ကျနော်က စာရေးဆရာ၊ အယ်ဒီတာတယောက်ပါ။ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းတွေ ပြည့်လည်းပြည့်စုံ၊ အချိန်နဲ့တပြေးညီ လွှင့်ပေးနေ တဲ့ ဗွီအိုအေကိုလည်း အမြဲနားထောင်နေသူလည်းဖြစ်ပါတယ်။ အဲဒီမှာ ဗွီအိုအေက မနက်တိုင်းလွှင့်တဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲအပေါ် အယ်ဒီတာအမြင်ဆိုတဲ့ ကဏ္ဍကိုလည်း နားထောင်ဖြစ်ပါတယ်။
စာ၊ နယ်၊ ဇင်း သမားဆိုတော့ ပြည်သူတွေရဲ့ နားမျက်စိဖြစ်တယ်ဆိုတဲ့အဆိုနဲ့ညီစွာပါပဲ ပြည်တွင်းမှာရှိတဲ့ အယ်ဒီတာတွေ ပြောကြ၊ ရေးကြတာတွေဟာ အကြောင်းအရာစုံ၊ အချက်အလက်စုံတာကို တွေ့ရ ကြားရပါတယ်။ ကိုယ် သိ၊ မြင်၊ ထိတွေ့ ဖြတ်သန်းကြရတဲ့ အတွေ့အကြုံအရ ရေးကြတာဆိုတော့ အထူးပြောစရာမလိုပါဘူး။
တင်ပြတဲ့အချက်အလက်တွေ ကွဲလွဲချင်ကွဲလွဲမယ်၊ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို ဖယ်ရှားရေး စတဲ့အချက်တွေမှ ဘယ်သူမှ ကွဲလွဲတာ မတွေ့ရသလို ကြံ့ဖွံ့ပါတီရဲ့ မတော်သြဇာသုံးမှုတွေ၊ မလိမ့်တပတ်လုပ်ပြီး ကြိုတင်မဲယူတာတွေ၊ ကြံ့ဖွံ့ပါတီကို မဲထည့်ရင် လမ်းခင်းပေးမယ်ဆိုတာ တွေ စတဲ့ ကြံ့ဖွံ့ပါတီရဲ့ မကောင်း သတင်းတွေကိုလည်း အယ်ဒီတာတွေ ပြောသမျှ အမြဲပါနေတာပါပဲ။
ပြောရလောက်အောင်လည်း ခြေတံလက်တံက ရှည်ပါတယ်။ သူတို့မှာ လက်ရှိစစ်အစိုးရက ပံ့ပိုးကူညီပေးထားတဲ့ မရေမတွက်နိုင်တဲ့ ငွေတွေနဲ့ မဲဆွယ်စည်းရုံးရေးတွေကို မြန်မာပြည်အနှံ့ လိုက်လုပ်နေကြတာပါ။ ခြိမ်းခြောက်ပြီး မဲယူတာ၊ ငွေပေးပြီး မဲယူတာ၊ မသိ နားမလည်တဲ့ လူထုဆီက ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကြိုတင်မဲယူတာ ပြောရရင်တော့ ဆုံးမှာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးလုပ်တာ မလုပ်ရဘူးလားလို့ သူတို့ဘက်က မေးစရာရှိပါတယ်။ မလုပ်ရဘူးလို့ ဘယ်သူကမှ မပြောပါဘူး။ လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်သလဲဆိုတာတော့ ပြောစရာရှိလာပါတယ်။
အခု သူတို့သုံးပြီး မဲဆွယ်စည်းရုံးနေတဲ့ငွေတွေက ဘယ်က ငွေတွေလဲ။ ဘယ်သူမှ ဖြေမှာမဟုတ်ပါဘူး။ တကယ်တော့ အားလုံးသိကြတဲ့ အတိုင်း ပြည်သူ့ဘဏ္ဍာငွေတွေပါ။
အခြားပါတီတွေမှာ လက်ကမ်းကြော်ငြာတွေဝေဖို့တောင် အနိုင်နိုင်လုပ်နေရတဲ့အချိန်မှာ ကြံ့ဖွံ့တွေကတော့ တိုင်းပြည် ဘဏ္ဍာတွေသုံးပြီး ထင်သလို လုပ်နေကြတော့တာပါ။ ဒါပေမဲ့ ဒီနေရာမှာ တခုပြောချင်တာက သူတို့ ထင်ရာလုပ်နေတာ ကို ပြည်သူက လက်ခံမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ထိပ်တိုက်တွေ့တာမျိုးတော့ ဟုတ်ချင်မှဟုတ်မယ်။ အလိမ္မာနည်းတွေနဲ့ ရှောင်ထွက်ကြမှာတော့ သေချာပါတယ်။ ဒါကို ဘယ်အချက်တွေက သက်သေခံနေသလဲဆိုတာ ဆက်ပြောပါမယ်။
ကြံ့ဖွံ့ပါတီက လှည်းကူးမြို့မှာ မိသားစုတစုကို ငွေ ၁၅ သိန်းချေးမယ်၊ ၆ လကြာရင် ပြန်ဆပ်ရမယ်။ အဲဒီလိုချေးတဲ့အတွက် သူတို့ကို မဲပေးရမယ်။ လှည်းကူးမှာ တာဝန်ကျနေတဲ့ ကျနော့်မိတ်ဆွေ ကျောင်းဆရာမတယောက်က ပြောပြတာပါ။
ဒါနဲ့ ကျနော်က ငွေချေးယူတဲ့သူတွေ တော်တော်များလားလို့ မေးကြည့်ပါတယ်။ ယူကြလိမ့်မယ်လို့လည်း ကျနော်က ထင်ထားပါတယ်။ အဲဒီဆရာမ ပြန်ပြောလိုက်တဲ့စကားကြောင့် ကျနော် တော်တော်အံ့သြသွားပါတယ်။ တယောက်မှ မယူကြဘူးတဲ့။ ဒီပိုက်ဆံယူထားရင် သူတို့ကို ထိန်းချုပ်မှာ၊ မဟုတ်မတရားပြောခိုင်း လုပ်ခိုင်းမှာ၊ သူတို့စိတ်တိုင်းကျ မလုပ်နိုင်ရင် အန္တရာယ်ပြုခံရမှာ၊ လုပ်နေကျ ကိုင်နေကျ အလုပ်တွေကို ပျက်စီးအောင်လုပ်မှာ။ အဲဒါတွေကို ကြောက်လို့ မယူကြတာတဲ့။ သိက္ခာမရှိတဲ့ပါတီနဲ့ ကင်းကင်းနေကြတာ ကောင်းတယ် လို့ ပြောကြသတဲ့။
ဒါက ကြံ့ဖွံ့ကို အလိမ္မာနည်းနဲ့ ရှောင်သွားပုံ တခုပါ။ အလားတူဖြစ်ရပ် နောက်တခုလည်း ရှိပါသေးတယ်။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမှာ ရှိတဲ့ မေဓာဝီဈေးက အဖြစ်ပါ။ မေဓာဝီဈေးမှာရှိတဲ့ ဆိုင်ခန်းပိုင်ရှင် ဈေးသူဈေးသားတွေကို ကြံ့ဖွံ့က ငွေ ၆ သောင်းစီချေးမယ်၊ တနေ့ကို ၂ ထောင်ပြန်သွင်းရမယ်၊ တလအတွင်း အကြေဆပ်ရမယ်ပေါ့။ အတိုးမရှိ၊ ဘာမရှိ ချေးတာဆိုတော့ လက်လုပ်လက်စား ဈေးသည်တွေ က လိုချင်ကြတာပေါ့။ ဒါပေမဲ့ မယူကြဘူးတဲ့။ စောစောကလိုပဲ ကြံ့ဖွံ့ဆိုတော့ ဘာတွေမှန်း သိနိုင်တာမဟုတ်လို့တဲ့။ နောက်-ကြောက် လည်း ကြောက်ကြလို့တဲ့။ နေပါစေ၊ ဆားနဲ့ပဲ စားပါ့မယ်လို့ ပြောကြသတဲ့။
အခုပြောခဲ့တာတွေဟာ ကြံ့ဖွံ့အပေါ် ပြည်သူတွေရဲ့အမြင် တစိတ်တဒေသဖြစ်ပါတယ်။ ကြံ့ဖွံ့ကို လူထုက အယုံအကြည် မရှိပါဘူး။ ဘာမှ မတတ်နိုင်သေးလို့ ကြည့်နေရတဲ့သဘောပါ။ တချိန်ချိန်မှာတော့…..