အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမှု၊ အမုန်းပွားမှုတွေအတွက် နေရာမရှိဘူးလို့ သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။ Virginia ပြည်နယ် Charlottesville မြို့မှာ ၁ ယောက်သေဆုံးပြီး ၂၀ လောက်ဒဏ်ရာရခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေအပေါ် သမ္မတက ပြင်းပြင်းထန်ထန် ရှုံ့ချပြောကြားခြင်းမရှိဘူးလို့ ဝေဖန်ခံနေရချိန်မှာ သမ္မတ Trump ကခုလိုပြောကြားခဲ့တာပါ။ အမေရိကန်မှာ လူဖြူကြီးစိုးရေးဝါဒီတွေဖက်က အင်အားပြ အကြမ်းဖက်ခဲ့တဲ့အပေါ် ပြည်တွင်းမှာသာမက ပြည်ပကလည်း ဝေဖန်နေကြတဲ့အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
အသားအရောင်။ လူမျိုးခွဲခြားမှုဟာ အင်မတန်ယုတ်ညံ့တဲ့ မကောင်းဆိုးဝါးလုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ Virginia ပြည်နယ် Charlottesville မြို့မှာ စနေနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ပါတ်သက်လို့ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Jeff Sessions FBI ညွှန်ကြားရေးမှူး Christopher Wray တို့နဲ့စည်းဝေးအပြီး သမ္မတ Trump က ခွဲခြားမှု။ အမုန်းပွားမှုတို့အတွက် အမေရိကန်မှာ နေရာမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"အသားအရောင် လူမျိုးခွဲခြားမှုဟာ အင်မတန်ဆိုးဝါးယုတ်ညံ့ပါတယ်။ KKK လှုပ်ရှားသူတွေ။ နာဇီလက်သစ်တွေ။ လူဖြူကြီးစိုးရေး လိုလားသူတွေအပါအဝင် အမုန်းပွားအောင်လှုံ့ဆောင်နေတဲ့တခြားအဖွဲ့တွေဟာ ခွဲခြားမှုကိုအခြေခံတဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့ကြတဲ့အတွက် သူတို့ဟာ ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူရမ်းကားတွေဖြစ်ပါတယ်။ ဒီလူတွေဟာ အမေရိကန်ပြည်သူတွေ လေးစားတန်ဖိုးထားတဲ့စံတွေကို လက်မခံကြသူတွေဖြစ်ပါတယ်။ အားလုံးဟာ တန်းတူညီမျှတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး ဒီနိုင်ငံကို တည်ထောင်ထားတာပါ။ ဖန်တီးရှင်က အားလုံးဟာ ညီမျှတယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေအရ ဖွဲ့စည်းပုံအရ အားလုံးဟာတန်းတူညီမျှမှုရှိကြပါတယ်။"
စနေနေ့တုန်းက လူဖြူကြီးစိုးရေးဝါဒီတွေအပေါ် တန်ပြန်ဆန္ဒပြကြနေကြတဲ့ လူအုပ်ထဲကို လူတယောက်က ကားနဲ့အတင်းဝင်တိုက်ခဲ့လို့ အမျိုးသမီးတယောက်သေဆုံးခဲ့ရပါတယ်။ Ohio ပြည်နယ်က အသက် ၂၀ အရွယ် James Alex Field ဟာယဉ်တိုက်မောင်ပြေးမှု။ လူသတ်မှုတို့နဲ့ ဖမ်းဆီးခံထားရပါတယ်။ ဆယ်ကျော်သက်ထဲက နာဇီအားကျသူလို့ဆိုတဲ့ သူ့ကို တနင်္လာနေ့က ကနဦးရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံနဲ့လွှတ်ပေးဖို့ တရားရုံးက ငြင်းဆန်ခဲ့ပါတယ်။ စနေနေ့က အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက် ဒီဆန္ဒပြမှုတွေမှာ ဘက်ပေါင်းစုံက ပါဝင်နေတယ်လို့ သမ္မတ Trump ကပြောကြားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ လူဖြူကြီးစိုးရေးဝါဒီတွေအပေါ် သမ္မတက ပြင်းပြင်းထန်ထန် ရှုံ့ချပြစ်တင်ခဲ့ခြင်းမရှိဘူးလို့ Republican တွေရော Democrat တွေပါ ဝေဖန်ခဲ့ကြတာပါ။ Charlottesville မြို့ကို သေနတ်မျိုးစုံကိုင်ပြီး ချီတက်ဆန္ဒလာပြကြတဲ့ နာဇီလက်သစ်တွေ။ လူဖြူကြီးစိုးရေးဝါဒီတွေကို နိုင်ငံထဲကပါ ထွက်သွားဖို့ Virginia ပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe ကပြောကြားခဲ့ပါတယ်။
"အိမ်ပြန်သွားကြဖို့။ Charlottesville မြို့ထဲကနေ ထွက်သွားဖို့ Virginia ပြည်နယ်ထဲကနေထွက်သွားကြဖို့ပဲ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။အမေရိကန်ပြည်ထောင်စုထဲကနေ ထွက်သွားကြပါလို့ ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စု တိုက်ပွဲဝင် ရပ်တည်ခဲ့တဲ့ အခြေခံတန်ဖိုးတွေကို ခင်ဗျားတို့က လုံးဝ ကိုယ်စားမပြုပါဘူး။ ခင်ဗျားတို့ဟာ အမုန်းပွားသူတွေ။ ခွဲခြားသူတွေဖြစ်ပါတယ်။"
အမေရိကန်မှာ တောင်ပိုင်းနဲ့မြောက်ပိုင်းတိုက်ပွဲဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်တုန်းက ကျွန်စနစ်လိုလားတဲ့ တောင်ပိုင်းက Confederate တပ်တွေရဲ့ ဗိုလ်ချုပ်ကြီးတယောက်ဖြစ်သူ Robert E. Lee ရဲ့ကြေးရုပ်တု Charlottesville မြို့လည်က ပန်းခြံကြီးတခုထဲမှာရှိပါတယ်။ အဲဒီရုပ်တုကြီးကို ဖယ်ရှားပစ်ဖို့ မြို့အာဏာပိုင်တွေကဆောင်ရွက်နေတာ ကြောင့် မကျေနပ်ကြတဲ့ လူဖြူကြီးစိုးရေးဝါဒီတွေက Charlottesville မြို့ကို ချီတက်လာပြီး ဆန္ဒပြခဲ့ကြတာပါ။ နှစ်ပေါင်းများစွာအတွင်း လူဖြူဝါဒီအများဆုံး စုဝေးချီတက်မှုလို့ ပြောနိုင်တဲ့ ဆန္ဒပြပွဲကို တန်ပြန်ဆန့်ကျင်ဆန္ဒပြကြရာက အကြမ်းဖက်မှုတွေဖြစ်ခဲ့တာပါ။ လက်ယာစွန်းဝါဒီတွေရဲ့လုပ်ရပ်ဟာ စက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူ Steffen Seibert (Zai bert) ကပြောကြားခဲ့ပါတယ်။
"ဘယ်လိုမှ လက်မခံနိုင်တဲ့ လူမျိုးကြီးဝါဒ။ ဂျုးမုန်းတီးရေးဝါဒ။ အမုန်းတရားတို့ကို စက်ဆုပ်ဖွယ်အကောင်းဆုံးပုံစံနဲ့ ပြသခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုတွေ။ လုပ်ရပ်တွေက ဘယ်လိုမှလက်ခံနိုင်စရာ မရှိပါဘူး။ ရန်လိုနေတဲ့ လက်ယာစွန်းဝါဒီတွေကို ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်နေသူတွေနဲ့အတူ ဂျာမနီဝန်ကြီးချုပ်နဲ့ ဂျာမနီအစိုးရက အတူရပ်တည်နေပါတယ်။"
ခွဲခြားဆက်ဆံမှု။ အမုန်းပွားမှုနဲ့ အကြမ်းဖက်မှုတို့ကိုဆန့်ကျင်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့အတူ ဗြိတိန်နိုင်ငံရပ်တည်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကလည်းပြောကြားခဲ့ပါတယ်။ Charlottesville မြို့မှာ စနေနေ့က ဆန္ဒပြမှုတွေအတွင်း အသက် ၃၂ နှစ်အရွယ် Heather Heyer သေဆုံးခဲ့တဲ့အပြင် ၁၉ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယုံကြည်ချက်အတွက်သေဆုံးသွားတဲ့သမီးအတွက် ဂုဏ်ယူကြောင်း Heather ရဲ့မိခင်က ပြောပြီး သူ့သမီးကို အမှတ်ရစေဖို့ ညီမျှခြင်း တရားမျှတခြင်းတို့ဖက်က ဆက်ပြီးထောက်ခံလှုပ်ရှားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။