ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရပါတယ်။ နယ်မြေ အနံှ့အပြားက မဲဆန္ဒရှင် ရှစ်ဦးကို ၂ဝ၁ဝ နဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံမေးမြန်း ထားတာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ဒီတွေ့ဆုံမေးမြန်းခန်းဟာ လုံလောက်တဲ့ တိကျနိုင်မှုနဲ့ အဝေးကြီးမှအဝေးကြီးပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတွေထဲက မဲဆန္ဒရှင်တွေဆိုတော့ လိုက်လံ စစ်တမ်းကောက်ယူဖို့ မလွယ်တဲ့ ခေတ် အခြေအနေကြီးထဲမှာ ဒီအထောက်အထားလေး ကြည့်ပြီးတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အထိုက်အလျောက်တော့ဖြင့် ခန့်မှန်းကြည့်လို့ ရနိုင်စရာပါပဲလို့ ထင်ပါတယ်။
အဲ့ဒီ ရှစ်ယောက်ထဲကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါ မကွေးတိုင်းထဲက နှစ်ယောက်က အဲဒီ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာကို ဘာမှ မသိဘူးတဲ့။ သူတို့ ရွာတွေမှာ ဥက္ကဋ္ဌတွေတော့ရှိလို့ သူတို့ပဲ သိကြမှာပဲထင်ပါရဲ့တဲ့။ ပေးဆိုလည်း ပေးလိုက်ရရုံပဲ ရှိတာပေါ့ ...လို့ ဆိုတဲ့သဘောမျိုး နှစ်ယောက်စလုံးက ပြောတာတွေ့ရတယ်။
ဧရာဝတီတိုင်းထဲက တစ်ယောက်ကတော့ ဘယ်နေ့ မဲထည့်ရမယ်ဆိုတာတောင်မှ မသိရှာသေးဘူးတဲ့။ သိရလို့ထည့်ရမယ် ဆိုရင်လည်း ခက်တော့အခက်သားလို့ တွေးတယ်ထင်ပါရဲ့။ ဟိုတစ်ခါတုန်းကလည်း ရွေးတော့ရွေးပေးခဲ့တာပဲတဲ့၊ ရွေးသာ ပြီးသွားတယ် ဘာမှ ထူးထူး ခြားခြား ဖြစ်ထွန်းမလာဘူးတဲ့။ သူ့ခမျာ ဟိုတစ်ခါ ၉ဝ တုန်းက ရွေးပေးခဲ့ပြီး ဘာမှဖြစ်မလာတာကို မေ့နိုင်သေးပုံမပေါ်ဘူး။
ရခိုင်ပြည်နယ်က ရေလုပ်သားတစ်ယောက်ကတော့ န၊ အ၊ ဖ ခေတ်ထဲမှာ နိုင်ငံရေးလုပ်မိလို့ အရေးယူ အဖမ်းအဆီး အနှိပ်အစက်ခံရသူ တစ်ယောက်ယောက်ကို တွေ့ထားမိလို့လားတော့ မသိပါဘူး ရွေးကောက်ပွဲအကြောင်း မေးတဲ့အခါ နိုင်ငံရေးနဲ့ မပတ်သက်ကြောင်း၊ ကင်းရှင်း ပါတယ် ဆိုတဲ့အကြောင်း ဇွတ်ကန်ပြီး အတင်းငြင်းတော့တာပဲ။ ပင်လယ်ထဲဆင်းမယ်၊ ပိုက်ဆံရမယ်၊ မိသားစုနဲ့ ဝဝလင်လင်စားမယ်။ ဒါပဲ သိတယ်တဲ့။ သူတို့ဆီက အေးချမ်းပါတယ်တဲ့။ ဘယ်နိုင်ငံရေးပါတီမှ လာပြီးတော့ မဲစည်းရုံးတာ မရှိပါဘူးတဲ့။ ခမျာမှာ ကြောက်ရှာလွန်းလို့ ခါးခါးသီးသီး ငြင်းလိုက်တာ...။
အဲ့ဒီ ရခိုင်ပြည်နယ်ကပဲ နောက်တစ်ယောက်ကတော့ အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခုခုကလားတော့ မသိပါဘူး။ သူကတော့ နိုင်ငံရေး နားမလည်ပါဘူးတဲ့။ ဒါပေမဲ့ တ၊ စ၊ ည ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးဖြစ်ဖြစ် လောလောဆယ် မျက်စိရှေ့ မြင်နေရတာကိုပဲ အားပေးလိုက်ရုံပဲ လို့ ဆိုတယ်။
နောက်ထပ် ဧရာဝတီတိုင်းထဲကနှစ်ယောက် ပြောတာကကျတော့ ဘယ်ပါတီမှ မထည့်ဘူးတဲ့။ သူတို့ရွာက လူနှစ်ယောက်ကို တစ်သီးပုဂ္ဂလ အမတ်စာရင်း တင်ထားပြီတဲ့။ ကိုယ့်ရွာကလူပဲ ကိုယ်မဲပေးမယ်၊ ဒါမှ ရွာတိုးတက်မှာပေါ့တဲ့ဗျ။ ဒါပေမဲ့ သူတို့နယ်က မဝင်နိုင်တဲ့ (၂) နေရာမှာ ကတော့ ကြံ့ဖွံ့ပဲ ရမှာပါလို့ ဆိုပြန်တယ်...ဆိုတော့။
သန်းနဲ့ချီတဲ့ မဲပေးနိုင်သူတွေကို ဒီ လူရှစ်ယောက်လေးပြောစကားနဲ့ ထောက်ပြီး ခန့်မှန်းလို့ ရနိုင်ပါ့မလားလို့ စောဒကတက်စရာရှိပေမဲ့ ရနိုင်တယ်လို့ပဲ ပြောပါရစေတော့။ ဘာကြောင့်ဆို ရွေးကောက်ပွဲကို ရွေးကောက်ပွဲမှန်း သိအောင် ဘယ်လောက်လုပ်ခွင့်ရှိလိုက်ကြလို့လဲ။ အခု ပါတီဖွဲ့ဟဲ့... ဖွဲ့ဟဲ့ ဆိုဖွဲ့၊ အခု အမတ်လောင်းစာရင်းတင်ဆို တင်၊ ဟော ခုပဲ ကျင်းပတော့မယ် ဆိုတော့ ဘယ်ပါတီက ဘာလုပ်ချိန် ရလိုက်လို့တုန်း။ ပြည်သူ့ ဘဏ္ဍာ၊ န၊ အ၊ ဖ အာဏာတွေ လှိုင်လှိုင်သုံးပြီး ဘုံးချင်တိုင်းဘုံး၊ ဝုန်းချင်တိုင်းဝုန်းနေတဲ့ ကြံ့ဖွံ့တစ်ခုတည်းပဲ စ မွေးကတည်းက လှုပ်ရှားမွှေနှောက် နိုင်ခွင့်ရှိခဲ့တာမဟုတ်လား။
ဒီတော့ ပြည်သူတွေက ရွေးကောက်ပွဲဆိုတာကိုသိသိမသိသိ၊ မဲလာပေးပေး မပေးပေး၊ ဘယ်ပါတီက ဝင်ပြိုင်ပြိုင်မပြိုင်ပြိုင်၊ ဒို့ပဲ အနိုင်ဆိုပြီး ဆင်ထားတဲ့အကွက်ကြီးပဲဟာကို။ ကြည့်လေ မဲဆန္ဒနယ်မြေတစ်ခုမှာ ယဉ်ပြိုင်မယ့်အမတ် မရှိရင် ရှိတဲ့ တစ်ယောက်တည်းက ရွေးကောက်ပွဲ ကျင်းပရန်မလို အော်တိုအမတ်ဖြစ်စေလို့ ဆိုထားမှတော့ဖြင့် ပြည်သူတွေက ရွေးကောက်ပွဲ သိသိမသိသိ၊ လူတစ်သောင်းပေးရမယ့်မဲရုံမှာ နှစ်ယောက်လောက်လာပေးလည်း အတည်ဖြစ်စေတဲ့ ရွေးကောက် ပွဲဥပဒေမှာ ပြည်သူတွေအနေနဲ့လည်း ဘာမှမည်မည်ရရ သိစရာ မလိုပေဘူးလို့ န၊ အ၊ ဖ က အသေအချာ ကွက်တိ တွေးထားပြီးသားပါ။
အဲဒီဂျာနယ်ထဲမှာပဲ နိုင်ငံရေးပါတီတစ်ခုက အမတ်လောင်းလေး ကျင်းပတဲ့ ဟောပြောပွဲလည်း ဖတ်လိုက်ရပါသေးတယ်။ ကြည့်ကြပါဦး အရပ်ကတို့ရယ်။ အဖြစ်က ဆိုးလိုက်သမှ ကမ်းကုန်ဆိုတာမျိုးပါပဲ။ ဟို ဝန်ကြီးချုပ်ဘဝက မကျွတ် မလွတ်သေးတဲ့ ဝန်ကြီးချုပ် ဆိုသဟာ ကြီးက မင်းခမ်းမင်းနားနဲ့ တိုင်းခန်းလှည့်ပြီး မဲဆွယ်နေချိန်မှာ ဒီအမတ်လောင်းလေးခမျာမှာတော့ သချိုင်းနောက်က ရပ်ကွက် ဘော်လီဘော ကွင်းလေးထဲက နေပူကဲျတဲအောက်မှာ နားထောင်သူ မည်မည်ရရမရှိလှတဲ့ ကသီလင်တ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲလေးကျင်းပပြီး စည်းရုံး လှုံ့ဆော်နေရရှာသတဲ့။ အဲဒီတော့ ဟောပြောနေတဲ့ အဲ့ဒီ အမတ်လောင်းလေးအတွက်သာမက တိုင်းပြည်ကြီးအတွက်ပါ ရင်ထုမနာ ဖြစ်လိုက်ရပုံများဆိုတာ ရင်နှင့်အမျှဖြစ်ရပါကြောင်းပါခင်ဗျား။