သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းမြို့နယ်ထဲ စစ်ဘေးရှောင်ထောင်ချီထွက်ပြေးနေရ


စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ မုန်းမြို့နယ် ရန်မျိုးအောင်ကျေးရွာ နေအိမ်တလုံးပျက်စီး
စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ မုန်းမြို့နယ် ရန်မျိုးအောင်ကျေးရွာ နေအိမ်တလုံးပျက်စီး

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ မုန်းမြို့နယ်ထဲမှာရှိတဲ့ ရန်မျိုးအောင်ကျေးရွာကို စစ်ကောင်စီက မေလ ၂၄ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် ဒေသခံ တထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ရန်မျိုးအောင်ကျေးရွာအပြင် အနီးနားကဒေသခံ သောင်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဒေသခံကျေးရွာတွေကို ဒရုန်းနဲ့ ထောက်လှမ်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မုန်းမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာက စောကဘောစေး နေအိမ် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ခလရ (၆၀) တပ်ရင်းကနေပြီးတော့ ကျနော်တို့ မုန်းမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ထုထည့်တာပေါ့။ အဲဒါကြောင့် အိမ်တွေထဲက တအိမ်မီးလောင်ပြီး ကျန်တဲ့အိမ်ကလူတွေက ရွာသားတထောင်ကျော်လောက်ကတော့ ထွက်ပြေးနေရတာပေါ့။ အခုချန်ထိ ထွက်ပြေးနေရတုန်းပါ။ အရင်ကလည်း ခလ၇ (၆၀) ကပဲ ဒီ ၂၁ရက်နေ့ကပဲ ညောင်ကုန်းကျေးရွာကိုပဲ ဒရုန်းနဲ့ ၂ကြိမ် ဗုံးကြဲပြီး လက်နက်ကြီး ၄လုံးနဲ့ ပစ်ထည့်သွားတယ်။”

အရင်တုန်းကတော့ ဒရုန်းအသုံးပြုမှုတွေကို စစ်တပ်က ကင်းထောက်သဘောမျိုးနဲ့သာသုံးခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသာ ဒရုန်းတွေကို သုံးလေ့ရှိတာပါ။ အခုအခါမှာတော့ စစ်တပ်ဘက်ကလည်း KNU ထိမ်းချုပ်နယ်မြေထဲက ကျေးရွာတွေပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေပါ အသုံးပြုလာတယ်လို့လည်း ပြောပါတယ်။

“အရင်တုန်းက ဒီဒရုန်းတွေကို PDF တွေပဲသုံးတာ။ စစ်တပ်ကတော့ ဒီဒရုန်းတွေကို ထောက်လှန်းရေးလုပ်ဖို့ပဲသုံးတာ။ အခုကျတော့ စစ်တပ်က တိုက်ခိုက်ရေး ဒရုန်းတွေ ဗုံးကြဲတာတွေပါ သုံးလာပြီ။”

အခုဆိုရင် စစ်ဘေးရှောင်တွေ နေ့စဉ်တိုးလာနေပြီး မုန်းမြို့နယ်ထဲက ရန်မျိုးအောင်ကျေးရွာက ဒေသခံတထောင်ပါဆိုရင် အနီးတဝိုက်မှာ ဒေသခံ တသောင်းကျော် ထွက်ပြေးနေရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

“အခုဆိုရင် မုန်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်တွေ၊ ထွက်ပြေးနေရသူတွေ တသောင်းခွဲကျော်သွားပြီ။ အဲဒီထဲက ကျွန်းတောတို့၊ တပ်ကုန်းတို့၊ ညောင်ပင်သာတို့ အဲဒီရွာတွေအားလုံး ထွက်ပြေးနေရတယ်။”

ရန်မျိုးအောင်ကျေးရွာဟာ အိမ်ခြေ ၁၅၀နီးပါးရှိပြီး လူဦးရေ တထောင်ကျော် နေထိုင်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကလည်း ဖမ်းဆီးမှုတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသလို အခုလို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထပ်မံ ထွက်ပြေးနေရပါတယ်။ အခုပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဒေသခံတွေက စစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုသလို ကရင်အမျိုးသား အစည်းအရုံး ဘက်ကလည်း စစ်တပ်ကလုပ်တာဆိုပြီး သတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG