သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM ဆရာဝန်တချို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့်ငြင်းဆန်ကြသလဲ 


ဆရာဝန်တချို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့်ငြင်းဆန်ကြသလဲ
ဆရာဝန်တချို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့်ငြင်းဆန်ကြသလဲ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကူးစက်မှုတွေမြင့်တက်နေတဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ် ကုသရေးအတွက် ဆက်လက် လုပ်ဆောင်နေပေမယ့်၊ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးလို့ ဆရာဝန်တချို့က ပြောလိုက်ပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ဆရာဝန်တွေ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဘက်က ပြောကြားလိုက်ချိန်မှာပဲ ဆရာဝန်တွေဘက်က အခုလို တုံ့ပြန်လိုက်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဆရာဝန်တွေ ၊ သူနာပြုတွေ ဆေးဝန်ထမ်းတွေ အပါအဝင် နိုင်ငံတဝန်း အစိုးရဌာနအသီးသီးမှာရှိတဲ့ ဝန်ထမ်းတွေအတော်များများဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်ဆောင်လိုခြင်းမရှိတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အခုသီတင်းပတ်တွေအတွင်း နိုင်ငံတွင်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေ နဲ့ သေဆုံးမှုတွေ မြင့်တက်လာနေတဲ့အတွက် ရောဂါကူးစက်မှုတွေကို ကာကွယ် ၊ ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားလိုက်ပါတယ်။

NLD အရပ်သားအစိုးရလက်ထက် ကိုဗစ် ဒုတိယလှိုင်းအတွင်း ရန်ကုန်မြို့က ကိုဗစ်ကုသရေးစင်တာတွေမှာ ပရဟိတဝန်ထမ်းအဖြစ်နဲ့ လုပ်ဆောင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီး ဆရာဝန်တဦးကတော့ စစ်ကောင်စီလက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

“ စစ်ကောင်စီနဲ့ကတော့ ကျမတို့ ဆရာဝန်တွေအနေနဲ့ CDM တောင်လုပ်ခဲ့တဲ့အတွက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ ကျမအနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရသာ ပြန်ပြီးတက်လာရင် ကျမအနေနဲ့ volunteer အဖြစ် ရှေ့ဆုံးကနေ ချက်ခြင်းလုပ်မှာ။ အခု စစ်ကောင်စီကနေ ပူးပေါင်းလုပ်ဆောင်ဖို့မရှိဘူး။ ဒါပေမဲ့ ကိုယ့်လူနာတွေကို မကြည့်ပေးဘူးလားဆိုတာကတော့ မဟုတ်ပါဘူး။ ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ဆရာဝန် သူငယ်ချင်းတွေ အားလုံးက အွန်လိုင်းကနေ ဆေးကုသရေးဆိုင်ရာအကြံပေးချက်တွေကို တောက်လျောက်လုပ်ကိုင်နေပါတယ်။ ကျမဆို နားတောင် မနားရဘူး။ တနေ့တနေ့ ဖုန်းနဲ့ ပြောပြီး လူနာတွေကို ဆေးကုသရေး အကြံပေးနေရပါတယ်။”

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောကြားလိုက်တဲ့အပေါ် ရန်ကုန်မြို့က နောက်ထပ် ဆရာဝန်တဦးကလည်း ဗီအိုအေကို အခုလို ပြောပါတယ်။

“ CDM လုပ်တဲ့ ဆရာဝန်တွေမှာ အမျိုးမျိုးရှိတယ်။ ဥပမာ-နိုင်ငံရေးအရ ခံယူချက် ပြင်းထန်သူတွေရှိတယ်။ တချို့ကြတော့လည်း အဲလောက် မပြင်းထန်ပေမဲ့ မတရားဘူးဆိုတာကို မခံချင်တဲ့အတွက်ကြောင့် CDM ဝင်တဲ့ သူတွေလည်းရှိတယ်။ ကိုယ့်အလုပ်ကိုယ်ကို လုပ်ကြတာအကောင်းဆုံးပဲ။ စစ်သားက စစ်သားအလုပ်လုပ်၊ ဆရာဝန်ကလည်း ဆရာဝန် အလုပ်တာက အကောင်းဆုံးအဖြေပါပဲ။”

ဆရာဝန်တွေ သူနာပြုတွေ ဆေးဝန်ထမ်းတွေအတော်များများကတော့ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ချင်ပေမယ့်လည်း ရောဂါကူးစက်မှုတွေ ရောဂါကူးစက်နေသူတွေကိုတော့ အင်တာနက် အွန်လိုင်းကနေဖြစ်ဖြစ်၊ တယ်လီဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် လူကိုယ်တိုင်သွားပြီးတော့ ဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်က ကိုယ်နည်းကိုယ့်ဟန်နဲ့ ကုသမှုတွေ ပေးနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ပြောသလို၊ ဆရာဝန်တွေကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်ကောင်စီအနေနဲ့ တောင်းဆိုချက်တွေ၊ လိုအပ်ချက်တွေကို လိုက်လျော ဖြည့်ဆည်းပေးနိုင်ဖို့လည်း အရေးကြီးတယ်လို့မြင်ကြောင်း သူက ဆက်ပြောပါတယ်။
“ဆရာဝန်တော်တော်များများ အဖမ်းခံရတယ်။ ပြေးတဲ့သူတွေလည်း ပြေးနေရတယ်။ ပုဒ်မ တပ်ခံနေရသူတွေလည်း ရှိတယ်။ အားလုံးဝိုင်းပြီးတောင်းဆိုနေကြတယ်။ ပြန်လွှတ်ပေးပါလို့ ပြောတယ်။ ဒါပေမဲ့ ပြန်မလွှတ်ပေးတာတွေရှိတယ်။ နောက်တခုက ကိုယ်က လုပ်ငန်းခွင်ကို ပြန်ပြီးဝင်ရင် အရေးယူခံရမှာကိုလည်း ကြောက်ကြတယ်။ ယုံကြည်မှုမရှိတော့ တကယ်တန်း ကူပေးချင်တဲ့ သူတောင်မှ မသွားရဲဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီဘက်က ဆရာဝန်တွေကို အလုပ်ပြန်လုပ်ဖို့အတွက် ကန်ထရိုက်စနစ် ခေါ်ယူငှားရမ်းတာတွေ ရှိနေပေမယ့် အများစုကတော့ ပြန်လုပ်တာမရှိဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားခဲ့ချိန်က အခြေအနေနဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက် ရောဂါကာကွယ်ကုသရေး အခြေအနေတွေနဲ့ ကွာခြားပုံနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ အဆိုပါ အမည်မဖော်လိုတဲ့ အမျိုးသမီးဆရာဝန်က အခုလို ပြောပါတယ်။

“ဖေ့စ်ဘုတ် စကားနဲ့ ပြောရင်တော့ လွမ်းစရာကြီးပေါ့နော်။ ဒုတိလှိုင်း တုန်းကဆိုရင် ပြည်သူတွေရော၊ ဆရာဝန်တွေရော၊ စေတနာ့ဝန်ထမ်းတွေရော၊ အင်ဂျင်နီယာတွေပါ အကုန်လုံး က ဘဝမှ မမြင်ဘူးတဲ့ တက်ညီလက်ညီနဲ့ တခါမှ မကြုံစဖူး ထောက်ပံ့မှုတွေ နဲ့ facilities အပြည့်အစုံနဲ့ ဖြတ်သန်းခဲ့ရတယ်။ အခုချိန် အောက်စီဂျင်သယ်တာတောင် ဒီမနက် ကျမသူငယ်ချင်း သူ့အိမ်အတွက် အောက်စီဂျင်မှာထားတာ၊ သယ်လာတဲ့ ကားနှစ်စီးကို ဖမ်းသွားလို့ ဒီနေ့ သူတို့ မရလိုက်ဘူး။”


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၃၅၉ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၆၅၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၉၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါကြောင့် ပိုးတွေ့သူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၆,၇၅၆ ယောက်ရှိပြီဖြစ်ပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG