှစ်တော့ ကုန်ခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့တပတ်တုန်းကတော့ ကျမတို့ ၂၀၂၃ မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို လွှမ်းခြုံသုံးသပ်ခဲ့ပါတယ်။ အခု လာမယ့် ၂၀၂၄ အတွက်ကော မှန်းမျှော်ကြည့်ရအောင်ပါ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ ၂၀၂၄ ကိို မှန်းမျှော်ကြည့်မယ်ဆို ဂရိလူမျိုးတွေရဲ့ ရှေ့ဟောင်းဆိုရိုးစကားတခု ရှိပါတယ်။ ခင်များတို့ရဲ့ အတိတ်ဟာ အရှေ့မှာရှိတယ်။ အနာဂတ်က အနောက်မှာတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်ကို မြင်ရတယ်ဆိုတော့ ၂၀၂၃ အတိတ်ကို မြင်ရတယ်၊ ပြောခဲ့ကြပြီးပြီ။ ၂၀၂၄ က အနာဂတ်ဆိုတော့ မမြင်ရဘူး၊ အနောက်မှာ ရှိတယ်ဆိုတော့ ဒါပေမဲ့ ခန့်မှန်းပြီးတော့ ပြောကြတာပေါ့။ ပထမဦးဆုံးတော့ သောတရှင်တွေကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ဆက်လိုက်ပါတယ်။
မေး ။ ။ ၂၀၂၃ အကုန်လောက်မှာ အောက်တိုဘာလအကုန်လောက်မှာ ဖြစ်ခဲ့တဲ့ ရှမ်းမြောက်ပဋိပက္ခတွေက ၂၀၂၄ မှာကော ချုပ်ငြိမ်းမယ့်အလားအလာ ရှိနိုင်မလား။
ဖြေ ။ ။ အခုလောလောဆယ် အလားအလာ မတွေ့ရပါဘူး။ ၂၀၂၃ အကုန် အောက်တိိုဘာမှာ ဖြစ်ခဲ့တဲ့ ထိုးစစ်ကလည်း တအုံးနွေးနွေး ဖြစ်ခဲ့ပြီး၊ ဝုန်းကနဲ့ ထပေါက်ကွဲတာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီနေရာမှာ မပေါက်ကွဲရင်တောင်မှ တနိုင်ငံလုံးရဲ့ တနေရာရာမှာ ပေါက်ကွဲလာမှာပဲ။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေက ပိုပြီးအင်အားကောင်းလာတယ်။ သူတို့မှာ လူထုထောက်ခံမှုလည်း ရလာတယ်။ သူတို့စိတ်ဓါတ်ရေးရာမှာလည်း သိပ်တက်ကြွလာတော့ တနေရာမဟုတ် တနေရာမှာ သူတို့က ထိုးဖောက်ပြီး တိုက်လာမယ့် အခြေအနေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ကတော့ ဆက်တိုက်နေမှာပဲလို့ ကျနော် ထင်တယ်။ အခုလည်းပဲ တနိုင်ငံလုံး ပြန့်နှံ့ပြီး ဖြစ်နေကြတာပဲ။ စစ်ကောင်စီဘက်ကလည်း သူတို့လည်း တိုက်မှာပဲ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဘာညာဆိုတာကို ဟိုနေ့ကတခါ ပြောလိုက်တာကို တွေ့လိုက်တယ်။ ဒါပေမဲ့ နှစ်ဆန်းတရက်နေ့မှာပဲ ဗမာသတင်းစာတွေ အစိုးရတရားဝင် သတင်းစာတွေထဲမှာ ဖော်ပြထားတဲ့ အယ်ဒီတာထံပေးစာလိုလို၊ ဘာလိုလိုက သိပ်အံ့သြဖို့ကောင်းတယ်။
ရှမ်းမြောက်၊ ကယား၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူးအချို့က တိုက်ပွဲတွေဆိုတော့ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ နှစ်ဘက်စလုံး အကျအရှုံး ရှိတယ်။ ဒီတိိုက်ပွဲတွေကို လုံးဝအလျှော့မပေးဘဲ ဆက်တိုက်ရမယ်။ သူ သုံးထားတဲ့ အသုံးအနှုန်းက ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမက်စ် စစ်ပွဲတွေကို နမူနာကြည့်ပြီးတော့ နောင် ခေါင်းမထောင်နိုင်အောင် ဆယ်နှစ်ဆယ်မိုး ဆက်တိုက် တိုက်ဆိုလည်း တိုက်ရမှာ ဖြစ်တယ်။ တိုင်းပြည်မှာရှိတဲ့ ခွန်အား၊ သယံဇာတ အရင်းအမြစ်အားလုံးသုံးပြီးတော့ ပုံအောတိုက်ရမယ်ဆိုပြီးတော့ ရေးထားတာကို တွေ့ရတယ်ဆိုတော့၊ ဒါက တနည်းအားဖြင့်ပြောရရင် အစိုးရသတင်းစာအာဘော်ထဲမှာ အတိအလင်းဖော်ပြထားတယ်ဆိုတော့ သူတို့ရဲ့အာဘော်ပါပဲ။ တဘက်က နိုင်ငံရေးနည်းအားဖြင့် အဖြေရှာဖို့ ပြောပေမဲ့၊ စစ်ရေးနည်းအားဖြင့်လည်း အလျှော့မပေးဘူး၊ တိုက်မယ်ဆိုပြီးတော့ အော်နေတာကို တွေ့ရတော့ တိုက်ပွဲတွေကတော့ ဆက်လက်ပြီး ပြင်းထန်နေအုံးမယ်လို့ပဲ ယူဆပါတယ်။ တိုက်ပွဲတွေ လျော့ပါးသွားမယ့် အလားအလာတော့ မတွေ့ရပါဘူး။
မေး ။ ။ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေ များလာတယ်။ လူသားချင်းစာနာမှု အကူအညီတွေ လိုလာတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ အထူးစိုးရိမ်စရာ ကောင်းပါတယ်။ စစ်ဘေးရှောင်တွေ သိပ်များလာတယ်။ သူတို့ အာဏာသိမ်းပြီးနောက် ဖြစ်လာတာပဲ။ ခြောက်သိန်း၊ ခုနှစ်သိန်း တစ်သန်းနီးပါး ရှိလာပြီ။ အရင်ရှိတာထက် အများကြီး ဖြစ်လာပြီဆိုတော့ အဲဒါက သိပ်သနားဖို့ ကောင်းပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို နေရာတွေမှာ သိပ်ပြီးတော့ အသွားအလာ ပြတ်တာတွေ မမြင်ရဘူး။ လုံခြုံရေး သတိထားရပေမဲ့။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့ဒေသက တိုင်းရင်းသားတွေရဲ့ဒုက္ခ၊ နယ်စွန်းနယ်ဖျားက ပြည်သူတွေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးဘက်ကလူတွေ သူတို့ရဲ့ဒုက္ခက သိပ်စာနာဖို့ကောင်းပါတယ်။ စာနာမှု အကူအညီလည်း မရောက်နိုင်ဘူး။ ဟန့်တားမှုတွေ ရှိနေတယ်။ အဲဒီဘက်တွေကို လွတ်လွတ်လပ်လပ်လည်း သွားလာခွင့် မရဘူး။ သူတို့အတွက် အထူးစိုးရိမ်စရာကောင်းပါတယ်။ လူတွေဟာ ပိုပြီးတော့ ဒီလိုဒုက္ခတွေ ကြုံရမယ်လို့ စိတ်မကောင်းစွာနဲ့ ယူဆရပါတယ်။ ခန့်မှန်းရပါတယ်။
မေး ။ ။ ဒါပေမဲ့ ရှမ်းမြောက်ကိစ္စမှာ တရုတ်ကနေ ကြားဝင်ဆောင်ရွက်တယ်ဆိိုတာ အခုဆိုရင် နှစ်ကြိမ်ရှိပြီလို့ သိရပါတယ်။ ဘာကြောင့် အောင်မြင်မှု မရသေးတာလို့ ထင်ပါသလဲ။
ဖြေ ။ ။ အဓိကတော့ တရုတ်ကို ဘယ်သူမှ မယုံဘူးလို့ တခွန်းတည်းပြောရင် ရမယ်ထင်တယ်။ နှစ်ဘက်လုံးက သိပ်ယုံတာ မဟုတ်ဘူး။ စစ်ကောင်စီက သူတို့အသက်ရှူပေါက် ရဖို့အတွက် တရုတ်ပဲ အားကိုးစရာရှိတယ် ဒီအချိန်မှာ။ သူတို့ သိပ်မွန်းကြပ်နေပြီ။ ဒီမှာ သတင်းစာထဲမှာ ဘယ်လောက်ပဲ ကြွားလုံးထုတ်ပြီးတော့ရေးရေး၊ အသက်ရှူမွန်းကြပ်နေပြီဆိုတော့ စစ်ကောင်စီအကြီးအကဲက နိုင်ငံရေးနည်းလမ်းကို ပြောခဲ့တာဖြစ်တယ်။ နောက် တရုတ်ကို အားကိုးပြီးတော့ စေ့စပ်ပေးပါလို့ သူတို့ပဲ လက်ရပ်ခေါ်ပြီးတော့ လုပ်ခဲ့တာ ဖြစ်တယ်ဆိုတော့ တရုတ်ကို အားကိုးတယ်။ သို့ပေမဲ့ သူတို့လည်း တရုတ်ကို အပြည့်အဝ ယုံကြည်မှု မရပါဘူး။ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေဘက်ကလည်း သူတို့က အားကိုးရတယ်။ ဒါပေမဲ့ ယုံကြည်တာတော့ မဟုတ်ပါဘူး။ အံ့သြဖို့ကောင်းတာက ကိုးကန့်လို အဖွဲ့အစည်းကို တရုတ်က ရပ်ပါလို့ပြောတာကို မရပ်တာဟာ သိပ်ပြီးတော့အံ့သြဖို့ကောင်းတယ်။ ဆိုတော့ တရုတ်က တကယ်ပဲ ထိထိရောက်ရောက်တားသလား။ နောက်ကွယ်မှာ သူတို့ ဘယ်လိုဆက်သွယ် နားလည်မှု ရှိနေသလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့လည်း မသိနိုင်ဘူး။ သို့သော်လည်းပဲ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက အခုအချိန်ထိ မထိရောက်သေးပါဘူး။ နောင်ကိုလည်း တရုတ်က ဒီအတိုင်းသွားနေရင်တော့ မရဘူး။ ဒီထက်ပိုပြီးတော့ ဘာလုပ်လာမလဲ။ ဒါက စိတ်ဝင်စားဖို့ကောင်းပါတယ်။ တရုတ်ကို ဘယ်သူမှ မယုံကြဘူး။ သို့သော်လဲ အသက်ရှူပေါက်ရအောင် နှစ်ဘက်စလုံးက အသုံးချဖို့ ကြိုးပမ်းနေကြသလို၊ တရုတ်ကလည်း ဒီအခြေအနေကို အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ပဲ ပြောရမှာပါ။
မေး ။ ။ ရှမ်းမြောက်ကစခဲ့တဲ့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ဒီကြားထဲက တိုက်ပွဲတွေ ၂၀၂၄ မှာ အားလျော့လာမယ့် အနေအထားကော ရှိပါသလား။
ဖြေ ။ ။ နှစ်ဘက်စလုံး စစ်ပန်းလာရင်တော့ တိုက်ပွဲပုံစံကတော့ နည်းနည်းလျော့ကောင်း လျော့နိုင်တယ်။ တချိန်တည်းမှာပဲ ကြွေးကြော်ထားတာတွေက သိပ်တင်းတင်းမာမာဆိုတော့ ဆက်ပြီးတော့ ဖြစ်ကောင်းဖြစ်နေအုံးမယ် ထင်ပါတယ်။ သို့သော်လဲ ပြည်သူတွေ အကျအရှုံး သိပ်ပြီးတော့များလာတယ်။ ဘေးလူတွေ သိပ်နာလာတာကို စာနာကြရင်လည်းကောင်း။ နောက်ပြီး သူတို့နှစ်ဘက်ရဲ့ စစ်အင်အား လက်ပန်းကျလာတဲ့အခါမှာလည်းကောင်း၊ စစ်ပန်းကျလာတဲ့အခါလည်းကောင်း အရှိန်တော့ လျော့ကောင်းလျော့နိုင်တယ်၊ ဒါပေမဲ့ ပြီပြတ်သွားမယ်လို့တော့ ကျနော် မထင်ပါဘူး။
မေး ။ ။ ဒါဆိုရင် ဒီတိုက်ပွဲတွေက နိုင်ငံရေးအရကော ပြေလည်နိုင်မယ့် အလားအလာ ရှိပါသလား။
ဖြေ ။ ။ နိုင်ငံရေးပြဿနာက အဓိကပါပဲ။ စစ်ဆိုတာ နိုင်ငံရေးပြဿနာ ပြေလည်မှုမရလို့ လက်နက်ကိုင် ဖြေရှင်းကြတဲ့သဘောပါပဲ။ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးကို အသုံးချပြီးတော့ ဒီစစ်အရှိန်လျော့အောင်တော့ ကြိုးပမ်းမှုတွေ ရှိကောင်းရှိလာနိုင်တယ်။ သို့သော်လဲ လုံးဝအဖြေပေါ်တဲ့အထိ ပြီပြတ်သွားတဲ့အထိတော့ နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းနိုင်အုံးမယ် မဟုတ်သေးပါဘူး။ စောစောကပြောခဲ့သလို နိုင်ငံရေးအရ ဖြေရှင်းပါလို့ပြောတယ်။ သူတို့ အသက်ရှူပေါက်ရအောင် ပြောတဲ့သဘောနဲ့ အဲဒီလိုမျိုးတွေ လုပ်ကောင်းလုပ်လာနိုင်တယ်။ နောက်တခုကတော့ တော်လှန်ရေးအင်အားစုတွေဘက်က အစကတည်းက ပြောခဲ့တာပါ။ သူတို့က နိုင်ငံရေးအရ ရပ်တည်လို့မရခဲ့လို့ လက်နက်ကိုင်ခဲ့တာ။ ပြည်သူတွေက အစကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတယ်။ ကန့်ကွက်ခဲ့ကြတယ်။ အဲဒါကို လက်မခံဘဲ၊ ပစ်လို့ သူတို့လည်း လက်နက်ကိုင်ရတယ်ဆိုတော့ သူတို့ဘက်ကတော့ ငြိမ်းချမ်းတဲ့နည်း တကယ်ရရင်တော့ လာမယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့ စစ်ကောင်စီဘက်က ဘာလုပ်လာနိုင်သလဲ၊ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားတယ်။ အဲဒီလိုလည်း ဖြစ်လာနိုင်တယ်။ ဆိုတော့ သူတို့တနည်းနည်းနဲ့ပေါ့။ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ။ သိပ်လက်ပန်းကျပြီးတော့ ထွက်ပေါက်လုံးဝမရတဲ့အခါ ဒီနည်းလည်းပဲ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့တာ၊ ပြစ်ဒဏ်မဟုတ်တဲ့ဟာတွေ - ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ကို လာဘ်ပေးလာဘ်ယူမှု လုပ်တယ်ဆိုတာ အာဏာနဲ့ သူဌေး မီလီယံနာ အချမ်းသာဆုံး ဖြစ်နေတဲ့လူတွေက အဲဒီ ဆင်းရဲနွမ်းပါးပြီး တဘဝလုံးကို စွန့်ထားတဲ့လူကို လာဘ်ပေးလာဘ်ယူမှုနဲ့ ရွှေလက်ခံတယ်ဆိုတာ ဘယ်လောက်ရယ်ဖို့ကောင်းသလဲ။ အဲဒီအမှုတွေကို ဖယ်ရှားလုပ်ပြလာနိုင်တယ်။ ပြစ်ဒဏ်လျှော့ပေါ့တယ်တို့ ဘာတို့ တနည်းနည်းနဲ့ အသုံးချကောင်း ချလာနိုင်ပါတယ်။ အဲဒီလိုနဲ့ ပြေလည်မှု ရနိုင်မလားဆိုတာကတော့ အပြီသတ်ပြေလည်မှုတော့ မဟုတ်ဘူး။ သို့သော်လည်းပဲ သူတို့ထွက်ပေါက်ရရုံ၊ နိုင်ငံရေးနည်းကို ကစားလာနိုင်တဲ့ အလားအလာတော့ ရှိမယ်လို့တော့ ထင်ပါတယ်။
မေး ။ ။ ဒါဆိုရင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းဖို့အတွက် အဓိက အခက်အခဲ၊ အဟန့်အတားတွေက ဘာတွေဖြစ်ပါသလဲ။
ဖြေ ။ ။ အခက်အခဲက တခွန်းတည်းပြောရရင်တော့ ယုံကြည်မှု မရှိကြတာပဲ။ Trust building - အခုနပြောတယ် နိုင်ငံရေးအရ ဖြေရှင်းမယ်လို့ ဒီဘက်က ပြောလာတယ်။ ဟိုဘက်က မယုံဘူးလေ။ သူတို့က ဒီလိုမျိုးပြောခဲ့တာတွေ များလှပြီ။ တခါမှလဲ စိတ်ရင်းစိတ်မှန်နဲ့ ပြောတာလဲ မဟုတ်ဘူး။ နိုင်ငံရေးဆန္ဒလည်း မရှိဘူး ဖြစ်နေတော့၊ ဒီဘက်ကလည်းပဲ ဒီလူတွေ ခွဲထွက်မလား ဘာညာ သူတို့မှာ အရင်တုန်းက သူတို့ရဲ့ကိုယ်ပိုင်အမြင် - စစ်တပ်ရဲ့ Perception on Burmese History - သိပ်ပြီးတော့ ဆန်းကျယ်တယ်။ တိုင်းပြည်ကို သူတို့စုစည်းထားတာ ဖြစ်တယ်။ သူတိို့ကိုင်ထားတာ ဖြစ်တယ်။ ဒီလို ပညာတွေပဲ ဆက်တိုက်သင်ပေးလာတာ ဖြစ်တယ်။ သူတို့မရှိရင် ပြည်ထောင်စု ကွဲထွက်သွားမယ်။ ဒီဟာက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နိုင်ငံရေးမှာ Perception is more important than reality ဆိုရိုး ရှိကြတယ်။ အမှန်လက်ရှိအခြေအနေ Reality ထက် Perception က အရေးကြီးနေတယ်။ အဲဒီလိုအမြင်နဲ့ စစ်တပ်က ဘယ်လောက်ပဲမှားယွင်းနေပေမဲ့ သူတို့က ဒီအမြင်နဲ့ ဆက်သွားနေကြတယ်။ ဆိုတော့ ဒီဟာကို ပြောင်းနိုင်ဖို့အတွက် ပညာရေး လိုတယ်။ စစ်တပ်ကလူတွေ၊ နောက်ပိုင်းမျိုးဆက်တွေမှာ ဒီလိုစိတ်ဓါတ်တွေ ရှိလာဖို့လိုတယ်။ အဲဒီလို မြင်တတ်ဖို့လိုတယ်။ နောက်ပြီးတော့ ဒီဘက်ကလည်း အလာတူစွာပဲ မြင်ဖို့လိုတယ်ဆိုတော့ အဲဒီလိုအမြင်မျိုးတွေ ရှိလာမှ ယုံကြည်မှု တည်ဆောက်ပြီးတော့ နိုင်ငံရေးပြဿနာ ရေရှည် မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အလျှော့ပေးလိုက်၊ ပြန်ဖြစ်လိုက် ဆက်လက်ပြီး ဖြစ်နေအုံးမယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်တခုက အခုဆိုရင် ပြည်သူတွေက နိုင်ငံတကာကို သိပ်ပြီးတော့ အားမကိုးတော့တာလည်း တွေ့ရပါတယ်။ အဲဒီတော့ နိုင်ငံတကာအနေနဲ့ ဒီအခြေအနေတွေကို ဘာမှမလုပ်နိုင်တော့ဘူးလား။
ဖြေ ။ ။ ပြည်သူတွေ အားမကိုးလောက်တာ သိပ်မှန်တယ်။ ပြည်သူတွေ မှန်ပါတယ်။ အားကိုးလို့လည်း မရဘူးလေ။ မြန်မာနိုင်ငံမှာ ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာလာပြီ။ စစ်ပွဲတွေကို ဘယ်နိုင်ငံကမှ အားကိုးလောက်တဲ့ အခြေအနေ မရှိဘူး။ ဆင်းရဲနွမ်းပါးပြီးတော့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု နှုန်းထားကလည်း ၁၈ သန်းလောက် ရှိတယ်ဆိုတော့ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရဆိုတော့ လူတွေရဲ့ သုံးပုံတစ်ပုံက ဆင်းရဲမှုလိုင်း Poverty Line အောက်မှာ နေနေကြတယ်ဆိုတော့ တဖြည်းဖြည်း တိုင်းပြည်ဆုတ်ယုတ်ကျဆင်းလာတယ်။ အခုမြို့ပေါ်မှာလည်း လောင်စာ စီးပွားရေး အခက်အခဲ၊ ကုန်ဈေးနှုန်း အခက်အခဲ၊ အကျပ်အတည်း အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းလာနေတယ်။ ဆိုတော့ ဒီဟာတွေကိုလည်း နိုင်ငံတကာကလည်း ဘာမှကယ်နိုင်တာ မဟုတ်ဘူး။ အဓိက လူသေတဲ့ စစ်ပွဲတွေကို ရပ်အောင်မဆောင်ရွက်နိုင်ဘူး။ နိုင်ငံတကာကလည်း ကမ္ဘာမှာ ဒီထက်အရေးကြီးတာတွေနဲ့ အလုပ်ရှုပ်နေတယ်။ သူတို့အကျိုးစီးပွား ပိုပြီးတော့ ပတ်သက်တဲ့နေရာတွေမှာ ပိုဦးစားပေးနေကြတယ်ဆိုတော့ မြန်မာနိုင်ငံကိုတော့ သူတို့ လှည့်ကြည့်ကြအုံးမှာ မဟုတ်ပါဘူးဆိုတော့ အားမကိုးလောက်ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ တိုင်းပြည်အခြေအနေက ဟုတ်ပါတယ် - အခုနပြောသလိုပါပဲ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က ကျဆင်းနေတယ်။ ပြည်သူတွေလည်း ခက်ခဲကျပ်တည်းနေတယ်။ ၂၀၂၄ မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါမလဲ။
ဖြေ ။ ။ ၂၀၂၄ တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်က မှုန်းဝါးဝါးပါပဲ - Gloomy - ၂၀၂၄ မကပါဘူး၊ ၂၀၂၄ အလွန်ထိလည်း အလင်းရောင် မမြင်ရသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်က မှောင်မိုက်ထဲမှာ စမ်းတဝါးဝါးနဲ့ သွားနေရဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဆင်းရဲဒုက္ခ အခက်အခဲတွေ ဆက်လက်ကြုံကြရလိမ့်အုံးမယ်လို့ပဲ စိတ်မကောင်းစွာနဲ့ ခန့်မှန်းမိပါတယ် မမြသဇင်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။